Sunday 5 October 2014

ပရီဒီနှင့် ဆရာတော် ဦးဥတ္တမ

နိုင်ငံတိုင်းရဲ့ သမိုင်းတလျှောက်မှာ သူ့နိုင်ငံနဲ့သူ အစွန်းကုန် အကျိုးပြုခဲ့တဲ့ ခေါင်းဆောင်တွေ ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်ပြီး ကိုယ့်နိုင်ငံအပါအ၀င် တခြားနိုင်ငံတွေကိုပါ အကျိုးပြုနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ဆိုလို့ ကမ္ဘာ့သမိုင်းမှာ အင်မတန် နည်းပါးလှပါတယ်။ အဲလို ပုဂ္ဂိုလ်မျိုးကိုတော့ နိုင်ငံ့ခေါင်းဆောင်ဆိုတာထက် ကမ္ဘာ့ခေါင်းဆောင်လို့ သတ်မှတ်မယ်ဆို သတ်မှတ်လို့ရပါတယ်။
 
ဘယ်လောက်ပဲ ကိုယ်ကျိုးစွန့်ပြီး အကျိုးပြုခဲ့ပါစေ၊ အဲဒီခေါင်းဆောင် သက်ရှိထင်ရှား မရှိတဲ့နောက်ပိုင်းမှာ သူ့ရဲ့နိုင်ငံက လူတွေက အဲဒီခေါင်းဆောင်ကို အသိအမှတ်ပြုဖို့ ပျက်ကွက်ခဲ့ရင်၊ ချောင်ထိုးထားခဲ့ရင် သူ့နိုင်ငံအပေါ် အကျိုးပြုခဲ့တာတွေရော၊ တခြားနိုင်ငံတွေ အပေါ်မှာ အကျိုးပြုခဲ့တာတွေပါ မထင်ပေါ်နိုင်တော့ပါဘူး။ အဲလိုချောင်ထိုးတဲ့ လုပ်ရပ်မျိုးဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုပါ တန်ဖိုးထားရကောင်းမှန်းမသိပဲ မြောင်းထဲလွှင့်ပစ်လိုက်သလိုပါပဲ။

မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ အဲဒီလုပ်ရပ်မျိုးကို ကျူးလွန်ခဲ့ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်အဖြစ် နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လူမျိုးစုတစ်စုရဲ့ ခေါင်းဆောင်အဖြစ် ရှုမြင်ပြီး ချောင်ထိုးထားခဲ့ကြပါတယ်။ အဲဒီလို ချောင်ထိုးထားခဲ့တာကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက သူ့လိုမျိုး တခြားနိုင်ငံတွေအပေါ် အကျိုးပြုနိုင်ဖို့ မပြောနဲ့ သူ့လောက်တောင်မှ ကိုယ့်နိုင်ငံအပေါ်မှာ အကျိုးမပြုနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ကမ္ဘာ့သမိုင်းမှာ အလေးထား မှတ်တမ်းတင်ခံနေရတဲ့အချိန်မှာ သူကတော့ သူ့အကြောင်း ကျမ်းတစ်စောင်လေးတောင်မှ မှတ်တမ်းတင်ခံရတာမျိုး မခံခဲ့ရပါဘူး။ အဲဒီပုဂ္ဂိုလ်ကတော့ မြန်မာတစ်နိုင်ငံလုံးတင်မက အာရှတိုက်တစ်တိုက်လုံးကို နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့တဲ့ ဆရာတော် ဦးဥတ္တမပဲ ဖြစ်ပါတယ်။

အာရှတိုက်တစ်တိုက်လုံးနီးပါး ကိုလိုနီစနစ်အောက် ကျရောက်နေတဲ့အချိန်မှာ မီးခဲပြာဖုံးဖြစ်နေတဲ့ ပြည်သူတွေကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်တော်လှန်ရဲတဲ့ သတ္တိရှိလာအောင် စတင်ဖန်တီးခဲ့သူက လူဝတ်ကြောင်တစ်ယောက်မဟုတ်တဲ့ သံဃာတော်တစ်ပါးဖြစ်နေတာ အံ့သြစရာကောင်းလှပါတယ်။

သူ့အစုအဖွဲ့နဲ့သူ ကွက်ကျားကွက်ကျား တော်လှန်ရေးလောက်သာရှိပြီး အိန္ဒိယအင်ပါယာကြီးတစ်ခုလုံးဗြိတိသျှလက်အောက် ပြားပြားမှောက်နေရတဲ့ အချိန်မှာ ပြည်သူတစ်ရပ်လုံးကို နိုးကြားအောင် ဖန်တီးနိုင်ခဲ့တဲ့ ခေါင်းဆောင်နှစ်ဦး ပေါ်ထွန်းလာခဲ့ပါတယ်။ တစ်ဦးကတော့ အိန္ဒိယရဲ့ မဟတ္တမဂန္ဒီဖြစ်ပြီး နောက်တစ်ဦးကတော့ မြန်မာပြည်ရဲ့ ဆရာတော် ဦးဥတ္တမပါ။

ခေါင်းဆောင်ကောင်းတို့မည်သည် နောက်လိုက်ကောင်းတွေ မွေးထုတ်နိုင်ရမည် ဆိုတဲ့ ဆိုရိုးစကားအတိုင်း ဂန္ဒီက နေရူးနဲ့ မိုဟာမက်အလီဂျင်းနားတို့ကို မွေးထုတ်နိုင်ခဲ့သလို ဆရာတော်ဦးဥတ္တမဟာလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးနုအပါအ၀င် နိုင်ငံခေါင်းဆောင်တွေကို မွေးထုတ်နိုင်ခဲ့ပါတယ်။ အနိစ္စရောက်ပြီး နောက်ပိုင်းမှာတော့ ဂန္ဒီဟာ အိန္ဒိယနိုင်ငံရဲ့ အထွတ်အမြတ်ပုဂ္ဂိုလ်အဖြစ် ဂုဏ်ပြုခံခဲ့ရပေမယ့် ဆရာတော်ကတော့ သူကျင်လည်ခဲ့ရာ ရန်ကုန်မြို့မှာ လမ်းလေးတစ်ခုတောင်မှ သူ့နာမည်နဲ့ ဂုဏ်ပြုမခံခဲ့ရပါဘူး။

ဆရာတော်ရဲ့ အကျိုးပြုနိုင်စွမ်းဟာ မြန်မာပြည်တစ်ခုတည်း မဟုတ်ပဲ အာရှတိုက်ကို နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့တာ ဖြစ်လို့ အာရှနေ၀န်းဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့တာပါ။ အဲဒီအတွက် ခိုင်လုံတဲ့ အထောက်အထားတစ်ခု ရှိပါတယ်။ ယဉ်ကျေးမှု အစဉ်အလာကြီးမားပေမယ့် အာရှတိုက်တစ်တိုက်လုံးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ နိုင်ငံရေးမှာ နေရာပေးမခံခဲ့ရပါဘူး။ အဲဒီလို အခြေအနေမျိုးမှာ ပီနန်ကျွန်းကို ပို့ခံထားရတဲ့ မြန်မာဆေးလိပ်လိပ်သမတွေ အရေးနဲ့ပတ်သက်ပြီး ဆရာတော်ရဲ့လမ်းညွှန်ချက်ကြောင့် မြန်မာမိန်းမများအသင်းဆိုတာ ၁၉၁၉ခုနှစ်မှာ စတင်ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီအဖွဲ့ရဲ့ ကြိုးပမ်းမှုကနေ စတင်ပြီး မြန်မာအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို နိုင်ငံရေးမှာ အသိအမှတ်ပြုခံခဲ့ရပါတယ်။ တို့ဗမာအစည်းအရုံးမှာ သခင်များနဲ့တန်းတူ သခင်မတွေ ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီလို မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေ နေရာရလာခြင်းဟာ အိမ်နီးချင်းနိုင်ငံတွေကို ရိုက်ခတ်သွားပြီး အမျိုးသမီးတွေကို နေရာပေးရကောင်းမှန်း သိလာတဲ့အတွက် နောက်ပိုင်းမှာ အာရှနိုင်ငံတွေမှာ အမျိုးသမီးခေါင်းဆောင်တွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဥပမာ အိန္ဒိယရဲ့ အင်ဒီယာဂန္ဒီ၊ ဖိလစ်ပိုင်ရဲ့ အကွီနိုတို့လို နိုင်ငံ့ခေါင်းဆောင်တွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဖက်ခေတ်မှာ ကွယ်လွန်သွားတဲ့ ပါကစ္စတန်ဝန်ကြီးချုပ် ဘနာဇီယာဘူတို၊ အိန္ဒိယကွန်ဂရက်ပါတီခေါင်းဆောင် ဆိုနီယာဂန္ဒီ၊ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်၊ အင်ဒိုနီးရှားသမ္မတဟောင်း မီဂါဝတီဆူကာနိုပိုထြီ၊ ဖိလစ်ပိုင်သမ္မတဟောင်း အာရိုယိုစတဲ့ ပုဂ္ဂိုလ်တွေအပြင် လက်ရှိတောင်ကိုရီးယား သမ္မတ ပတ်(ခ)ဂွန်ဟေးနဲ့ မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်စတဲ့ အမျိုးသမီးတွေ ပေါ်ထွက်လာခဲ့ပါတယ်။

မဟာဖိုဝါဒကြီးစိုးတဲ့ အာရှတိုက်လို နေရာမျိုးမှာ အဲဒီခေတ်အခါကတည်းက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို စတင်လမ်းစဖွင့်ပေးခဲ့တဲ့ ဆရာတော်ရဲ့ အမြော်အမြင်ကြီးမားမှုကို မျက်မှောက်ခေတ် အမျိုးသမီးခေါင်းဆောင်တွေက သက်သေခံနေပါတယ်။ ဒါပေမယ့် ဆရာတော်ဟာ သူနဲ့ထိုက်တန်တဲ့ ဂုဏ်ပြုမှုကို ခုချိန်ထိ ပြည့်ပြည့်၀၀ မရရှိသေးပါဘူး။

အဲဒီအချိန်မှာ ဆရာတော်ထက် အများကြီး နောက်ကျပြီးမှ ထိုင်းနိုင်ငံမှာ နိုင်ငံရေးသမား ဖြစ်လာတဲ့ ၀န်ကြီးချုပ်ပရီဒီကတော့ ထိုင်းနိုင်ငံရဲ့ သူရဲကောင်း တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်အဖြစ် ဂုဏ်ပြုခံနေရပါတယ်။ နိုင်ငံကနေ ကိုယ်လွတ်ရုန်း ထွက်ပြေးပြီး တိုင်းတပါးမှာ ခေါင်းချခဲ့ရပေမယ့် သူ့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ၊ ထိုင်းနိုင်ငံကို ကိုလိုနီလက်အောက် မရောက်အောင် ကြိုးပမ်းနိုင်ခဲ့တာတွေကြောင့် သူကွယ်လွန်ပြီးနောက်ပိုင်းမှာ ထိုင်းပြည်သူတွေက သူ့ရဲ့ဆောင်ရွက်ချက်တွေကို ကမ္ဘာကသိအောင် ဂုဏ်ပြုနိုင်ခဲ့တဲ့အတွက် သူဟာ ယူနက်စကိုအဖွဲ့ကြီးရဲ့ ကမ္ဘာ့အကြီးမြတ်ဆုံး ပုဂ္ဂိုလ်များစာရင်းမှာ ထည့်သွင်းဂုဏ်ပြုခြင်း ခံခဲ့ရပါတယ်။

အိမ်နီးချင်းနိုင်ငံတစ်ခုက သူ့တိုင်းပြည်ကို တည်ဆောက်ပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ကမ္ဘာသိအောင် ဂုဏ်ပြုနေတဲ့အချိန်မှာ မြန်မာနိုင်ငံကတော့ နိုင်ငံ့ကျေးဇူးရှင်တွေရဲ့ ပုံရိပ်ကို နိုင်ငံရေးအမြတ်ထုတ်ဖို့သက်သက် အသုံးချရုံကလွဲပြီး ကျေးဇူးဆပ်ရကောင်းမှန်းမသိတာ ၀မ်းနည်းစရာ ကောင်းလှပါတယ်။ ကိုယ်ကိုယ်တိုင်က ကျေးဇူးတရားကို မေ့လျော့ပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးရဲ့ ဂုဏ်ကို မမြှင့်ရင် တခြားနိုင်ငံတွေက အသိအမှတ်မပြုတာ မဆန်းပါဘူး။ ဆင်ခြင်နိုင်ကြပါစေ။


_____ Won Thar Nu

0 comments:

Post a Comment