Monday 8 September 2014

ဦးဥတ္တမပန်းခြံဟု ခေါ်တွင်သင့်ပါကြောင်း



၂၀၁၃ ခုနှစ် ဇွန်လ ၂၈ ရက် သောကြာနေ့ထုတ် The Voice Daily သတင်းစာတွင် ပါရှိသော ‘ကန်တော်မင် ပန်းခြံကို ဦးဥတ္တမ ပန်းခြံဟု အမည် ပြောင်းလဲမည်မဟုတ်’ ဟူသော သတင်းကို ဖတ်ရှုပြီး ကျွန်တော် ဤဆောင်းပါးကို ရေးသားခြင်း ဖြစ်ပါသည်။

ဗြိတိသျှနယ်ချဲ့တို့ အုပ်စိုးစဉ်က ရန်ကုန်မြို့ ရွှေတိဂုံဘုရား တောင်ဘက် အရပ်တွင် အင်္ဂလိပ်တပ်တို့ စခန်းချထားပါသည်။ ထိုနေရာကို အစွဲပြု၍ ထိုအနီးရှိ ပန်းခြံကို ကန်တော်မင်ပန်းခြံဟု အမည်ပေးခဲ့ပါသည်။ ကန်တော် မင်မှာ Cantonment ဖြစ်၍ တပ်မြေ၊ တပ်မြို့ဟု အနက်ရပါသည်။ ဗြိတိသျှ တို့၏ တပ်မြေ တပ်မြို့ကို အစွဲပြု၍ မှည့်ထားသော ကန်တော်မင်ပန်းခြံကို ဖ.ဆ.ပ.လ လက်ထက်တွင် ဦးဥတ္တမပန်းခြံဟု ပြောင်းလဲခဲ့ပါသည်။

ကျွန်တော်သည် အသက် ၈၅ နှစ် ရှိပါပြီ။ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမ ပန်းခြံဟု ပြောင်းလဲခဲ့သည်ကို ကောင်းစွာ မှတ်မိပါသည်။
စာပေဗိမာန်က ထုတ်ဝေသော မြန်မာ့စွယ်စုံကျမ်း အတွဲ-၁၅၊ စာမျက်နှာ- ၃၆၅ တွင် “ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေး ကြိုးပမ်းမှုများကို ဂုဏ်ပြုသော အားဖြင့် နှစ်စဉ် ဝါခေါင်လပြည့်ကျော် ၁၁ ရက်နေ့ တိုင်း ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ကာ ကြည်ညိုသူများက ကျင်းပလေ့ရှိကြသည်။ ရန်ကုန် မြို့ ရွှေတိဂုံဘုရား တောင်ဘက်ခြေရင်းရှိ ကန်တော်မင်ပန်းခြံကိုလည်း ဆရာတော်အား ဂုဏ်ပြုသည့်အနေဖြင့် ဦးဥတ္တမပန်းခြံဟု အမည်သစ် ပေး ကြလေသည်” ဟူ၍ အခိုင်အမာ ရေးသား ဖော်ပြထားပါသည်။

ထို မြန်မာ့ စွယ်စုံကျမ်းမှာ ၁၉၇၆ တွင် အုပ်ရေ ၁၀၀၀၀ ပုံနှိပ် ထုတ်ဝေခဲ့ပါ သည်။ စာပေဗိမာန် အုပ်ချုပ်ရေးမှူး ဦးထင်ကြီး (မှတ်ပုံတင်အမှတ်- ၀၄၈၀) က တာဝန်ခံ ထုတ်ဝေပါသည်။ ထိုစွယ်စုံကျမ်းကို ပြုစုရာ၌ စာတည်းမှူး အဖြစ် ဆရာကြီး မောင်ထင်က တာဝန်ယူ၍ အကြံပေး ပုဂ္ဂိုလ်များအဖြစ် ပန်းတနော် ဦးသန့်၊ ဆရာကြီး ဇော်ဂျီ၊ ဆရာကြီး မင်းသုဝဏ်၊ ပါမောက္ခ ဦးမျိုးမြင့်၊ ပညာမင်းကြီး ဦးကောင်း စသူတို့ ပါဝင်ပါသည်။ ကျွန်တော်သည် စာပေဗိမာန်တွင် စာပြုအဖြစ် (၁၉၅၂မှ ၁၉၅၄) အထိ အမှုထမ်းခဲ့ပါသည်။

ဆရာတော် ဦးဥတ္တမနှင့် ပတ်သက်၍ ဆရာတော်၏ ရုပ်တုကြီးကို ဘဒ်လမ်းရှိ အိမ်တစ်အိမ်၏ ခြံထဲတွင် ချောင်ထိုးထားသည်ကို တွေ့ရ၍ ကြေးမုံ သတင်းစာ ၄-၁-၁၉၆၇ ထုတ်တွင် ကျွန်တော် ရင်နာစွာဖြင့် ဆောင်းပါး ရေး သား ဖော်ပြဖူးပါသည်။

ထိုရုပ်တုကြီးမှာ ကျိုးပဲ့နေပြီး လွန်ခဲ့သော သုံးနှစ်ခန့်က ပန်းပုဆရာကြီး ဦးဟန်တင်၏ ခြံထဲတွင် မမျှော်လင့်ဘဲ တွေ့ရှိခဲ့ပါသည်။ ထိုရုပ်တုကြီးမှာ ပန်းပုဆရာကြီး ဦးဟန်တင်၏ လက်ရာဖြစ်ပါသည်။ ဆရာတော် ဦးဥတ္တမ၏ အကြောင်းကိုလည်း ကျွန်တော် ထပ်မံ၍ အတ္ထုပ္ပတ္တိ ဆောင်းပါးရှည် ရေး သားခဲ့ပါသည်။

ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ဆရာတော် ဦးဥတ္တမ၏ ကျေးဇူးကို ဂုဏ်ပြု၍ ဆရာတော် ကြေးရုပ်တုကို ကန်တော်မင်ပန်းခြံတွင် ထားသင့်ကြောင်း ဇွန်လ ၂၂ ရက် တွင် ရန်ကုန် မြို့ တောဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်သော မြန်မာ-ဂျပန် (နဂိုယာ) ချစ်ကြည် ရင်းနှီးမှု နှစ် ၁၀၀ ပြည့် အခမ်းအနားတွင် ပြောကြားသည်ကို လေးနက် စွာ ထောက်ခံပါသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၅ ကို ၁၉၇၆ ခုနှစ်တွင် ထုတ်ဝေခဲ့ရာ ပန်းခြံ အတွင်း ကမ္ပည်းထိုးထားသော စာမှာ မခိုင်လုံပါ။ ထိုစာမှာ ၁၉၈၉ ခုနှစ် မတ်လ ၃၁ ရက် တွင် ရေးထိုးသောစာ ဖြစ်ပါသည်။

(မင်းယုဝေ)

____ The Voice Weekly

0 comments:

Post a Comment