Sunday, 7 September 2014

မြန်မာ့လွတ်လပ်ရေးဗိမာန်ကို ပန္နက်ချခသူ အာဇာနည် မျိုးချစ်ပုဂ္ဂိုလ်

ဇင်လင်း။

“မြန်မာနိုင်ငံသူ နိုင်ငံသားရို့ မမိန့်သင့်မမိန့်အပ်သော နိုင်ငံအာဇာနီများအနက် ရှိဆုံးတန်းမှပါဝင်သော ရဟန်းအာဇာနည်တပါးဟိသည်ကို သင်သိပါ၏ လား”ဟုမိန်းလျှင် အေနိန့် ခေတ် အသက် (၃၀) အောက် လူငယ်ချေတိအများစုက အဖြေပီးနိုင်ကောင်းမှ ပီးနိုင်ပါလိမ့်မည်။


ဤသို့ဆိုရသည်မှာ ထိုရဟန်းအာဇာနီကြီး ပေါ်ထွန်းခသည်မှာ ဗြိတိသျှကိုလိုနီခေတ်ကဖြစ်၍ ဂနိန့်ခေတ် လူငယ်ရို့နှင့် အင်မတန်ချေပင်စိမ်းနီ၍ ဖြစ်သည်။ ထို့ပြင် နှစ်ကာလအားဖြင့် တွက်စစ်လျှင်လည်း ဆရာတော် ပျံလွန်တော်မူခသည်မှာ ဤစက်တင်ဘာ (၉) ရက်တွင် (၆၈) နှစ် ပြည့်မြောက်ခပါဗျာယ်။ ထိုရဟန်းအာဇာနီ ဆရာတော်၏ ဟောပြောရေးသားချက်များမှာ အာဏာသျှင်အဆက်ဆက်အား စိန်ခေါ်လျှက်ဟိသောကြောင့် အာဏာသိမ်း စစ်အစိုးရအဆက်ဆက်က ထိုရဟန်းအာဇာနည်၏ ဘွဲ့နာမကို သမိုင်းစာမျက်နှာထက်မှ ရည်ရွယ်ချက်ဟိဟိ ဖယ်ယှားထားခြင်း ဖြစ်သည်။ ဤအချက်သည် ခေတ်လူငယ်ရို့မျက်ခြီပြတ်လားရရေ အဓိကအချက် ဖြစ်ပါသည်။

သို့သော် သမိုင်းကို စိတ်ဝင်စား၍ စာဖတ်လေ့ဟိသော လူငယ်များအဖို့မူ ထိုဆရာတော်၏ ဘွဲ့နာမကို မှတ်မိနိုင်ပါသည်။ အထူးသဖြင့် “ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) ဟူသော ကြွီးကြော်သံကို အကြောင်းပြု၍ ဆရာတော်ကို မှတ်မိကြဖို့ထင်ပါသည်။ ထိုအာဇာနီအသျှင်မှာ “ဆရာတော် ဦးဥတ္တမ” ဖြစ်သည်။ ဆန်ရီစပါးနှင့် သယံဇာတမျိုးစုံပေါကြွယ်လှသော မြန်မာနိုင်ငံတွင် တိုင်းသူပြည်သားရို့ စားဝတ်နီရေး ခက်ခဲကျပ်တည်းကာဆင်းရဲဒုက္ခရောက်နီကြရခြင်းသည် “အစိုးရ ညံ့ဖျင်းလွန်း၍ ဖြစ်သည်” ဟု ၁၉၂၁ ခုနှစ် မတ်လ (၂၃) ရက်နေ့ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာ တရားပွဲ၌ “ဆရာတော် ဦးဥတ္တမ” က ဟောပြောခသဖြင့် ဗြိတိသျှစစ်ပုလိပ်ရို့၏ ဖမ်းဆီး အကျဉ်းချ ခံခရသည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် “ဆရာတော်သည် နိုင်ငံရေးအရ ဖမ်းဆီးထောင်ချခံရသော ပထမဦးဆုံး ရဟန်းအာဇာန်ီဖြစ်သည်၊ “ကရက်ဒေါက်” (Sir Reginlad Henry Craddock) သည် ထိုစဉ်က မြန်မာနိုင်ငံ ဒုတိယဘုရင်ခံဖြစ်သည်။

ဆရာတော်၏ ငယ်နာမည်မှာ “ပေါ်ထွန်းအောင်” ဖြစ်သည်။ အဘ ဦးမြနှင့် အမိ ဒေါ်အောင်ကျော်သူ ရို့မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရူပ ရပ်ကွက်၌ (၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာ ၁၄) တွင်ဖွားမြင်သည်။ အသက် (၁၅) နှစ် အရွယ်တွင် ကာလကတ္တားမှ တက္တသိုလ်ဝင်ခွင့် ဆယ်တန်းအောင်သည်။ ထို့နောက် ပခုက္ကူမြို့ ရေစကြို စာသင်တိုက်၌ ဗုဒ္ဓဘာသာ စာပီကျမ်းဂန်များသင်ယူသည်။ ၁၉၀၀ ပြည့်နှစ်တွင် ရဟန်းဝတ်ဖြင့် အိန္ဒိယနိုင်ငံ သို့ကြွရောက်၍ ကာလကတ္တားဟိ အိန္ဒိယအမျိုးသားကောလိပ်၌ ပါဠိ၊ သက္ကဋ၊ ဘင်္ဂါလီ၊ မာဂရီ၊ ရှေးဟောင်း ဟိန္ဒူစာပီများသင်ယူခသည်။ ထိုကျောင်း၌ပင် ပါဠိ ပါမောက္ခအဖြစ်လည်းဆောင်ရွက်ခသိမ့်သည်။

၁၉၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ တဆင့် ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီရို့ကိုခရီးလှည့်၍ နိုင်ငံတကာအရေး အရာများကို လေ့လာဆည်းပူးခသည်။ ဥရောပ၌ ဟိနီစဉ် ၁၉၀၅ ခုနှစ် ရုယှ-ဂျပန်စစ်ဖြစ်ရာ ဂျပန်က အနိုင်ရရေ သတင်းကို ကြားသိရ၍ အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်လာသော ဂျပန်နိုင်ငံအကြောင်းကို လေ့လာချင်စိတ် ဖြစ်လာသည်။ ယင်းကြောင့် ဆရာတော်သည် ၁၉၀၇ ခုနှစ်တွင် ဂျပန်နိုင်ငံသို့လားရောက်ကာ တိုကျို ဗုဒ္ဓဘာသာ တက္ကသိုလ်တွင် ပါဠိနှင့် သက္ကဋဘာသာဆိုင်ရာ ပါမောက္ခအဖြစ် (၄) နှစ်နီးပါး သင်ကြားပြသခပြီး မြန်မာနိုင်ငံ အပြန်ခရီးတွင် ကိုရီးယား၊ မန်ချူးရီးယား၊ တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံများသို့ ၀င်ရောက်လေ့လာခသည်။

၁၉၁၁ ခုနှစ် မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါ သူရိယသတင်းစာတွင် နိုင်ငံတကာ တိုးတက်ဖွံ့ဖြိုးမှု အခြေအနီ အထွေထွေကို နိုင်ငံသားများ ပညာဗဟုသုတရစီရန် ရွီးသားတင်ပြခသည်။ “၀ိုင်အမ်ဘီအေ” ကို စတင်ထူထောင်ခကြသော ဦးဘဘေ၊ ဦးမောင်ကြီး၊ ဦးဘရင်ရို့နှင့်၎င်း၊ သူရိယသတင်းစာ စတင် တည်ထောင်ခကြရေ ဦးဘကလေး၊ ဦးလှဖေ အစဟိသော ထိုခေတ် လူငယ် လူလတ်များနှင့်၎င်း၊ အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ရန် ဇာပိုင်နည်းနန့်ဆောင်ရွက်သင့်ကြကြောင်း နိုင်ငံရေးဆွေးနွေးမှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ခသည်။

ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးအမြင်မှာ မြန်မာနိုင်ငံကို အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးသို့ ဦးတည်သည်။ လွတ်လပ်ရေး မရနိုင်သိမ့်ခင်စပ်ကြား ‘ဟုမ္မရူး’ခေါ် ကိုယ့်တိုင်းပြည်ကို ကိုယ့်အမျိုးသားရို့ကိုယ်တိုင်အုပ်ချုပ်ခွင့်ရရေးကြိုးပမ်းအားထုတ်ကြဖို့လည်း ရွီးသားဟောပြောသည်။ ခေတ်ပညာတတ်လူငယ် လူလတ်များကိုလည်း ဟုမ္မရူးသဘောတရားစိတ်ဓာတ်များကို နားဝင်အောင် ဆွေးနွေးပြောဆိုသည်။ အထူး သဖြင့် အိန္ဒိယနိုင်ငံတွင်ဟိစဉ်က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံလွတ်လပ်ရေး ရရှိရန်ကိစ္စများကို ကွန်ဂရက်ပါတီ ခေါင်းဆောင်များနှင့် ဆွေးနွေးခဖူးသည်။ ဆရာတော်ကိုယ်တိုင်မှာလည်း မြန်မာဒေသခွဲ ကွန်ဂရက်ပါတီ အဖွဲ့ဝင်ဖြစ်သည်။

၁၉၁၂ ခုနှစ်တွင် ဆရာတော်သည် ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် လားရောက်ခသည်။ ဂျပန်တွင် ဆရာတော်သည် ပါဠိနှင့် သက္ကဋဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်နီစဉ် မြန်မာနိုင်ငံရေးရာကိစ္စများကို ဂျပန်ရောက် တရုတ်ကျောင်းသားများနှင့်ဆွေးနွေးခသည်။ တရုတ်နိုင်ငံသို့လည်း လားရောက်ခ၍ တရုတ်အမျိုးသားခေါင်းဆောင် ဒေါက်တာ ဆွန်ယက်ဆင်နှင့်လည်းတွိ့ဆုံသိကျွမ်းခသည်။ ဒေါက်တာ ဆွန်ယက်ဆင်နှင့် အာယှဒေသ လွတ်လပ်ရေးကိစ္စများ ဆွေးနွေးခွင့်ရခသည်။ ပထမ ကမ္ဘာစစ်ပြီးကာနီးတွင် ဆရာတော် မြန်မာနိုင်ငံသို့ပြန်ကြွလာသည်။ ထိုအချိန်မှ စတင်၍ မြန်မာလူထု နားမျက်စိပွင့်စီရန် နိုင်ငံတကာမှ ရခသော အသိပညာ ဗဟုသုတများနှင့် ယှဉ်တွဲ၍နိုင်ငံရေး တရားများဟောပြောခသည်။ ဆရာတော်၏ ဟောပြောချက်များမှာ စကားလုံးပြောင်ပြောင် ထိထိမိမိဟိလှသဖြင့် တရားပွဲတိုင်း တိုးမပေါက် အောင် စည်ကားသည်ဟု သိမှီသူများ မှတ်တမ်းတင်ခကြသည်။ ဆရာတော်၏ ဟောပြောချက် တရပ်မှာ ဤသို့ဖြစ်သည်--
“မြန်မာတိုင်းသူပြည်သားရို့စွာ ကျိုးနွံရေလို့ဆိုရေ အောက်တန်းကျစိတ်များကို ဖယ်ယှားပစ်ကြရဖို့။ မြန်မာတိုင်းသူပြည်သားတိစွာ စွမ်းရည်သတ္တိဟိကြောင်း၊ ပညာဟိကြောင်းနန့် မဟုတ်မခံ စိတ်ဓာတ်ကို ပြရဖို့။ ယင်းပိုင်ပြနိုင်ကေ ကျွန်တော်ရို့ကို တယောက်လည်းဖိနှိပ်စော်ကားဝံ့ဖို့မဟုတ်။ ဇာပိုင်အင်အား ကြီးလို့ ရက်စက်ကြမ်းကြုတ်ရေ အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနန့် တွန်းလှန် နိုင်ကြဖို့ဆိုကေ တာရှည်ခံနိုင်ဖို့ မဟုတ်ပါ။ ကိုယ့်ရည်မှန်းချက် အောင်စီချင်ကေ နောက်မတွန့်ကတ်ကေ့။ ကြောက်အားမပိုကတ်ကေ့၊၊ ဒုက္ခကို ပဓာနမထားကတ်ကေ့။၊ ဟုမ္မရူးရို့လွတ်လပ်ရေးရို့ဆိုစွာ ကျွန်တော်ရို့ရထိုက်ရေ ကမ္ဘာ့အမွီအနှစ်ကြီးများဖြစ်ရေ။ ဗျူရိုကရေစီဝါဒသမားတိက ဇာလောက်ပင် နှောင့်ယှက် နှောင့်ယှက် အမှန်ရအောင်လုပ်နိုင်ရေ သဘောမှန်စွာ တိုင်းသူပြည်သားရို့လက်ထဲမှာသာဟိရေ။”

ထို့ကြောင့်လည်း ဆရာတော် ဦးဥတ္တမအား ရှိဟောင်းအတွေးအခေါ်အယူအဆတကို ပယ်လှန်သူ၊ ၀ံသာနုစိတ်ဓာတ် တက်ကြွအောင်လှုံ့ဆော်သူအဖြစ် ထိုခေတ်လူထုက လက်ခံထားခသည်။ ၄င်းအပြင် မြန်မာနိုင်ငံ ၀ံသာနု အမျိုးသားရေးလှုပ်ယှားမှု စတင်ဖေါ်ဆောင်ခရေ ‘ဂျီစီဘီအေအသင်းကြီး’ ၏ နိုင်ငံရေးလှုပ်ယှားမှုများ အောင်မြင်စီရန်အတွက်လည်း ဆရာတော်က များစွာအထောက်အကူပြုခသည်။

“ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) ဟူသော ကြွီးကြော်သံကို အကြောင်းပြု၍ ဆရာတော်နာမည်သတင်း ပိုမိုပေါ်လွင် ထင်ရှားလာသည်။ ဆရာတော်၏ ဟောပြောမှုများကြောင့် အမျိုးသားရေးလှုပ်ရယှားမှုလည်း ပိုမိုအယှိန်ရလာသည်။ လူထုအများ နိုင်ငံရေး နိုးကြားလာလျှက် ၀ံသာနု အသင်းများလည်း တိုးတက်များပြား လာသည်။

သူရိယသတင်းစာကလည်း ဆရာတော်၏ ဟောပြောမိန့်ကြားချက်များကို ထောက်ခံရွီးသားခသည်။ ဆရာတော်၏ အတွေးအမြင်သစ် ဆောင်းပါးများကိုလည်း သူရိယသတင်းစာက တခန်းတနားဖေါ်ပြခသည်။ သူရိယသတင်းစာတိုက်ကို ဆရာတော်၏ ဌာနချုပ်ဟုပင် ထိုခေတ်က သတ်မှတ်ကြသည်။ “ဗုဒ္ဓသာသနာ စည်ပင်တိုးတက်စီရန် ဦးစွာပထမ ကျွန်ဘ၀က လွတ်အောင်လုပ်ရမည်” ဟု ဆရာတော်က ဟောပြောသည်။ “ထို့ကြောင့် အမျိုး ဘာသာ သာသနာအကျိုးအတွက် ‘သံဃသမဂ္ဂီများ’ ထူထောင်ဖွဲ့စည်း၍ လွတ်လပ်ရေး ရအောင်ဆောင်ရွက်ကြရမည်” ဟု ဦးဥတ္တမကမိန့်ကြားသဖြင့် နိုင်ငံအနှံ့တွင် သံဃသမဂ္ဂီများပေါ်ထွန်းလာကာ၊ နိုင်ငံရေးတရားဟောပြောရေ သံဃာတော်များတိုးပွားလာခသည်။

ဆရာတော် ဦးဥတ္တမ၏ ဟောပြောချက်တခု၌ “အေတိုင်းပြည် သူတပါးလက်အောက်ခံ ကျွန်နိုင်ငံဖြစ်နီကေ အေတိုင်းပြည်က လူမျိုးစွာလည်း ကျွန်လူမျိုး၊ အေလူမျိုးကိုးကွယ်ရေ ဘာသာစွာလည်း ကျွန်ဘာသာ ကျွန်သာသနာ ဖြစ်ဖို့။ ယင်းကြောင့် ကျွန်ဘာသာ ကျွန်သာသနာအဖြစ်က လွတ်အောင် သံဃာတော်များ ကျောင်းတွင် ကျိန်းအိပ်မနီကြဘဲ သံဃသမဂ္ဂီအဖွဲ့များ ဖွဲ့ပြီး အေတိုင်းပြည် အေလူမျိုး လွတ်လပ်အောင် ဆောင်ရွက်သင့်ကြရေ” စသည်ဖြင့် ပွင့်ပွင့်လင်းလင်း ဟောပြောခသည်။

ဤသို့ ဆရာတော်၏ ၀ါယမစိုက်ထုတ်မှုကြောင့် ၁၉၂၁ ခုနှစ် ဇူလိုင် (၁) ရက် (၂) ရက်တွင် သံဃသမဂ္ဂီအဖွဲ့ ပေါင်း (၃၀) ကျော်မှ ကိုယ်စားလှယ်များအစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပနိုင်ခသည်။ ဆရာတော် သံဃာတော်များ ဂျီစီဘီအေ အသင်းခေါင်းဆောင်များအပါအ၀င် ရဟန်းသျှင်လူ ပရိသတ်ငါးရာကျော် တက်ရောက်ခသည်။ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာတရားပွဲအပြီး ဆရာတော် ဦးဥတ္တမအား နိုင်ငံရေး လုပ်မှုဖြင့် ထောင်ဒဏ် အပြစ်ပီးလိုက်သောအခါ ရဟန်းသျှင်လူ ပြည်သူအများ မခံမရပ်နိုင်ဖြစ်ကြရသည်။ ဆရာတော်ကို အကြောင်းပြု၍ ‘ဂျီစီဘီအေ’ အသင်းကြီးကို လူထုကပိုမိုထောက်ခံ အားပီးလာခသည်။

ဆရာတော်သည် ပထမအကြိမ်ထောင်ကျရာမှ ပြန်လွတ်လာပြီးနောက် တပြည်လုံးလှည့်လည်၍ နိုင်ငံရေးတရားများ ဟောကြားခပြန်သည်။ “အင်္ဂလိပ်ပစ္စည်းကို သပိတ်မှောက်ကတ်။ အင်္ဂလိပ်ဆိုင်တိကို သပိတ်မှောက်ကတ်။ တိုင်းရင်းဖြစ် ပစ္စည်းကိုဝယ်ယူအားပီးကတ်။ တိုင်းရင်းသားဆိုင်တိမှာ ၀ယ်ယူ အားပီးကတ်။ ငါရို့ လူမျိုးတိ ညီညွတ်မှ လွတ်လပ်ချမ်းသာဖို့။ ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေးရအောင် တောင်းဆိုကြိုးပမ်းကတ်။ ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!)” စသော ကြွီးကြော်သံများ ကြောင့် ၁၉၂၄ ခုနှစ် ရန်ကုန် ကျုံးကြီးလမ်း နန်းတော်ရုပ်ရှင်ရုံတရားပွဲအပြီး ဒုတိယအကြိမ် အဖမ်းခံရပြန်သည်။ အင်္ဂလိပ်အစိုးရကို အကြည်ညိုပျက်စီအောင် ဟောပြောကြောင်း ပြစ်မှုထင်ရှားသည်ဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် အပြစ်ပီးခံရသည်။

မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်လှန်လေ့လာရေ အခါတိုင်း ၀ိုင်အမ်ဘီအေ ခေါ် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း၊ နောင် ဂျီစီဘီအေ ခေါ် မြန်မာအသင်းချုပ်ကြီး၏ ကြိုးပမ်းအားထုတ်မှုများကို ချန်လှပ်ထား၍ မရနိုင်ပါ။ ထို မြန်မာအသင်းချုပ်ကြီး တိုးတက်ကျယ်ပြန့်လာအောင် အထောက်အကူပြုပီးခရာတွင်လည်း သံဃာတော်များနှင့် သံဃာ့သမဂ္ဂီအဖွဲ့များ၏ ထောက်ခံအားပီးမှုများမှာ အဓိကနီရာမှပါဝင်ပါသည်။ ထိုသို့သံဃာတော်များ တိုင်းကျိုးပြည်ကျိုးဆောင်ရာ၌ ရှိတန်းမှ တက်တက်ကြွကြွပါလာအောင် အဦးဆုံး ဟောပြောခသော ဆရာတော်ကား ဦးဥတ္တမပင်ဖြစ်သည်။ ဗုဒ္ဓ၏ စာပီကျမ်းဂန်များကိုသာ သင်အံလေ့လာလျှက် တရားဘာဝနာပွားများနီကြကုန်သော သံဃာတော်ရို့အနီဖြင့်ဆရာတော် ဦးဥတ္တမ၏ နိုင်ငံတကာ အတွိ့အကြုံများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဟောပြောချက်များကို လက်ဦးတွင် နားမ၀င်နိုင်ခကြပါ။ နောင်နှစ်အင်မတန်ချေကြာသောအခါ ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးတရားများမှာ စကားဝေါဟာရအရ မာကြောသော်လည်း လက်တွိ့ အနှစ်သာရအရ အမျိုးဘာသာ သာသနာအတွက် အမှန်ပင်အကျိုးပြု ကြာင်း သိမြင်လာကြ၍ ၀န်းရံထောက်ခံလာကြသည်။

ထိုစဉ်က ဆရာတော် ဦးဥတ္တမနှင့် သူရိယသတင်းစာရို့သည် ၀ိုင်အမ်ဘီအေအသင်းကို ပြည်သူတရပ်လုံး ထောက်ခံအားပီးလာအောင် စိုက်လိုက်မတ်တတ် လှုံ့ဆော်ရွီး သာခသဖြင့် အမျိုးသားရေးစိတ်ဓာတ်များ တက်ကြွလာခသည်။ ဦးဥတ္တမ၏ ရိုးသားမှု၊ ကိုယ်ကျိုးမငဲ့မှု၊ တိုင်းပြည်နှင့် လူထုအကျိုးကိုသာ ရှေးရှုမှု ရို့ကြောင့် ဆရာတော်ကို စံထားကာ သံဃာအများ မြန်မာအသင်းချုပ်ကြီး၏ လှုပ်ယှားမှုများတွင် ပါဝင်လာကြသည်။ အစည်းအဝေးများ၊ ကွန်ဖရန့်များတွင် သံဃာတော်များပါဝင် ဆွေးနွေးဟောပြော လာကြသည်။ သံဃာ့သမဂ္ဂီအဖွဲ့များ ဖွဲ့စည်းကာ နိုင်ငံအရေးအရာများ၌့ ပါဝင်ဆောင်ရွက်လာကြသည်။

အထက်တွင်ဆိုခရေအတိုင်း ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ကရက်ဒေါက်၏ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်ကာ ၀ိုင်အမ်ဘီအေကို ထောက်ခံလျှက် ဟုမ္မရူးတောင်းဆိုဟောပြောခသည်။ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်တွင် အမတ် (၁၀၃) နီရာ ရာထားသော်လည်း (၇၉)ဦးသာ ရွီးကောက်ခံဖြစ်သည်။ ကျန်သူရို့မှာ ဘုရင်ခံခန့် ဗျူရိုကရက်များဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ်နှင့် ဗျူရိုကရက်ရို့ တွဲဖက်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဥပဒေပြုကောင်စီတွင် အဆိုတခုတင်ရာ၌ ပြည်သူ့ကိုယ်စားလှယ်ရို့ မဲအများစုရ၍ နိုင်သော်လည်း ဘုရင်ခံ သဘောမတူလျှင် (ဗီတို) ဖြင့်ပယ်ချခံရတတ်သည်။

ထို့ကြောင့် ၁၉၂၂ ဇူလိုင် (၁၅) (၁၆) ဂျူဗလီဟောအစည်းအဝေးတွင် ဆရာတော်ဦးဥတ္တမက--- “ဒိုင်အာခီ အုပ်ချုပ်ရေးစနစ်သည် ဗျူရိုကရေစီ အုပ်ချုပ်ရေးဖြစ်သဖြင့် ပြည်သူကို မတိုင်ပင်ဘဲ ဗျူရိုကရက်ရို့က စီမံ အုပ်ချုပ်သောစနစ်ဖြစ်သည်” ဟု ထောက်ပြခသည်။ “ပြည်သူ့ကိုယ်စားလှယ် (၇၉) ဦးသည် အာဏာပါဝါ မဟိသော ရုပ်ပြလှည့်စားမှုသာဖြစ်သည်။ ပြည်သူကသဘောတူ၍ ဆာင်ရွက်လီဟန် ပရိယာယ် ဆောင်သော အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ထို့ကြောင့် ဒိုင်အာခီရွီးပွဲမ၀င်သင့်။ ဒိုင်အာခီကောင်စီ၌ မပါသင့်။ ဒိုင်အာခီကောင်စီဝင်၍ ပူးသတ်ရေး လုပ်ရန်မဖြစ်နိုင်။ ဗျူရိုကရက်တို၏ သြဇာကိုမလွန်ဆန်နိုင်” စသည်ဖြင့် ဆရာတော်က ယှင်းပြခသည်။ မှတ်သားအားတက်ဖွယ် ဆရာတော်၏ မိန့်ခွန်းမှ ကောက်နှုတ်ချက်တခုမှာ ဤသို့ဖြစ်သည်။

“ဟုမ္မရူးအတွက် ကြိုးစားကြရာမှာ ကြောက်လန့်စိတ်တိ မထားကတ်ကေ့။ ကြောက်မွီးပါကေ ဇာဂနာနန့် နုတ်ပစ်ကတ်ရဖို့်။ ခိုးရဖို့ ဒိုင်အာခီကောင်စီ ၀င်ရဖို့မှာသာ ကြောက်။ ကျေးလက်က ဒကာတိ သူကြီးကို မကြောက်ကတ်ကေ့။ သူကြီးတင်မက မြို့အုပ်ဝန်ထောက်လည်း ကြောက်ဖို့မလို။ သူရို့ထက် ကြီးရေ ဘုရင်ခံ ဆိုစွာကိုလည်း ကြောက်စရာမဟိပါ။ ကိုယ့်တိုင်းပြည်ကို ကိုယ့်လူမျိုး အုပ်ချုပ်ရအောင် ဘုရင်ခံနန့်ဗျူရိုကရက် တိကို နှင်ထုတ်ကတ်ရဖို့်။ ကရက်ဒေါက် ထွက်လား! ” လို့ ဦးဥတ္တမက ဂျူဗလီမှ ထပ်ပြီး အမိန့်ပီးနီသည်။

ဆရာတော်ဦးဥတ္တမနှင့် ဂျီစီဘီအေခေါင်းဆောင်များက ဟုမ္မရူးကိုယ်ပိုင်အုပ်ချုပ်ရေးပီးရန်၊ သဿမေဓ လူခွန် ဖျက်သိမ်းပီးရန်၊ လယ်ယာမြီ အခွန်အကောက်များ လျှော့ချပီးရန်၊ အဓိကထား၍ ဟောပြော တောင်းဆိုခကြသည်။ အင်္ဂလိပ်အစိုးရက ၁၉၃၀ ဆရာစံသူပုန် ဖြစ်ပေါ်ရခြင်း ကိစ္စကို ပြန်လှန်သုံးသပ်ရာ၌ ဆရာတော်ဦးဥတ္တမ၏ ဟောပြောချက်များကို အကြောင်းရင်းတချက်အဖြစ် ထည့်သွင်းထားသည်ကို တွိ့ရသည်။ ကိုယ်ကျိုးမငဲ့ တိုင်းပြည်နှင့် လူမျိုးလွတ်လပ်ရေးအတွက် ပင်ပန်းဆင်းရဲမှုအမျိုးမျိုးခံကာ ဆရာတော်သည် ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်အစိုးရအား နှလုံးရည်တိုက်ပွဲ ဆင်နွှဲခသည်။

ဖိနှိပ်ချုပ်ချယ် ဟန့်တားမှု အမျိုးမျိုးအကြားမှ မိမိနိုင်ငံသူနိုင်ငံသားရို့အား နိုင်ငံရေးအသိအမြင် ကျယ်ပြန့်တိုးတက် လာစီရန် ထောင်အတန်အတန်အကျခံကာ ဟောပြောခရေ မျိုးချစ်ပုဂ္ဂိုလ်လည်းဖြစ်သည်။ ဆရာတော်သည် မြန်မာရို့အား အစောဆုံး နိုင်ငံရေးမျက်စိဖွင့်ပီးခသူတိအနက် ရှိဆုံးတန်းမှ ပါဝင်ခပါသည်။ ‘ဆရာတော် ဦးဥတ္တမ’ သည် ဒုတိယကမ္ဘာစစ်ကြီး စတင်ရေ ၁၉၃၉ ခုနှစ် စက်တင်ဘာလ (၉) ရက်နိန့် သက်တော် (၆၀) ပြည့်ချိန်တွင် ပျံလွန်တော်မူလားခပါသည်။

၁၉၅၆ ခုနှစ် မြန်မာနိုင်ငံဘာသာပြန်စာပီအသင်းမှထုတ်ဝီသော “နှစ်ငါးဆယ် ကမ္ဘာ့ရေးရာစာအုပ်”တွင် “ဆရာတော်၏ ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံသားရို့သည် ‘အိပ်သောယောင်္ကျား နိုးသောလားသို့’ လွတ်လပ်ရေးလမ်းစကို မြင်ကြရ၏။ ဆရာတော်ကား ယခု မြန်မာနိုင်ငံတော်သူ မြန်မာနိုင်ငံတော်သားရို့ လက်ဆုပ်လက်ကိုင် အပိုင်ရှု ခံစား စံစားနီရသော လွတ်လပ်ရေးဗိမာန်ကြီးကို အစဦးစွာ ပန္နက်ချခသော အာဇာနည်မျိုးချစ်ပုဂ္ဂိုလ်ကြီးပေတည်း။”ဟု ဖေါ်ပြခသည်။ သို့ဖြစ်၍လည်း ဆရာတော်ဦးဥတ္တမ၏ သမိုင်းနှင့် အာဇာနည်ဂုဏ်ပုဒ်ရို့ ကို စစ်အာဏာသျှင် အဆက်ဆက်က မပျက် ပျက်အောင် ဖျက်နီကြသော်လည်း ပယ်ဖျက်၍မရဘဲ ဟိနီခြင်းဖြစ်ပါသည်။

ဂနိန့် ဒုတိယလွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲနီကြသော လူငယ်မျိုးဆက်သစ်တအနီဖြင့် ဆရာတော်ဦးဥတ္တမ၏ အာဇာနီ စိတ်ဓာတ်ကို စံနမူယူ၍ စစ်အာဏာသျှင်စနစ်ဖျက်သိမ်းရေးကို ကြိုးပမ်း အားထုတ်ကြမည်ဆိုလျှင် ဆရာတော်၏ ဂုဏ်ကျေးဇူးကို မမိ့မလျော့ကြောင်း ပြသရာရောက်မည်ဟု ထင်မြင်ယူဆမိပါသည်။

……………………………….
‘ဆရာတော် ဦးဥတ္တမ’ ပျံလွန်တော်မူခြင်း (၆၈) နှစ်ပြည့် အထိမ်းအမှတ်။

ကျမ်းကိုးစာရင်း။
(၁) ၀ံသာနုအရေးတော်ပုံသမိုင်း (၁၉၀၆ - ၁၉၃၆)၊ သခင်ဘမောင်၊ တသက်တာစာပေ၊ ၁၉၇၅ ဇန္န၀ါရီ။
(၂) ဂျူဗလီဟောမြင်ကွင်း၊ တိုက်စိုး၊ ချင်းတွင်းစာပေ၊ ၁၉၇၈ သြဂုတ်လ။
(၃) မြန်မာနိုင်ငံအလုပ်သမားလှုပ်ရှားမှုသမိုင်း၊ သခင်လွင်၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၈ မေလ။
(၄) ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်၊ မြဟန်၊ မိုးမင်းစာပေ၊ ၁၉၈၁။

0 comments:

Post a Comment