Monday 8 September 2014

စစ်တွေမြို့ ပါဒလိတ်ရွာတွင် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ


စစ်တွေမြို့ ပါဒလိတ်ရွာတွင် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
(နိရဉ္စရာ- ၈ စက်တင်ဘာ ၂၀၁၄) / ခိုင်ခိုင်ဇံ
OTTAMA-day
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ နယ် ပါဒလိတ်ကျေးရွာတွင် (၇၅) ကြိမ်မြှောက် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ် ပွဲတော်ကို စင်္တာဘာ ၆ ရက်မှ ၉ ရက်နေ့ အထိ (၄) ရက်ကြာ  ကျင်းပပြုလုပ်နေကြောင်း သတင်းရရှိသည်။

အနာဂတ် ရခိုင်လူငယ်များကို ဆရာတော်ဦးဥတ္တမကဲ့သို့  အမျိုးသားရေးတက်ကြွနိုးကြားလာစေရန်နှင့် ဇာတိသွေး ဇာတိမာန် ထက်မြက် ရှင်သန်စေရန် ရည်ရွယ်၍ ယခု အခမ်းအနားကို ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပွဲဖြစ်မြှောက်ရေး ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးသန်းလိုင်က ပြောသည်။

“ဆရာတော် ဦးဥတ္တမလို မဟုတ်မခံ၊ အမှန်တရားဘက်ရပ်တည် တိုက်ပွဲဝင်ရဲတဲ့ စိတ်ဓာတ်တွေ အနာဂတ် မျိုးဆက်သစ်လူတွေမှာ ရှိစေချင်တယ်။ ဒီလို စိတ်ဓါတ်မျိုးတွေကို အတုယူ အားကျစေလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ခုလို ကျင်းပ ပြုလုပ်တာ ဖြစ်ပါတယ်။ အဲလို့  ဖြစ်လာမှ ကျွန်တော်တို့ ရခိုင်ပြည်လည်း ပြန်လည် ဖွံ့ဖြိုးတိုးတက်လာမှာပါ” ဟု သူက ဆိုသည်။

ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားတွင် လူငယ်များအတွက် ပျော်ပွဲ ရွှင်ပွဲများ အဖြစ် သီချင်း ဆိုပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ ကျင်ပွဲ၊ ခြင်းလုံးပြိုင်ပွဲတို့ကို ကျင်းပ ပြုလုပ်နေကြောင်း သိရသည်။

ယခုပြုလုပ်သည့်ပွဲကို မှတ်တမ်းတင်ဗွီဒီယိုလည်းရိုက်ကူးထားမည်ဖြစ်ပြီး ပွဲတော်ပြီးစီးပါက အဆိုပါမှတ် တမ်းခွေများကို အခြားကျေးရွာများသို့လည်း ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ဦးသန်းလှိုင်က ပြောသည်။
“တခြားရွာတွေကပါ လိုက်ပါဆောင်ရွက်လာကြအောင်ဆိုပြီးတော့  ဖြန့်ဝေပေးဖို့စီစဉ်တာပါ” ဟု ယင်းက ဆိုသည်။

ဆရာတော် ဦးဥတ္တမသည် အင်္ဂလိပ်နယ်ချဲ့ အစိုးရကို ဆန့်ကျင်တော်လှန်ပြီး မြန်မာ့လွှတ်လပ်ရေးကို အရယူကြရန် နိုင်ငံရေး မျိုးချစ်တရားများကို မြန်မာပြည်တွင် စတင် တရားဟောကြားခဲ့သော ဆရာတော် တစ်ပါး ဖြစ်ပြီး  ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က ရန်ကုန်တွင် ပျံလွန်တော်မူသွားခဲ့သည်။
ဆရာတော် ဦးဥတ္တမကွယ်လွန်သည့်နေ့ကို ဦးဥတ္တမနေ့ အဖြစ်သတ်မှတ်ပြီး ကျင်းပလာခဲ့သည်မှာ ယခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် (၇၅) နှစ် ပြည့်မြောက်သည်။

ယခုပါဒလိတ်ကျေးရွာတွင် ဆရာတော် ဦးဥတ္တမနေ့ကို နှစ်စဉ် ကျင်းပလာခဲ့သည်မှာ ယခုအခါ (၂၅) ကြိမ် ရှိခဲ့ပြီ ဖြစ်သည်ဟု သိရသည်။

____ Narinjara News

0 comments:

Post a Comment