ဆရာတာ် ဦးဥတ္တမအကြောင်း

အဖအမည် - ဦးမြသာဦး၊ အမိအမည် - ဒေါ်အောင်ကြွသူ၊ မွေးဖွားသည့်ရက် - ၁၈၇၉ ခု၊ ဒီဇင်ဘာလ (၂၇) ရက်၊ တနင်္ဂနွေနေ့၊ လူနာမည် - ပေါ်ထွန်းအောင် ၊ အခြားအမည် - ဆံကောက်ချေ၊ ရဟန်းနာမည် - ဦးဥတ္တမ၊ မွေးချင်းမောင်နှမ - ပေါ်ထွန်းအောင်၊ ကျော်ထွန်းအောင် ၊ မအိမ်စိုး (မွေးချင်းသုံးယောက် အကြီးဆုံးသား)

ဆရာတော်ဦးဥတ္တမ၏ နောက်ဆုံးခရီး - ကျော်မြင့်လွင်

သူ့ကျွန်မခံ အမျိုးသားဇာတိမာန် ထက်သန်စွာဖြင့် မြန်မာ့လွတ်လပ်ရေး ကိုလိုနီဆန့်ကျင်ရေးအတွက် ဦးစွာပထမ မြန်မာပြည်သူများကို စတင်တပ်လှန့်နှိုးဆော်စည်းရုံးခဲ့သူမှာ ဆရာတော် ဦးဥတ္တမပင် ဖြစ်ပေ သည်။

ကျွန်တော်သိသော ဦးဥတ္တမ - ရန်အောင်

ဆရာတော် ဦးဥတ္တမသည် မထမကမ္ဘာစစ် မဖြစ်မီကပင်လျှင် ထိုစဉ်က အရှေ့တိုင်း၏ စံပြ မှတ်ကျောက်ဖြစ်သော ဂျပန်ပြည်သို့ ကြွသွားတော်မူကာ ၈ျပန်၏ ဗဟုသုတကို ယူတော်မူသည်။ မိမိ၏ ဗဟုသုတကိုလည်း ဖြန့်ဖြူးတော်မူသည်။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီး ဖြစ်ခါနီးတွင် ဆရာတော်သည် ဗမာပြည်သို့ ပြန်ကြွလာတော်မူကာ ဗမာတစ်မျိုးသားလုံး၏ နိုင်ငံရေးမျက်စိကို ဖွင့်ပေးတော်မူသည်။

ဦးဥတ္တမ အတွင်းရေး

ဦးဥတ္တမလို ပုဂ္ဂိုလ်ကား ဖြစ်ရလိုပါ၏။ သို့သော် ဦးဥတ္တမလို ခေါင်းဆောင်ကား ဘ၀အဆက်ဆက် မဖြစ်ရပါလို။ "ဒို့ဗမာ ဘုန်းကြီးအချို့မှာ ပိဋကတ်စာပေကို သင်ရင်း ပိဋကတ်ထဲမှာပါတဲ့ ပုဏ္ဏားဥာဏ်တွေကို ရလို့ ဒကာ၊ ဒကာမတွေကို ပုဏ္ဏားလိမ်နည်းနှင့် လိမ်နေကြပြီ။ ဒါတွေကို သုတ်သင်ဖို့ အရေးကြီးနေပြီ"

ဆရာတော် အသျှင်ဥတ္တမ ရှားပါးမှတ်တမ်းဗွီဒီယို

Sayadaw U Ottama (Burmese: ဆရာတော် ဦးဥတ္တမ [sʰəjàdɔ̀ ʔú ʔoʊʔdəma̰]; also U Uttama; 28 December 1879 – 9 September 1939) was a Burmese Theravada Buddhist monk, author and a leader of the Burmese independence movement during the British colonial rule.

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Tuesday, 16 September 2014

ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်)မှ တွဲဘက်အတွင်းရေးမှူး ဒေါ်သန်းသန်းအောင်မှ ယခုကန်တော်မင်္ဂလာပန်းခြံလို့ ခေါ်ဝေါ်နေကြတဲ့ ပန်းခြံကို မူလ ဦးဥတ္တမ ပန်းခြံအဖြစ် အသုံးပြုခွင့်ပြုရန်အဆို ထောက်ခံတင်ပြခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ နိုင်ငံတော်အစိုးရက ဦးဥတ္တမပန်းခြံ ဟု အမည်ပေးလျှက် တရားဝင်ဖွင့်လှစ်ခဲ့ပြီးဖြစ်တဲ့ ယခုကန်တော်မင်္ဂလာပန်းခြံလို့ ခေါ်ဝေါ်နေကြတဲ့ ပန်းခြံကို မူလ ဦးဥတ္တမ ပန်းခြံအဖြစ် အသုံးပြုခွင့်ပြုရန်အဆို ထောက်ခံတင်ပြခြင်း

ရိုသေလေးစားအပ်ပါသော ...
ဆရာတော်အရှင်သူမြတ်များနဲ့သဘာပတိအဖွဲ့ဝင်များ၊ နိုင်ငံခြားသံတမန်များ၊ တိုင်းရင်း သား နိုင်ငံရေးပါတီခေါင်းဆောင်များ၊ လူမှုကွန်ယက်အဖွဲ့အစည်းဝင်များ၊ ရခိုင်တိုင်းရင်းသား အသင်းအဖွဲ့ ကိုယ်စားလှယ်များနဲ့ဧည့်သည်တော်များရှင်-

မင်္ဂလာပါလို့ ကျွန်မ ဦးစွာနှုတ်ဆက်ပါရစေ။ ကျွန်မကတော့ ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်)မှ တွဲဘက်အတွင်းရေးမှူး ဒေါ်သန်းသန်းအောင် ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ယခင်နှစ်က တင်ပြတောင်းဆိုခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ နိုင်ငံတော်အစိုးရက ဦးဥတ္တမ ပန်းခြံဟု အမည်ပေးလျှက် တရားဝင်ဖွင့်လှစ်ခဲ့ပြီးဖြစ်တဲ့ ယခုကန်တော်မင်္ဂလာ ပန်းခြံလို့ ခေါ်ဝေါ်နေကြတဲ့ ပန်းခြံကို မူလဦးဥတ္တမပန်းခြံအဖြစ် အသုံးပြုခွင့်ပြုရန်အဆိုကို ထောက်ခံတင်ပြ သွားမှာ ဖြစ်ပါတယ်။

သဘာပတိကြီးများရှင့် ...
ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမအစည်းအဝေးမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမောင်ညိုမေးမြန်းခဲ့တဲ့ ရန်ကုန်မြို့ဆရာတော် အရှင်ဦးဥတ္တမ ပန်းခြံနဲ့စပ်လျဉ်းပြီး နိုင်ငံတ်ာသမ္မတရုံးဝန်ကြီးဌာန-၁ ဒုတိယ၀န်ကြီးဦးသန့်ရှင်းက ဦးမောင်ညို၏ မေးခွန်းနဲ့ပတ်သက်လို့ ဦးဥတ္တမပန်းခြံဟု ခေါ်ဝေါ်သုံးစွဲသည့်အထောက်အထားများ ခိုင်လုံစွာ မတွေ့ရှိရသဖြင့် ဦးဥတ္တမပန်းခြံအမည်ဖြင့် သမိုင်းဝင်ရုပ်ဝတ္တုအဖြစ် ထားရှိရန် အစီအစဉ်မရှိ ကြောင်း ဖြေကြားခဲ့တာကို လူကြီးမင်းများအားလုံး အသိပင် ဖြစ်ပါလိမ့်မယ်လို့ ကျွန်မအနေနဲ့ ယူဆပါတယ်။

အဲဒီ ဒုတိယ၀န်ကြီးရဲ့ဖြေကြားချက်ဟာ ယေဘူယျဆန်လွန်းပြီး နိုင်ငံတော်အစိုးရ၏ ယန္တရားအပေါ် အထင်အမြင်သေးကာလျစ်လျူရှုဖြေကြားခြင်းသဘောဖြစ်သည်ကိုတွေ့ရပါတယ်။

 ယင်းကြောင့် ၂၀၁၃-ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ ကျင်းပခဲ့တဲ့ (၇၄)နှစ်မြောက် ဦးဥတ္တမနေ့ အခမ်းအနားတွင် တွေ့ရှိရတဲ့ သမိုင်းအထောက်အထားများကို စုစည်းဖော်ပြပြီး ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကပ္ပတိန်သာစိန်က ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော်မြတ်တောင်ဘက်ခြေရင်းရှိ ကန်တော်မင်ပန်းခြံအား ဦးဥတ္တမပန်းခြံအဖြစ် ပြန်လည် ခေါ်ဝေါ် အသုံးပြုခွင့်ပြုရန်အဆိုကို တင်သွင်းခဲ့ပါတယ်။ အထောက်အထားများအနေနဲ့ (၁) ၁၉၆၇ ခုနှစ်ထုတ် မြန်မာ့စွယ်စုံကျမ်း အတွဲ-၁၅၊ (၂) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာန အခြေခံပညာသင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနဲ့ ကျောင်းသုံးစာအုပ် ကော်မတီမှ
 ပြဋ္ဌာန်းသည့်မြန်မာ့သမိုင်း ဖတ်စာ၊ စတုတ္ထတန်း (၃) တက္ကသိုလ်များ သမိုင်းသုတေ သနဌာန၊ ဂျီအီးစီ(ပညာရေး) သမ၀ါယမအသင်းထုတ် ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန် (မြဟန်)တို့ကို တင်ပြခဲ့ကြောင်း သိရှိရပါတယ်။

(၁) မြန်မာ့စွယ်စုံကျမ်း အတွဲ( ၁၅)စာမျက်နှာ-၃၆၅ ဆရာတော်ဦးဥတ္တမ၏ နိုင်ငံရေး ကြိုးပမ်းမှုများကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်ဝါခေါင်လပြည့်ကျော် ၁၁ ရက်နေ့တိုင်း ဦးဥတ္တမနေ့ အဖြစ် သတ်မှတ်ကာ ကြည်ညိုသူများက ကျင်းပလေ့ရှိကြသည်။ ရန်ကုန်မြို့ ရွှေတိဂုံဘုရား တောင်ဘက်ခြေရင်းရှိ ကန်တော်မင်ပန်းခြံကိုလည်း ဆရာတော်အား ဂုဏ်ပြုသည့်အနေဖြင့် ဦးဥတ္တမပန်းခြံဟုအမည်သစ်ပေးကြလေသည်။

(၂) မြန်မာ့သမိုင်းဖတ်စာ၊ စတုတ္တတန်း - ဦးဥတ္တမသည် မြန်မာနိုင်ငံအတွက် အနစ် နာခံပြီး နိုင်ငံရေးအသိအမြင်နိုးကြားလာအောင် ဆောင်ရွက်ပေးခဲ့သည့်ပုဂ္ဂိုလ်ဖြစ်သဖြင့် နိုင်ငံတော် က သူ့ကျေးဇူးကို မမေ့ခဲ့ချေ။ ထို့ကြောင့်နိုင်ငံတော်အစိုးရက ကန်တော်မင်ပန်းခြံကို ဦးဥတ္တမ ပန်းခြံဟူ၍ အမည်ပြောင်းကာ ဂုဏ်ပြုခဲ့သည်။

(၃) ကိုလိုနီခေတ်မြန်မာ့သမိုင်းအဘိဓာန်(မြဟန်)-ကိုယ်ကျိုးအတွက်လုံးဝမဖက်ဘဲနိုင်ငံ နှင့်လူမျိုးအတွက် အဖမ်းခံထောင်ကျခံ၍ အနစ်နာခံရာတွင်စံပြလည်း ဖြစ်သည်။ ထို့ကြောင့် မျိုးချစ် ဆရာတော်အဖြစ် မြန်မာ့သမိုင်းတွင် ထင်ရှားသည်။ ရွှေတိဂုံဘုရား အနောက်တောင်ထောင့် ခြေရင်းရှိ ကန်တော်မင်ပန်းခြံကို ဆရာတော်အား ဂုဏ်ပြုသည့်အနေဖြင့် ဦးဥတ္တမပန်းခြံဟု အမည် ပေးထားသည် စသည်ဖြင့် ဖော်ပြထားတာကို ထင်ထင်ရှားရှားတွေ့ကြရပါတယ်။ အဲဒီအဆိုကို ရခိုင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်) ဥက္ကဌဒေါ်စောခင်တင့်နဲ့ ပြည်သူ့လွှတ်တော်ဥပဒေ ရေးရာကော်မရှင်အဖွဲ့ဝင် ရှေ့နေကြီးဦးသန်းမောင်တို့က ထောက်ခံတင်ပြခဲ့ကြပါတယ်။

အဆိုကိုအခမ်းအနားကြီးသို့ တက်ရောက်သူအားလုံးက သဘောတူထောက်ခံတဲ့အတွက် အဆိုကို ထောက်ခံပြီး နိုင်ငံတော်သမ္မတကြီးထံ တင်ပြခဲ့တယ်လို့လည်း သိရှိခဲ့ရပါတယ်။

သဘာပတိကြီးများရှင်
နိုင်ငံတော်သမ္မတရုံးက အထောက်အထား အခိုင်အမာ မတွေ့ရဆိုပေမဲ့ အထက်ပါ အထောက်အထားများဟာ နိုင်ငံတော်က အသိအမှတ်ပြုထုတ်ဝေခဲ့တဲ့ စာအုပ်စာတမ်းများ ဖြစ်ကြ ပါတယ်။ အထောက်အထားခိုင်လုံစွာ မတွေ့ရဆိုသည်မှာ သက်ဆိုင်ရာရန်ကုန်မြို့တော် စည်ပင် သာယာရေးအဖွဲ့မှာ မှတ်တမ်းမတွေ့ရခြင်းပင်လောဟု သံသယဖြစ်မိပါတယ်။ သတင်းစာ အထောက်အထားအရ ဦးဥတ္တမပန်းခြံကို ၁၉၆၁ခုနှစ်ဇန်န၀ါရီလ ၁၇ ရက်နေ့မှာမြန်မာနိုင်ငံအစိုးရ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၀န်ကြီးဦးဘစောကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့တာကို ကျမတို့တွေ့ရှိထားပြီဖြစ်ပါတယ်။

ပန်းခြံဖွင့်လှစ်ခဲ့တဲ့ကာလနဲ့ မကြာမီ ၁၉၆၂ ခုနှစ် မတ်လမှာ တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့ရာနိုင်ငံအတွင်း အုပ်ချုပ်ရေးပြောင်းလဲမှုများရှိခဲ့တဲ့ အတွက်အမိန့်ပြန်တမ်းများကို ရုတ်တရက်ရှာဖွေမတွေ့ရှိခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်မှာ ဖြစ်ပါ တယ်။ နောက်တစ်ခုက ၁၉၆၂ခုနှစ် တော်လှန်ရေးကောင်စီ တက်လာပြီးနောက်မှာ ပန်းခြံထဲမှာ ရှိတဲ့ ရုပ်တု၊ ဆိုင်းဘုတ်များကို ဖြုတ်ချခံရပြီး ဦးဥတ္တမအမည် ကွယ်ပျောက်သွားအောင် လုပ်လိုက်တာကြောင့် ခုလိုဖြစ်သွားရတာလည်း ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

ဆရာတော်ရဲ့သက်တော်ဟာ (၆၀)ပဲရှိပါသေးတယ်။ ၁၃၀၁ ခု ၀ါခေါင်လပြည့်ကျော် ၁၁ ရက်နေ့မှာ ဆရာတော်ပျံလွန်တော်မူခဲ့ရှာပါတယ်။ ကြွေလွင့်သွားခဲ့တဲ့တိုင်းပြည်ရဲ့ ကြယ် တစ်ပွင့်ကို ဂုဏ်ပြုပြီး နှစ်စဉ်နှစ်တိုင်း ၀ါခေါင်လပြည့်ကျော် ၁၁ ရက်နေ့ကို ဦးဥတ္တမ နေ့ရယ်လို့ သတ်မှတ်ခဲ့ကြတယ်။ အခုတော့ ၀မ်းနည်းစရာပါပဲ၊ အစဉ်အလာတွေကို ပျောက်အောင် ဖျောက်ဖျက်ပစ်တဲ့သူတွေမှာသာ သမိုင်းတာဝန်ရှိပါတယ် လို့ရေးသားထားတာကို ဖတ်ရှုရပါတယ်။ ဒါဟာ စစ်ကောင်စီခေတ်တွေမှာ ဖြစ်ပျက်ခဲ့တာဖြစ်လို့ခုလိုပြည်သူကိုဗဟိုပြုတဲ့ဒီမိုကရေစီခေတ်ကာလမှာဆက်လက်မဖြစ်ပါစေနဲ့လို့လဲ ဆုတောင်း ရေရွတ်မိပါတယ်။

လေးစားအပ်ပါသောသဘာပတိအဖွဲ့ဝင်များနဲ့ဧည့်သည်တော်များရှင်-
ဆရာတော်ဦးဥတ္တမပန်းခြံကို မြန်မာနိုင်ငံအစိုးရအဖွဲ့ဝင် ၀န်ကြီးကိုယ်တိုင်ဖွင့်လှစ် ပေးသည့် အထောက်အထားကိုလည်း တွေ့ထားပြီး ဖြစ်ပါတယ်။

သမိုင်းဆိုင်ရာစာအုပ်စာတမ်းများကိုလည်း တင်ပြထားပြီး ဖြစ်ပါတယ်။ ဆရာတော်အရှင်ဦးဥတ္တမဟာ မြန်မာ့လွတ်လပ်ရေး မီးရှုးတန်ဆောင် ကြီးဖြစ်သလို အရှေ့အာရှကို အလင်းရောင်ပေးခဲ့တဲ့ နေ၀န်းပမာ ထွန်းတောက်ထင်ရှားတဲ့ အာဇာနည်ပုဂ်္ဂိုလ်ထူးတစ်ပါးဖြစ်ပါတယ်။
နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သူ၊ နိုင်ငံရေးလမ်းကြောင်းကို ချမှတ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
 နိုင်ငံရေးလမ်းကြောင်း ချမှတ်ပေးခဲ့သူ၊ လွတ်လပ်ရေး မီးအလင်းပေးခဲ့သူကို
 မေ့ပျောက်ထားပြီး နိုင်ငံရေးအသီးအပွင့်ဖြစ်တဲ့ လွတ်လပ်ရေးအရသာကို ခံစားနေကြရတဲ့ဒီကနေ့ပြည်သူတွေအနေနဲ့ ကျေးဇူးတရားကို ပေးဆပ်ခြင်းမပြုဘဲ မေ့လျော့ နေကြမည်ဆိုလျှင်
 ကျေးဇူးကန်းတဲ့သဘောမျိုးသက်ရောက်သွားနိုင်မှာကိုလည်း သတိပြုဖို့လိုအပ် မယ်လို့ တင်ပြလိုပါတယ်။

ရိုသေလေးစားအပ်ပါသော ဆရာတော်အရှင်သူမြတ်များနဲ့သဘာပတိအဖွဲ့ဝင်များ၊ နိုင်ငံခြား သံတမန်များ၊ တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်များ၊ လူမှုကွန်ယက်အဖွဲ့အစည်းဝင်များ၊ ရခိုင် တိုင်းရင်းသားအသင်းအဖွဲ့ကိုယ်စားလှယ်များနဲ့ ဧည့်သည်တော်များရှင်-


ချီးမြှောက်သင့်သူကိုချီးမြှောက်တာ၊ ဂုဏ်ပြုသင့်သူကို ဂုဏ်ပြုကြတာဟာ ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ မင်္ဂလာတရားနဲ့အညီ မင်္ဂလာရှိတဲ့ ဆောင်ရွက်ချက်ဖြစ်လို့ နတ်လူသာဓု ခေါ်ဆိုကြမည်ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးအပြောင်းအလဲကြောင့် ဆရာတော်အရှင်သူမြတ်သည် နိုင်ငံတော်အစိုးရက ပေးဆပ်သောကျေးဇူးတရားကို ပေးကားပေး၏ မရသကဲ့သို့ ဖြစ်သွားခဲ့ရ ပါတယ်။ ယခုအခါ ရခိုင်တိုင်းရင်းသားများ အပါအ၀င်ပြည်သူများက ဦးဥတ္တမပန်းခြံအဖြစ် သတ်မှတ်ပေးရန်တောင်းဆိုနေခြင်းမှာလည်း နိုင်ငံတော်အစိုးရထံမှ ပန်းခြံသစ်တစ်ခုဖန်တီး သတ်မှတ်ပေးရန်တောင်းဆိုခြင်း မဟုတ်ပဲ ပေးထားပြီးသောပန်းခြံကို မရသေး၍ တောင်းဆိုနေကြ ခြင်းသာဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတ်ာအစိုးရထံမှ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ တိုင်းရင်းသားအခွင့်အရေးများကို စည်းကမ်းသေ၀ပ်စွာ တင်ပြတောင်းဆိုကြခြင်းသာ ဖြစ်ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးထားဆောင်ရွက်နေတဲ့ခုလို အချိန်ကာလမျိုးမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုသာ ပိုမိုခိုင်မာစေမည် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ နိုင်ငံတော်အစိုးရက ဦးဥတ္တမပန်းခြံဟု အမည်ပေးလျှက် တရားဝင်ဖွင့်လှစ်ခဲ့ပြီးဖြစ်တဲ့ ယခုကန်တော်မင်္ဂလာပန်းခြံလို့ ခေါ်ဝေါ်နေကြတဲ့ပန်းခြံကို မူလ ဦးဥတ္တမ ပန်းခြံအဖြစ်အသုံးပြုခွင့်ပြုရန်အဆိုကို ဆောင်ရွက်ရန်အလေးအနက် ထောက်ခံတင်ပြ အပ်ပါတယ်ရှင်။

_____ Zaw Khaing Thant

Wednesday, 10 September 2014

ဝပ်စင်းခဲ့ လျှက် နေကြချေပြီ


ဝပ်စင်းခဲ့ လျှက် နေကြချေပြီ
================
အာဇါနည်မျိုး သေရုံးမရှိ ဟု ဆိုရိုးစကားပုံတွေထဲမှာ တည်ရှိနေသောစကား ။ ခုတော့လဲ ၀ိညဉ်နိုး ထလာခဲ့ ချေပြီ ။ လွန်ခဲ့ တဲ့  နှစ်ပေါင်း-ရ၅-ခုနှစ်က ပျံလွန်တော်မူသွားတဲ့  ဆရာတော်ဦးဥတ္တမ၏ နှစ်ပါတ်လည်နေ့ ကို မြန်မာနိုင်ငံတ၀ှမ်းရော ပြည်ပနိုင်ငံရောက် ရခိုင်လူမျိုးတွေ ကျင်းပနေကြသည် ။ သူတို့ ၏ ရင်ထဲမှာ အာဇါနည်ဆရာတော် မသေသေးပါလား ။

သူ့ ကျွန်ဘ၀က လွပ်မြောက်ရေးအတွက် နိုင်ငံရေးအကြမ်းမဖက်တဲ့  နည်းနဲ့  တိုက်ပွဲဝင်ခဲ့ တဲ့  အာဇါနည်ခြေတော်ရင်းမှာ ဒူးထောက်သစ္စာတိုင်တည်နေကြသည်ကို မြင်တွေ့ ရသည် ။ မျက်ရည်များက တားမရ ။ ရင်ဘတ်ထဲမှာ ဆို့ နစ်စွာခံစားနေရသည် ။ အမြို့ မြို့ နယ်တိုင်းက အမျိုးကိုချစ်သောသူတွေ ခုတော့ ဦးခိုက်ဝပ်စင်း နေကြသည်ကို သတင်းဓါတ်ပုံများမှာမြင်ရသည် ။

မြန်မာနိုင်ငံတော်လွပ်လွပ်ရေး ရရှိခဲ့ ပြီသည်မှာ ကြာပြီ ။ သို့ လင့်ကစား သူတို့ သည် လွပ်လွပ်ရေး၏ စစ်မှန်သောအရသာကို မခံစားရသေးဟု သူတို့ ကိုယ် သူတို့  သိနားလည်နေကြသည် ။ ခုတော့မူ ကျေးဇူးရှင် မြန်မာ့လွပ်လွပ်ရေး မီးရှူးတန်ဆောင် အာဇါနည်အရှင် ဆရာတော်ဦးဥတ္တမ၏ ခြေတော်ရင်းမှာ သူတို့  တခုခုကို ရင်၌စူးရှစွာ ခံစားယင်း တညီတညွတ် သစ္စာဆိုနေကြပြီ ။ သို့ သော် သူတို့ ၏ မျက်နာပြင်များမှာ ရုန်းရင်းကြမ်းတမ်းသော အသွင်မတွေ့  ။ လက်နက်ဆို၍ အပ်တိုတချောင်းမပါဘဲ နိုင်ငံရေးအခန်းအနား တခုကို ကျင်းပနေကြခြင်းဖြစ်သည် ။ ဒေါသအမျက် ထွက်စရာ မရှိကြ ။
တဦးကို တဦး ထုတ်ဖေါ် မပြောဆိုကြသော်လည်း ခြေတော်ရင်းမှာ ဦးခိုက်နေကြသော အကြမ်းမဖက် ငြိမ်းချမ်းရေးလမ်းစဉ်ကို လိုက်နာပါ့မည်ဟု သူတို့ ရင်ထဲမှာ မြည်တွန်နေကြသည် ။ သူတို့ ၏ ရင်ဘတ်ထဲက အသံများသည် ကမ္ဘာတခုလုံးကို ကြက်သီးဖြန်းဖြန်း ထစရာဖြစ်ခဲ့ ပြီ ။

ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်သော သူအပေါင်းတို့ သည် ယနေ့ တွင်ကား တည်ငြိမ်သော မင်္ဂလာရှိသည့် ခန့် ငြားခြင်း နိမိတ်ပုံဖြင့် ကမ္ဘာကို စိန်ခေါ်ခဲ့ ချေပြီ ။ မြန်မာနိုင်ငံ၏ အမျိုးဘာသာ-သာသာနာကို ချစ်မြတ်နိုးစွာဖြင့် နယ်မြေကတုပ်ကို ခုခံကာကွယ်ဘို့  အရိုးကို ခြံစည်းကာ၍ မည်သည့်လူစားမျိုးကိုမျှ မကြောက်မရွံ့  တုန့် ပြန်ကြမည်ဟု သူတို့ ထုတ်ဖေါ်ပြသနေကြသည် ။
မျက်ရည်ဝဲစွာဖြင့် အမိမြေကို ကာကွယ်ကြမည့် အာဇါနည်မျိုးဆက်သစ်တို့ နှင့် သက်ကြီးရွယ်အို မျိုးချစ်ပုဂ္ဂိုလ်တို့ သည်၎င်း- ရဟန်းင်္သဃာတော်မြတ်များသည်၎င်း နှလုံးသားထဲက စိမ့်ဆင်းလာသော အမျိုးချစ်စိတ်များကို ဆက်ထက်တိုးပွားနေကြသည်ဟု ကျွန်တော်သိနေသည် ။ ယင်းသို့ သိလေ ကျွန်တော့်ရင်ကား ခုန်၍နေဆဲသည်ချည်း ။

အတိတ်ဆိုသော လွန်ခဲ့ သော -ရ၅-ခုနှစ်သည် သူတို့ အတွက် ပူပူနွေးနွေးလို ဖြစ်နေပြီ ။ ယနေ့ ဆိုသော ပစ္စုပန်သည် ချူ ပ်ငြိမ်းသွားသည့်တိုင် မနက်ဖန်ဆိုသော အနာဂါတ်၌ အမျိုးချစ်စိတ်တို့ သည် အာဇါနည်ခြေရင်းမှာ ၀ပ်စင်းဖူးမျှော်ချိန်တွင် ပေါက်ဖွားခဲ့ ကြပြီမို့  ( ကြောက်မွှေးပါရင် ဇါဂနာနဲ့  နုတ်တော့ ) ဟု ဆိုသလို သေသေချာချာ နုတ်ရဲ မည့် လူစားများ ဖြစ်ကြပြီ ။ သူတို့ ၏ ဆန္ဒတွေကား ပြင်းပြင်းပြပြ မီးတောင်ကြီး ပေါက်ကွဲသလို ဖြစ်နေသည် ။ ဤသည်မှာ ကျွန်တော်၏ အမြင် ယုံကြည်ချက်ဖြစ်သည် ။

ဤယုံကြည်ချက်ကို ဆုပ်ကိုင်ထားရန် အရေးကြီးသည် ။
ဤယုံကြည်ချက်သည် အာဇါနည် ခြေတော်ရင်းမှာ အဓိကသစ္စာတိုင်ကြခြင်းဖြစ်သည် ။
ဤယုံကြည်ချက်သည် အမျိုးဘာသာအတွက် အလွန်မီးမောင်းထိုးပြနေခြင်းဖြစ်သည် ။
ဤယုံကြည်ချက်ကား ထိမ်းသိမ်းကာကွယ် စောင့်ရှောက်နေခြင်းဖြစ်သည် ။
ဤယုံကြည်ချက်ကား ဗုဒ္ဒဘာသာကို ကာကွယ်ခြင်းဖြစ်သည် ။
ဤယုံကြည်ချက်ကား မြန်မာနိုင်ငံကို ကာကွယ် ခြင်းဖြစ်သည် ။
ဤယုံကြည်ချက်ကား ရခိုင်လူမျိုးကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်သည် ။
ဤယုံကြည်ချက်ကား အဓိဋ္ဌန်ဖြစ်သည် ။

ကမ္ဘာ တခုလုံးသည် မြန်မာနိုင်ငံအတွက်ရော ရခိုင်လူမျိုးတွေအတွက်ရော ယခုအချိန်မှာ ဗုဒ္ဒဘာသာနိုင်ငံမှ ကွယ်ပျောက်သွားမည့် အရေးကို ကာကွယ်စောင့်ရှောက်ပေးရန် သတိတရား ရှိနေကြချိန်ဖြစ်သည်ဟု ထင်သည် ။ ဤကဲ့ သို့ သာ ရင့်ကျက်တည်ငြိမ်စွာဖြင့် ကျေးဇူးရှင် အာဇါနည် ဆရာတော် ဦးဥတ္တမ၏ ခြေတော်ရင်းထံပါးမှာ ၀ပ်စင်းနေကြသမျှ မည်သည့်နိုင်ငံကမျှ ခြိမ်းခြောက်၍ မရချေ ။ အဘယ့်ကြောင့်ဆိုသော် သူရဲကောင်းများစွာတို့ သည် ကျွန်တော်တို့ ၏ မျက်စေ့ရှေ့မှာပင် ပေါ်ထွန်းနေကြသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ နေကြရပေပြီ ။

၎င်းသူရဲကောင်းများကား ဆရာတော်ဦးဥတ္တမ၏ နှစ်ပါတ်လည် -ရ၅-ခုနှစ်မြောက် စိန်ရတုနေ့ ကို ကျင်းပကြရန် တက်ရောက်ကြသည့် သူများပင် ဖြစ်သည်ဟု ကျွန်တော်ပြောရဲသည် ။ ဤသူရဲကောင်းများ ရှိနေသရွေ့  မြန်မာနိုင်ငံသည် မည်သည့်အခါမျှ ကမ္ဘာ့မြေပုံပေါ်က ပျောက်ကွယ်သွားရလိမ့်မည်မထင် ။
သူရဲကောင်းများအား လေးစားဦးခိုက်ယင်း အာဇါနည်မျိုး သေရိုးမရှိဟု ပြောပြချင်ပါတော့သည် ။။။။။။။။။
ခိုင်အောင်ကျော် ( နယူးယောက် )

Monday, 8 September 2014

ပြည်ထောင်စု၏ ဗိသုကာ (သို့မဟုတ်) လွတ်လပ်ရေး ဗိသုကာ

စာရေးသူ – ခိုင်လင်း (မေဃဝတီ)

၁၉၃၉ စက်တင်ဘာလ (၉) ရက်နေ့ဟာ မြန်မာ့လွတ်လပ်ရေး ဗိသုကာ တနည်းအားဖြင့် ပြည်ထောင်စု တည်ဆောက်ရေးကို မျိုးစေ့ချပေးခဲ့တဲ့ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသည့်နေ့ (၇၁) နှစ် ကြာခဲ့ပါပြီ။ သူ့ခေတ်က တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်တွေကို တနင့်တပိုးကြီး ထမ်းဆောင်ခဲ့တဲ့ လှပတဲ့ သမိုင်းတွေဟာ ဘယ်လောက်ဘဲကြာကြာ ဆွေးမြေ့မသွား၊ ကွယ်ပျောက်မသွားဘဲ ရှင်သန်နေဆဲ ဖြစ်ပါ တယ်။

ဆရာတော်ဦးဥတ္တမရဲ့ သမိုင်းတွေကို အင်အားတွေနဲ့ ချေဖျက်ခြင်းကို ခံနေရပေမယ့် သူ့သမိုင်းကတော့ သမိုင်းအဖြစ် ရှိနေအုံးမှာပါ။ ပြောရရင် အနှိမ်ခံသမိုင်းအဖြစ်၊ ဆရာတော်ဦးဥတ္တမနဲ့ ပတ်သက်လို့ စာရေးဆရာ ပါရဂူ ဆရာတစ်ဦးက ၁၉၉၆ စစ်တွေ စာပေဟောပြောပွဲတခုမှာ “လွတ်လပ်ရေးအတွက် မျိုးစေ့ချပေးခဲ့တဲ့ ဆရာတော် ဖြစ်ပေမယ့် နောက်ပိုင်းမှာ ထိုက်တန်တဲ့ အသိအမှတ်ပြုမှု မရရှိခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ကြိုးပမ်းမှု အတွက် တိုက်ပွဲဝင်တဲ့ ဆရာတော် နှစ်ပါးရှိပါတယ်။ တစ်ပါးက ဦးဝိစာရ၊ အားလုံးသိတဲ့အတိုင်း ရွှေတိဂုံဘုရား ရှေ့မှာ ကြေးရုပ်တုလုပ်ပြီးထားတယ်၊ နောက်တစ်ပါးက ဆရာတော် ဦးဥတ္တမ၊ ဆရာတော်ဦးဥတ္တမဟာ ဦးဝိစာရထက် အဆပေါင်းများစွာ ကြိုးပမ်းလှုပ်ရှားခဲ့တယ်၊ ဒါပေမယ့် အသိအမှတ် မပြုခဲ့ကြဘူး။ (ဖဆပလ) အစိုးရလက်ထက်မှာ ရွှေတိဂုံဘုရားဘေးက ကန်တော်မင်း ပန်းခြံကို ဦးဥတ္တမပန်းခြံ လုပ်ပြီးတော့ ပန်းခြံထဲမှာ ဦးဥတ္တမကျောက်ရုပ်တု ထားရှိဖို့ အစီအစဉ်ရှိတယ်၊ ကျောက်ရုပ်ထုတောင် ထုလို့ပြီးနေပြီ။ အဲဒါ ဘယ်လိုဖြစ်သွားလဲ မသိဘူး။ ဖြစ်မလာခဲ့ဘူး။ ဆရာတော် ဦးဥတ္တမ ကျောက်ရုပ်တုဟာ နှစ်တွေ ကြာလာတဲ့အခါမှာ ပန်းပုဆရာ ဦးဟန်တင်ခြံကို ရောက်သွားတယ်။ ကျွန်တော် ဦးဟန်တင်အိမ်ကို ရောက်ဖြစ်ခဲ့တယ်။ ကိစ္စက အိန္ဒိယ သာသနပြု ဆရာတော် စန္ဒြာမုနိရုပ်တု ကြောင့်ပါ။

အဲဒီညနေခင်းက ဘုရားကြီးမှာ ဆရာတော် စန္ဒြာမုနိရုပ်တုကို တွေ့ခဲ့တယ်။ ဆရာတော်ရုပ်တု ဖြစ်မြောက်ရေး ကော်မတီမှာ ကျွန်တော်လည်းပဲ ပါခဲ့တယ်။ အဲဒီ ရုပ်တုကို အိန္ဒိယကို ပို့မယ်၊ ဒါပေမယ့် ပို့လို့မရတာ ကြောင့် ဒီမှာထားတာ ဖြစ်ပါတယ်။ ဆရာတော်ဦးဥတ္တမ ရုပ်တုလည်း ဒီအတိုင်းရှိမယ်ထင်တယ်။ “နိုင်ငံတော် အနေနဲ့ ထိုက်တန်စွာ ဘာကြောင့် အသိအမှတ် မပြုသလဲ၊ ကျနော် လေ့လာဖူးသလောက် ပြောရရင် ရခိုင်တွေကတော့ ဆရာတော် ဦးဥတ္တမဟာ ရခိုင်ဖြစ်လို့ ခံယူကြတယ်။

ရခိုင်လူမျိုးဖြစ်တဲ့ ဆရာတော် ဦးဥတ္တမဟာ တကယ့်တော့ ရခိုင်လူမျိုးတွေကပါ သိပ်ပြီးတော့ အသိအမှတ် ပြုချင်ကြတာ မဟုတ်ပါဘူး။ ရခိုင်လူမျိုးတွေအတွက် မလုပ်ခဲ့လို့တဲ့။ အဲဒီအချိန်တုံးက ရခိုင်လူမျိုးတွေဟာ နှစ်ထပ်ကွမ်း ကိုလိုနီဘ၀ပါ။ (၁၇၈၄) မှာ ရခိုင့်နိုင်ငံတော်ဟာ မြန်မာ (ဗမာ) နိုင်ငံက ၀င်ရောက် သိမ်းပိုက်မှုခံခဲ့ရတယ်။ ဆရာတော် ဦးဥတ္တမကို (၁၇၈၉) မှာ မွေးတယ်။ ဆရာတော်ကို မွေးဖွားလာတဲ့ အချိန်မှာ ရခိုင်တွေ ကိုလိုနီဘ၀မှာ (၉၅) နှစ်ဘဲ ရှိပါသေးတယ်။ (၁၇၈၄) ကို အခြေခံပြီး တွက်ရင် ဆရာတော် ဦးဥတ္တမက တတိယမျိုးဆက်မှာ မွေးဖွားလာတဲ့သူ၊ ပြောရရင် ဆရာတော့်အဖိုး ကိုယ်တိုင် ရခိုင်တွေရဲ့ ထီးကျိုးစည်ပေါက် ကိုယ်တွေ့ အတွေ့အကြုံတွေကို မြေးဖြစ်သူကို ပြောဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်းပဲ ထင်ပါတယ်၊ ဆရာတော်ဟာ ရခိုင်တွေရဲ့ နှစ်ထပ်ကွမ်း ကိုလိုနီ ဘ၀က လွတ်မြောက်ရေး တခုတည်းကို မကြည့်ခဲ့ပါဘူး။ ဒါပေမယ့် ရခိုင်လူမျိုးဖြစ်တဲ့ ဆရာတော် ဦးဥတ္တမဟာ ရခိုင့်နိုင်ငံတော် ကိုလိုနီဘ၀က လွတ်မြောက်ရေးထက် ဒီနေ့ မြန်မာနိုင်ငံလို့ သတ်မှတ်ထားတဲ့ ဧရိယာထဲမှာ ရှိနေတဲ့ ဘ၀တူ တိုင်းရင်းသားပေါင်းစုံ လွတ်မြောက်ရေးကို ရှေ့ရှုခဲ့တယ်။ အဲဒီအတွက် လှုပ်ရှားခဲ့တယ်။ ဆိုတော့ အခြေ အနေအရ ပေါ်ပေါက်လာတဲ့ ပင်လုံထက်စောစီးစွာ ဆရာတော်က ပြည်ထောင်စု စိတ်ဓာတ်နဲ့ ပြည်ထောင်စု မျိုးစေ့ကို ချပေးခဲ့တယ်။

ပြည်ထောင်စုတည်ဆောက်ရေး ရှေးရှုမှုတွေနဲ့ လွတ်လပ်ရေး မီးရှုးတန်ဆောင်ကို ထွန်းညှိခဲ့တယ်။ ဆရာတော် ဦးဥတ္တမရဲ့ ပြည်ထောင်စု တည်ဆောက်ရေး အတွေးအခေါ်တွေကြောင့် အဲဒီခေတ် ရခိုင် လွတ်လပ်ရေး အင်အားစုတွေဟာ ဆရာတော်ကို မနှိက်ခြိုက်ကြဘူး။ အဲဒီခေတ်ရဲ့ ရိုက်ခတ်မှုတွေဟာ ဒီနေ့အချိန်ထိ သက်ရောက်မှုတွေ ပျက်ပြယ်သေးတာ မဟုတ်သေးဘူး။ ဒါပေမယ့် တချို့ ရခိုင် အင်အားစုတွေ အဖွဲ့အစည်းတွေက ပြည်ထောင်စု တည်ဆောက်ရေးလုပ်ခဲ့တဲ့ ဆရာတော် ဦးဥတ္တမကို ရခိုင်ဖြစ်လို့ နိုင်ငံအသိအမှတ်ပြုမခံရတာကို တော်လှန်တဲ့အနေနဲ့ လှုပ်ရှားမှုတွေ လုပ်ကြတာကို တွေ့ရပါတယ်။

ဒီနေ့ ဆရာတော် ဦးဥတ္တမ ခင်းခဲ့တဲ့ လမ်းကြောင်းကို ချီတက်နေတဲ့ ဘုန်းကြီးအချို့တောင် အသိအမှတ် ပြုချင်ပုံ မပေါ်ပါဘူး။ ဆရာတော် ဦးဥတ္တမရဲ့ တနင့်တပိုးကြီး ထမ်းဆောင်ခဲ့တဲ့ သမိုင်းပေးတာဝန်တွေကို တောင် ချောင်ထိုးချင်ပုံပါဘဲ။

ဆရာတော် ဦးဥတ္တမရဲ့ တိုင်းပြည် လွတ်မြောက်ရေးလှုပ်ရှားမှု သမိုင်းတွေအရ ကောက်ချက်ချရရင် ဆရာတော် ဦးဥတ္တမဟာ ပြည်ထောင်စု ဗိသုကာအဖြစ် မော်ကွန်းထိုးရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုစနစ်နဲ့ ပြည်ထောင်စု မတည်ဆောက်ချင်သူတွေ ပြည်ထောင်စု အမည်ခံပြီး တပြည်ထောင်စနစ် (သို့မဟုတ်) ပဉ္စမ မြန်မာ နိုင်ငံတော်ကို တည်ဆောက်ချင်သူတွေ အတွက်တော့ ဆရာတော် ဦးဥတ္တမကို နိုင်ငံတော်အနေနဲ့ ထိုက်ထိုက် တန်တန် ဂုဏ်မပြုဘဲ ဆက်လက်ချိုးနှိမ်အုံးမှာကတော့ သေချာပါတယ်။

၁၉၉၆ စစ်တွေ စာပေဟောပြောပွဲမှာ ဆရာပါရဂူက “ဆရာတော်ကို မေ့မထားသင့်ပါ၊ စစ်တွေမှာ ဆရာတော် နာမည်နဲ့ ခန်းမဆောက်ပြီး ကြေးရုပ်တုရှိတယ်၊ ကျွန်တော် အများကြီး ၀မ်းသာ ကြည်နူးမိတယ်။ ဒီအတိုင်း အတာနဲ့ အားမရပါ။ နိုင်ငံအတိုင်းအတာနဲ့ လုပ်စေချင်ပါတယ်” လို့ စာရေးဆရာ ပါရဂူက ဆရာ ပြောကြားခဲ့တဲ့ မှတ်တမ်းကို ကျနော် လေ့လာ ဖတ်ရှုခွင့် ရခဲ့တယ်။

ဆရာတော် ဦးဥတ္တမကို မြန်မာ့လွတ်လပ်ရေး၏ တပ်ဦး၊ မြန်မာ့လွတ်လပ်ရေး၏ မီးရှုးတန်ဆောင်၊ မြန်မာ့ လွတ်လပ်ရေး အစ ဦးဥတ္တမ၊ မြန်မာ့လွတ်လပ်ရေး၏ လင်းရောင်ခြည်၊ အာဇာနည် ဦးဥတ္တမ၊ အကြမ်းမဖက် လှုပ်ရှားမှု ခေါင်းဆောင်၊ အာရှနေ၀န်း၊ အဖိနှိပ်ခံအားလုံး၏ သင်္ကေတ စသည့် ဂုဏ်ပုဒ်တွေဟာ စာထဲမှာ ရှိပြီး လက်တွေ့ ဘာမှ မရှိခဲ့ပါဘူး။ ဆရာတော်လည်း ဗုဒ္ဓဘာသာ သဘောအရ ၀ဋ်လည်ရှာတယ်နဲ့ တူတယ်။ မြန်မာနိုင်ငံရဲ့ မြို့တော်ရန်ကုန်မှာ ဦးဥတ္တမလမ်း၊ ဦးဥတ္တမပန်းခြံ၊ ဦးဥတ္တမခန်းမ၊ ဦးဥတ္တမရုပ်တု ဘာမှ မရရှိခဲ့ဘဲ ဆရာတော် ဦးဥတ္တမ ပြောခဲ့ဖူးသလို “ဂရက်ဒေါက် ဂတ်ဒ်အောက်” ဆိုပြီး အင်္ဂလိပ်ဘုရင်ခံချူပ် ကို မြန်မာပြည်ကနေ မောင်းထုတ်ခဲ့တဲ့အတိုင်း ခုလည်းပဲ “ဦးဥတ္တမ ဂတ်ဒ်အောက်” ဆိုပြီး နှင်ထုတ်ခံခဲ့ရတော့ ရခိုင်ပြည်ကို ပြန်လာခဲ့ရတယ်နဲ့ တူပါတယ်။

ဆရာတော် ဦးဥတ္တမအကြောင်း ဆောင်းပါးရေးရင်းနဲ့ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးသမိုင်း ဖြစ်စဉ်ကို သွားပြီးတော့ သတိရမိတယ်။ နေရူးကို အိန္ဒိယ သမိုင်းဆရာတွေက အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး ဖခင် အဖြစ် မော်ကွန်းမထိုးဘူး။ မဟတ္တမ ဂန္ဒီကြီးကို လွတ်လပ်ရေးဖခင်အဖြစ် မော်ကွန်းထိုးခဲ့ကြတာကို သတိရ သွားတယ်။ ကျွန်တော်တို့ နိုင်ငံက ဆရာတော် ဦးဥတ္တမကို လွတ်လပ်ရေးမော်ကွန်းထိုးဖို့ အဆိုတင် သွင်းရင် တော်တော်လည်း အုတ်အော်သောင်းနင်း ဖြစ်သွားမလား မသိဘူး။ ရန်ကုန်မှာ ဦးဥတ္တမ ပန်းခြံကို ပြန်ရုတ်သိမ်း၊ ဦးဥတ္တမ ရုပ်တုက ပန်းပုဆရာ ဦးဟန်တင်ရဲ့ အိမ်ကို ရောက်သွား၊ ဒီတစ်ခါ လွတ်လပ်ရေး ဖခင်အဖြစ် မော်ကွန်း ရေးထိုးပေးဖို့ တောင်းဆိုရင်တော့ စစ်တွေမှာရှိတဲ့ ဆရာတော် ဦးဥတ္တမရဲ့ အထိမ်းအမှတ်တွေအားလုံး ပြန်ပြီးတော့တောင် ရုတ်သိမ်းပစ်သွားမလားဆိုတာ မပြောနိုင်ဘူး။

ဘာပဲပြောပြော အင်အားရှိသူတွေဟာ သမိုင်းကို အသစ်ပြန်ရေးနိုင်ကြတော့ အဲဒီလို အင်အားနဲ့ သမိုင်းကို အသစ်ပြန်ရေးရင်း တဖက်မှာလည်း သမိုင်းမှန်တွေကို ချေဖျက်ပစ်တတ်ကြတယ်။ ဒါပေမယ့် အမှန်တရားက တော့ တနေရာမှာ ခေါင်းမော်ကြည့်နေမှာပါ။

http://arakanreview.net/?p=1887&cpage=1#comment-390

မြန်မာနိုင်ငံ၏ ပထမဆုံးအာဇာနည်နေ့

မြန်မာနိုင်ငံသမိုင်းတွင် အာဇာနည်နေ့ကို ဇူလိုင်လ ၁၉-ရက်နေ့ဟု သတ်မှတ်ထားသည်။ အကြောင်းမှာ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံခေါင်းဆောင်ကြီးများကို သတ်ဖြတ် လိုက်သည့်နေ့ဖြစ်ပါသည်။  ဤနေ့ကို သတိရစေရန် ဂျုလိုင်လ ၁၉ ရက် နေ့ရောက်တိုင်း အာဇာနည်နေ့ကို ကျင်းပကြသည်။ အမှန်အားဖြင့် ဇူလိုင်လ ၁၉ ရက်နေ့သည် မြန်မာနိုင်ငံသမိုင်းတွင် ပထမဦးဆုံး အာဇာနည်နေ့ မဟုတ်၊ ပထမဆုံး အာဇာနည်နေ့ကား ၁၉၂၁ ခ၊ု မတ်လ ၂၁ ၊ရက်နေ့ဖြစ်သည်။ ဤနေ့တွင် ဆရာတော်ဦးဥတ္တမအား ဖျာပုံ စိစရိတ်ရာဇာဝင် တရားသူကြီးရုံး၌ အမူစစ်ဆေး သည့် နေ့ပင်ဖြစ်ပါသည်။

ဆရာတော် ဦးဥတ္တမသည် ၁၉၂၁ ခုနှစ် မတ်လတွင် နောက်ပါ ဦးဝေပုလ္လ ကိုယ်တော်၊ ဦးဘစော၊ မဒန်ဂျစ်၊ ကျောင်းဆရာ ကိုသတ်ပန်တို့နှင့်အတူ အောက်ပြည်အောက်ရွာကိုလှည့်၍ နိုင်ငံရေးတရားဟော၍ စည်းရုံးခြင်း၊ အမျိုးသားရေး စိတ်ဓာတ် နိုးကြားအောင်  ဆောင်ရွက်ခဲ့ပေသည်။ ဤသို့ဆောင်ရွက်နေစဉ် ဧရာဝတီတိုင်း ကျောင်းကုန်းမြို့သို့ရောက်ပြီး နိုင်ငံရေး တရားဟောနေစဉ် ဗြိတိသျှအစိုးရက ဆရာတော်အား ရာဇာသတ်ကြီး ပုဒ်မ ၁၂၄ (က) နှင့် ၁၃၅ (က) အရ ဖမ်းဆီးလိုက် လေသည်။ ဖမ်းဆီးပြီး ဖျာပုံမြို့ ရာဇာဝတ် တရားသူကြီးရုံး၌ ၁၉၂၁ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အမူစစ်ဆေးသည့်နေ့ကို မြန်မာနိုင်ငံအဝှမ်း အာဇာနည်နေ့ဟူ၍ သတ်မှတ်လိုက်သည်။ တိုင်းရင်းသားများအားလုံးက ကြည်ညိုလေးစားခြင်း ခံရ သော ဆရာတော် ဦးဥတ္တမအား ဤသို့ တရားစွဲ အမှုစစ်ဆေးသည့်နေ့ကို အာဇာနည်နေ့ဟူ၍ သတ်မှတ်လိုက်ခြင်းနှင့် ပတ်သက်၍ အကျွန်၏ မြန်မာနိုင်ငံအမျိုးသား ပညာရေး သမိုင်းစာအုပ် စာမျက်နှာ ၁၁၄- တွင် ၁၉၂၁-ခု ဧပြီလ ၁၁-ရက်နေ့ ကျင်းပသော မြန်မာပြည်လုံးဆိုင်ရာ သပိတ်မှောက် အထက်တန်းကျောင်းသားများ၏ ကွန်ဖရင့်တွင် အင်္ဂပူမြို့မှ ဦးမောင်လူဖေဝင်းက “ဦးဥတ္တမ ကိုယ်တော်သည် အမိနိုင်ငံအတွက် တန်ဘိုး မဖြတ်နိင်လောက်အောင် အမူထမ်းသဖြင့် ကျေးဇူးတင်ရှိကြောင်းနှင့် ဦးဥတ္တမ ကိုယ်တော်အား ဖမ်းဆီးလိုက်သဖြင့် များစွာဝမ်းနည်းကြောင်းကို မှတ်တမ်းတင်ရန်” အဆိုတင်သွင်းရာ ရန်ကုန်အမျိုးသမီး အထက်တန်းကျောင်းမှ မခင်လေးက ထောက်ခံသဖြင့် ကွန်ဖရင့်က ပြဌာန်း ဆုံးဖြတ် လိုက်ပါသည်။

၁၉၂၁-ခု၊ မတ်လ ၂၁-ရက်နေ့တွင် ဖျာပုံဒိစရိတ် ရာဇာဝတ်တရားသူကြီးရုံး၌ စစ်ဆေးမည်ဟု တရားသူကြီးက အမိန့်ချမှတ် ထား၏။ ထို့နေ့တွင် မြန်မာတဝှမ်းလုံးရှိ ဈေးဆိုင်များ၊ ဈေးများ၊ အလုပ်အကိုင်များပိတ်၍ အခြား အလုပ်အကိုင်များကိုပါ ရပ်၍ ဥပုဒ်သီလ ဆောက်တည်ကြရန် ၁၉၂၁-ခု၊ မတ်လ ၁၃-ရက်နေ့ ဗဟန်း ဥပသကာဇရပ်၌ ကျုင်းပသော ရန်ကုန်မြို့ အသင်း အစည်းအဝေးက အကြံပေးသည့်အတိုင်း မြန်မာကောင်စီကလည်း သဘောတူခဲ့ပေသည်။ ဦးဥတ္တမ ကိုယ်တော်အား အမှုစစ်ဆေးသည့်နေ့တွင် မြန်မာတနိုင်ငံလုံး တိတ်ဆိတ်နေ၏။ အလုပ်တိုက်များကိုလည်း ပိတ်ထား ကြ၏။ အလုပ်အကိုင်များကို ရပ်ထားကြ၏။ အမျိုးသားကျောင်းများကို ပိတ်ထားကြ၏။ တပြည်လုံးနှင့်အဝှမ်း ပထမဆုံး ဝမ်းနည်းသည့် အထိမ်းအမှတ်ဖြစ်သော အာဇာနည်နေ့ကား ဦးဥတ္တမကိုယ်တော်ကို အမှုစစ်ဆေးသည့်နေ့ပင် ဖြစ်သည်ဟု မှတ်တမ်း တင်ထားပေသည်။

မတ်လ-၂၁ ရက်နေ့ ပထမဆုံး၊ ဇူလိုင်လ-၁၉ ရက် ဒုတိယ အာဇာနည်တို့ ဖြစ်ရပ်နှင့် အခြေအနေတို့ မတူပါ။ ပထမ အာဇာနည်နေ့သည် မြန်မာလွပ်လပ်ရေးတိုက်ပွဲတွင် မဟုတ်မခံ မြန်မာသတ္တိကို ပြလိုက်သည့်နေ့ဖြစ်သည်။ ဒုတိယ အာဇာနည်နေ့ကား မတော်တရား လုပ်ကြံခံလိုက်ရသည့် အာဇာနည်နေ့ဖြစ်သည်။ ပထမ အာဇာနည်နေ့ကား ညအခါတွင် စန္ဒာလမင်း ထွက်ပြီး တညလုံး ထိန်လင်းနေသည့်ပမာ မြန်မာနိုင်ငံ၏ အလင်းရောင်သည် ကျက်သရေ ပြည့်နှက်ပြီး ထိန်လင်း နေပါသည်။ ဤတွင် စန္ဒာလမင်းကား ဆရာတော် ဦးဥတ္တမ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အမှောင်ကို အလင်းရောင်ရအောင် ထွန်းလင်းပေးသော အမျိုးသားခေါင်းဆောင်ဖြစ်သည်။ ဒုတိယ အာဇာနည်နေ့ကား မြန်မာနိုင်ငံ၏ အလင်းကို အမှောင်ထု ကျသွားသကဲ့သို့ ဖြစ်သွားသည့် နေ့ဖြစ်သည်။ ပထမ အာဇာနည်နေ့ကား မိုးတိမ်မိုးရိမ်များကို ဖယ်ရှား၍ တနေ့လုံး ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံအောင် ဆောင်ရွက်ပေးသည့် ဆရာတော် ဦးဥတ္တမကား သူရိယ နေမင်းကြီးကဲ့သို့ ရှိပေသည်။ ဒုတိယ အာဇာနည်နေ့ကား နေ့အခါတွင် နေမထွက်ဘဲ မိုးရိပ်မိုးသား ဖုံးလွမ်းနေသည့် အမှောင် ကျနေသည့် နေ့နှင့် တူပေသည်။ ခေါင်းဆောင်ကြီးများကို အစားထိုး၍မရ၊ ခေါင်းဆောင်များကို ခေါင်းဆောင် နေရာမှာ ထားနိုင်အောင် အကျွန်တို့ နိုင်ငံသားများ၊ နိုင်ငံ့ကောင်းဆောင်များ စိတ်ဓာတ်ရေးရာ ပြောင်းလဲသင့်သည်။ ခေါင်းဆောင်ကို ချိုးနှိမ် သတ်ဖြတ်သည့် မြန်မာ့အစဉ်အလာကား ကုန်းဘောင်ခေတ်တွင်လည်း ရှိခဲ့သည်။ ဤမကောင်းသည့် အစဉ်အလာကို အကျွန်တို့ အားလုံးက ဖျက်ပယ် ရပ်တန့်သင့်ပါသည်။ ဤအစဉ်အလာကို ရပ်ပြီး အာဇာနည်နေ့ကို ဂုဏ်ပြု အလေးပေးသင့်သည်။ “အာဇာနည်ဆိုသည်မှာ မှန်ကန်သည်ကို မှန်ကန်သည်ဟု မြင်ပြီး ကိုယ်ကျိုးစွန့်ကာ လူမျိုးနှင့် တိုင်းပြည်အတွက် ဆောင်ရွက်သည့် စိတ်ဓာတ်နှင့် ကိုယ်ကျင့် တရားတို့ဖြစ်ည်။ တနည်း အားဖြင့် ဆိုသော် အာဇာနည်ဆိုသည်မှာ ဘုရားလောင်းတို့၏ သတ္တိဗျတ္တိကို ဆိုလိုသည်။”

ဆရာတော် ဦးဥတ္တမကား အသက်ငယ်ငယ်ပင် ရှိသေးသည်။ သို့သော် ဆရာတော်သည် လွတ်လပ်ရေးမျိုးစေ့ကို မြန်မာနိုင်ငံ၌ ပထမဆုံးချပေးခဲ့သော အာဇာနည်ပင် ဖြစ်ပေသည်။ မြန်မာနိုင်ငံ၌ အကြမ်းမဖက် ဝါဒကို ဦးစွာပထမ မျိုးစေ့ ချခဲ့ပြီး လက်တွေ့ကျင့်သုံးခဲ့သော အာဇာနည်တစ်ဦးလည်း ဖြစ်ပေသည်။ ထို့အပြင် ဆရာတော်သည် အူရဒူဘာသာ၊ ဟိန္ဒူဘာသာ၊ ပါဋ္ဌိဘာသာ၊ သက္ကဋဘာသာ၊ ကိုးရီးယန်ဘာသာ၊ ရုရှဘာသာ၊ ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ဗမာဘာသာ တို့ကို ကျွမ်းကျွမ်းကျင်ကျင်တတ်သော ပညာရှင် အာဇာနည်တပါးလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံသမိုင်း၌ လည်းကောင်း၊ အရှေ့တောင်အာရှနိုင်ငံသမိုင်း၌လည်းကောင်း၊ ဆရာတော်ဦးဥတ္တမလောက် ဘာသာစာပေ များများ တတ်ကျွမ်းသည့် ခေါင်းဆောင်ကား ယခုအချိန်ထိ ထွက်ပေါ်လာသည်ကို မတွေ့ရပေ။ ဆရာတော် ဦးဥတ္တမသည် အိန္ဒိယနိုင်ငံ ခေါင်းဆောင် မဟတ္တဂန္ဒိနှင့် နေးရူးကဲ့သို့ ခေါင်းဆောင်များနှင့် လည်းကောင်း၊ တရုတ်နိုင်ငံမှာ ဒေါက်တာ ဆွန်ယက်ဆန်ကဲ့သို့ ပုဂ္ဂိုလ်များနှင့် လည်းကောင်း အလွန်ရင်းနှီးခဲ့ပါသည်။ ဆရာတော်ဦးဥတ္တမခေတ် အခြေအနေကို ကမ္ဘာအဝှမ်း အတိုင်း အတာနှင့်ကြည့်လျှင် ၁၈၈၅-ခုနှစ် အိန္ဒိယနိုင်ငံ ကွန်ဂရက် တည်ထောင်ပြီး အိန္ဒိနိုင်ငံရေးလူပ်ရှားမူ တိုးတက် ကျယ်ပြန့်လာသည်ကို တွေ့ရပေသည်။  ၁၉၁၇-ခုနှစ်တွင် ရုရှနိုင်ငံ၌ ဘော်ရိုဗစ် တော်လှန်ရေး ဖြစ်ပေါ်ခဲ့သည်။ လီနင်၏ ဝါဒများလည်း ကျယ်ပြန့်လာခဲ့သည်။ တရုတ်နိုင်ငံတွင်မူကား ၁၉၁၁-ခုနှစ်တွင် မန်ချုးအစိုးရ အင်အားလျော့နည်းနေသော အချိန်ဖြစ်သည်။ ၁၉၁၀-ခုနှစ်တွင် ဂျပန်က ကိုးရိယားကို တက်သိမ်းသည်။ ဂျပန်နိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများတွင် အရှိန်အဟုန်ပြင်းစွာ တိုးတက်ထွန်းကား လာခဲ့ပေသည်။ ၁၈၆၇-ခုနှစ်တွင် မတ်စူးဟီတို ဘုရင်သည် နန်းတက်ပြီး ဂျပန်နိုင်ငံကို စက်မူလက်မူ နိုင်ငံအဖြစ် တိုးတက်လာရန် ဆောင်ရွက်ခဲ့သော အချိန်ကာလဖြစ်သည်။ ဤခေတ်ကို ဥာဏ်ရောင် လင်းသောခေတ် သို့မဟုတ် မီးကျီးခေတ်ဟု သမိုင်းဆရာတို့က မှတ်တမ်းတင်ကြသည်။ မတ်စူးဟီတို ဘုရင်ခေတ်သည် သက္ကရာဇ် ၁၉၁၂-ခုနှစ်လောက်တွင် ဆုံးခဲ့သည်။ သို့သော် ဤခေတ်တွင် ပြုလုပ်လိုက် သော စက်မှုလက်မူ တော်လှန်ရေးသည် ဂျပန်နိုင်ငံ၏ ကြီးပွားတိုးတက်ရေးတွင် အလွန်အရေးပါလှပါသည်။ ဤကာလတွင် ဂျပန်အစိုးရသည် နိုင်ငံခြားသို့ ဂျပန်နိုင်ငံခြား ပညာတော်သင် ကျောင်းသားပေါင်း ၆၀၀ ကျော်ကို ပြည်ပသို့ ပို့၍ ပညာ သင်ကြားစေခဲ့သည်။

တိုင်းပြည်တစ်ပြည်၏ တိုးတက်မှုသည် ပညာရေးပေါ်တွင် များစွာအခြေခံပါသည်။ ဂျပန်နိုင်ငံက ပညာတော်သင် ၆၀၀ ကျော် လွှတ်ထားသောအချိန်တွင် မြန်မာနိုင်ငံ မင်းတုံးမင်းကြီး လက်ထက်၌ မြန်မာကျောင်းသား ၃၀ ခန့်ကို  နိုင်ငံခြားသို့ ပညာတော်သင် စေလွှတ်ခဲ့သည်။ ဤအချက်ကား လက်ရှိ ဂျပန်နိုင်ငံတိုးတက်မှုနှင့် ယခုလက်ရှိ စုတ်ပြတ်နေသော မြန်မာနိုင်ငံ၏ အခြေအနေကွာခြားမူကို သမိုင်းသာဓကအနေဖြင့် သိမှတ်သင့်သည်။ မီးကျီးခေတ် ဆုံးပြီးနောက် ဂျပန်နိုင်ငံ သည် စီးပွားရေး၊ နိုင်ငံရေး စသည့် အဖက်ဖက်မှ တိုးတက်ထွန်းကားနေသော အချိန်တွင် ဆရာတော် ဦးဥတ္တမသည် ဂျပန်ပြည်၌ တက္ကသိုလ်ပါမောက္ခအဖြစ် အမှုထမ်းလျက်ရိုသည်။ ဂျပန်နိုင်ငံတွင် စက်မှုလက်မှု တိုးတက်ပုံ၊ ကျောင်းသူ ကျောင်းသားများ စာကိုကြိုးစားပုံ၊ မိမိတို့နိုင်ငံတွင် တက်ညီလက်ညီ ကြိုးစားကြပုံတို့ကို  တက္ကသိုလ် ပါမောက္ခ ဆရာတော် ဦးဥတ္တမသည် များစွာ အားကျခဲ့ပေသည်။ မြန်မာလူငယ်များလည်း ဂျပန်တို့လို ကြိုးစားစေလိုသည့် ဆန္ဒ ဂျပန်နိုင်တို့လို တက်ညီလက်ညီ ဆောင်ရွက်လိုသည့် ဆန္ဒကို အခြေခံ၍ ပါမောက္ခ ဆရာတော် ဦးဥတ္တမသည် မြန်မာပြည်တွင် ထုတ်ဝေသော သူရိယသတင်းစာသို့ ဆောင်းပါးများရေးသားပေးပို့ခဲ့သည်။ ၁၉၆၄- ခုနှစ်လောက်တွင် အကျွန်သည် ငွေတာရီ မဂ္ဂဇင်း၌ ဂျပန်ပြည်မှ ဆရာတော် ဦးဥတ္တမ ပေးစာများ ခေါင်းစဉ်ဖြင့် ဆောင်းပါးများ ရေးသားခဲ့ပါသည်။ ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချူပ် ဦးသန့်သည် မြန်မာနိုင်ငံ တနိုင်ငံလုံးက ဂုဏ်ယူသင့်သော နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ထိုနည်းတူ ဗိုလ်ချူပ်အောင်ဆန်းနှင့် သခင်ကိုယ်တော်မှိုင်းလည်း နိုင်ငံခေါင်းဆောင်များ ဖြစ်ကြသည်။

ဤသို့ နိုင်ငံ ကျက်သရေဆောင် အာဇာနည်ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း ဦးသန့်အတွက် အမှတ်ရစေသည့် အုတ်ဂူကို မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်တွင် ထားရှိသည်။ ဆရာကြီး သခင် ကိုယ်တော်မှိုင်းမှင့် ဗိုလ်ချူပ်အောင်ဆန်းတို့၏ အုတ်ဂူများကိုလည်း မြန်မာနိုင်ငံ၏ မြို့တော်ရန်ကုန်တွင် တွေ့ရသည်။ ဆရာတော် ဦးဥတ္တမအတွက်မူ မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်တွင် အမှတ်တရဟူ၍ တစုံတခုမျှ မရှိ။ ထို့ကြောင့် ဆရာတော် ဦးဥတ္တမသည် အမျိုးသားခေါင်းဆောင် မဟုတ်၍ ထိုက်ထိုက်တန်တန် နေရာမပေးလျှင် ဦးသန့်၏ အုတ်ဂူကို ပန်းတနော်သို့ ပြန်ပို့လိုက်ပါ။ ထိုနည်းတူ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကိုလည်း ရွှေတောင်ကို ပြန်ပို့ပေးပါ။ ဗိုလ်ချူပ်အောင်ဆန်းကိုလည်း နတ်မောက်သို့ ပြန်ပို့လိုက်ပါ။



ပါမောက္ခ ဒေါက်တာအေးကျော်

သုခ၀တီ (နယူးယောက်မြို့)

၀၈၊ ၁၉၊ ၂၀၁၀



http://arakanreview.net/?p=1894#more-1894

ဆရာတော် ဦးဥတ္တမကို မီဒီယာများ လျစ်လျူ မရှုသင့်

စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သော (၇၁) နှစ် မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုများကို ရခိုင်ပြည်နယ်အတွင်း  အရှိန်မြှင့် ဆောင်ရွက်ခဲ့ကြသော်လည်း ပြည်တွင်း ပြည်ပ မီဒီယာများတွင် ထည့်သွင်း ဖော်ပြမှု မရှိသလောက် နည်းပါးသည်ကို တွေ့ရပါသည်။ နအဖစစ်အုပ်စု အာဏာတည်မြဲရေးအတွက် ဟန်ပြကျင်းပမည့် (၂၀၁၀) ရွေးကောက်ပွဲ သတင်းကို ဇောင်းပေးထုတ် လွှင့်နေရ၍ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုကို လျစ်လျူရှုလေသလော (သို့တည်းမဟုတ်) မြန်မာ့ လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်၊ မြန်မာတမျိုးသားလုံး၏ အမျိုးသားလွတ်မြောက်ရေး ခေါင်းဆောင်အဖြစ်  အသိအမှတ်ပြုရန် ခက်ခဲနေကြ၍လော (သို့တည်းမဟုတ်) ရခိုင်လူမျိုးတို့၏ နိုင်ငံရေးလှုပ်ရှားမှုကို ထုတ်ဖော်ခြင်းငှာ မ၀ံ့ရဲလေ၍လော (သို့တည်းမဟုတ်) မိမိတို့၏မီဒီယာမူဝါဒ ပြောင်းလဲလာ၍ ပေလော…… အဘယ်ကြောင့်များ ယခုကဲ့သို့ ဥပေက္ခာပြု လျစ်လျူရှုလေကြကုန်သနည်း ဆိုသည်ကို မသိရသော်လည်း ရခိုင်အမျိုးသားတို့ကား မိမိတို့၏ သမိုင်းပေးတာဝန်ကို ဆက်လက် ထမ်းရွက်နေကြဆဲပင်။ မိမိတို့၏သမိုင်းကို မိမိတို့ ကိုယ်တိုင် အသက်၊ သွေး ချွေးတို့ ဖြင့်ရေးသားလျက် ဆက်လက် တိုက်ပွဲဝင်နေကြဦးမည်သာ။ မီဒီယာတို့၌ မှတ်တမ်းတင်သည်ဖြစ်စေ မတင်သည်ဖြစ်စေ ကျရာတာဝန်ကို ထမ်းဆောင်ခြင်းသည်ပင်လျှင် ရခိုင်တို့၏ လှုပ်ရှားမှုများမှာ အဟောသိကံတော့   ဖြစ်လိမ့်မည်မဟုတ်။ ကိုယ့်အလုပ်ကို ကိုယ်ဆက်လုပ်၊ ကိုယ့်သမိုင်း ကိုယ်ဆက်ရေး နေကြမည်သာဖြစ်ပါသည်။

(၇၁) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှုများကို စက်တင်ဘာလ (၇) ရက်နေ့တွင်  ရခိုင်ပြည်နယ် (၃) မြို့နယ်တွင် ပြုလုပ်ခဲ့ကြသည်။         စစ်တွေမြို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ရခိုင်ပြည်နယ်) ဥက္ကဋ္ဌ ဦးမောင်ကြွင်းအောင်၊ စစ်တွေမြို့နယ် ဥက္ကဋ္ဌဦးစံရွှေထွန်း၊ ဗဟို အမျိုးသမီး အဖွဲ့ဝင်  ဒေါ်ညိုအေးတို့ ဦးဆောင်ပြီး လူ (၂၀) ကျော်တို့က ကျောင်းတက်လမ်း၊ ဓမ္မာရုံရှေ့တွင် သံဃာတော်အပါး (၁၀၀) ကျော်ကို ဆွမ်းလောင်းခဲ့သည်။   တောင်ကုတ်မြို့နယ်၊ ကျောက်ဆိပ်တောင်စေတီတွင် ရခိုင်လူငယ် (၂၀) ကျော်၊ မအီမြို့နယ် အိုးထိန်းစေတီတော်မှာ ရခိုင်လူငယ် (၁၀)ကျော်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်း သားအားလုံး လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းခဲ့ကြသည်။

စက်တင်ဘာ (၈) ရက်နေ့ ညနေတွင်လည်း မအီမြို့နယ် ဆားပြင်ရွာ၌ ရွာလမ်းများ တလျောက် ဆီမီးထွန်းပူဇော်ပွဲပြုလုပ်ကာ ဆရာတော် ဦးဥတ္တမနေ့ အမှတ်တရ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးဆုတောင်းခဲ့ကြသည်။ ကျေးရွာနေ ရခိုင်ကျောင်းသားနှင့် လူငယ်များက ပြည်သူလူထုအား ဆရာတော်ဦးဥတ္တမနေ့ အကြောင်းရှင်းပြခဲ့ကြသည်။

စက်တင်ဘာ (၉) ရက်နေ့ ဆရာတော်ဦးဥတ္တမပျံလွန်တော်မူသည့် (၇၁)နှစ်မြောက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း လှုပ်ရှားမှုကို (၅) မြို့နယ်တွင် တွေ့ရသည်။ စစ်တွေမြို့နယ်တွင် (၂) နေရာပြုလုပ်သည်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဌာနချုပ်တွင် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားနှင့် ဟောပြောပွဲကို ပရိတ်သတ် (၁၀၀) ကျော်ဖြင့် စည်ကား သိုက်မြိုက်စွာကျင်းပခဲ့သည်။ နံနက် (၉) နာရီတွင် ရခိုင်ကျောင်းသား၊ လူငယ် (၂၀) ကျော်က စစ်တွေ၊ လမ်းမတော် တောင်ရပ်ကွက်တွင် သံဃာတော် (၇၁) ပါးကို ဆွမ်းလောင်းလှူဒါန်းကာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး အမြန်ဆုံး ပြန်လွတ်ရေး ဆုတောင်းခဲ့ကြသည်။ ဆရာတော်၏ရုပ်ပုံတော်ဖြင့် မိုးပျံဗူဘောင်းများကို ရိုသေစွာ လွှတ်တင်ခဲ့ကြသည်။

စက်တင်ဘာ (၉) ရက်နေ့ နံနက် (၉) နာရီတွင် တောင်ကုတ်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးတင်သိန်းအောင် နေအိမ်တွင် အဖွဲ့ဝင် (၂၀) ဦးနှင့် ဦးဥတ္တမနေ့ အခမ်းအနားတရပ်ကို ကျင်းပခဲ့သည်။ မအီမြို့၊ လမူးမော်ရွာ၊ ကြက်ကိုင်း  ဘုရားတွင်လည်း သည်နေ့ နံနက် (၇) နာရီခန့် တွင် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲကို ကျောင်းသား၊ လူငယ် (၁၅) ဦးဖြင့် ပြုလုပ်ကျင်းပခဲ့ကြသည်။

ထိုနည်းတူစွာ မာန်အောင်မြို့နှင့် ရမ်းဗြဲမြို့တို့တွင်လည်း စက်တင်ဘာ (၉) ရက်နေ့တွင် ဆရာတော်ဦးဥတ္တမနေ့ ကိုဂုဏ်ပြုလျက် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်စေရေးအတွက် ရည်မှန်းကာ ဆွမ်းကပ် လှူဒါန်းမှုများ ပြုခဲ့ကြပါ သည်။ ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ရခိုင်စာပေသမားများနှင့် ပူးပေါင်းကာ မြို့နယ် (၁၅) မြို့နယ်တွင် ဆရာတော်၏ဓါတ်ပုံနှင့် ထေရုပ္ပတ္တိပေါင်း (၃၀၀၀) ကျော် ဖြန့်ဝေခဲ့ကြသည်။

ထို့အပြင် စစ်တွေမြို့ ဆရာတော်ဦးဥတ္တမပန်းခြံတွင် လုံခြုံရေး ထူထပ်စွာချထားသည့်ကြားမှ ရဟန်းတော်များနှင့် ရခိုင် ကျောင်းသားလူငယ်များက ပန်းခွေချ ပူဇော်ခဲ့ကြသေးသည်။ အဆင်မသင့်လျှင် ထောင်ထဲ တန်းပို့ ခံရမည့် အနေအထားပင် ဖြစ်သည်။

ဤမျှများပြားလှသောလှုပ်ရှားမှုများအတွက် အခက်အခဲကြား၊ အန္တရာယ်များကြားက စွန့်စားခဲ့ကြသူများကို လွန်စွာ ဂုဏ်ပြုရပေမည်။ စစ်အစိုးရသည် ဆရာတော်ဦးဥတ္တမနေ့ကို အသိအမှတ် မပြုလိုပေ။ ရဲရင့်ခိုင်မာလှသည့် ရခိုင်တို့၏ နှလုံးသွေးထဲတွင် နိုင်ငံရေးစိတ်ဓာတ် ပြင်းထန်လှသော ဆရာတော် ဦးဥတ္တမ စိတ်ဓာတ် လှည့်ပတ် စီးဆင်းမည်ကို ကြောက်လျက်ရှိသည်။ ထို့ ကြောင့် ယခင်နှစ်များက ဆရာတော် ဦးဥတ္တမနေ့ လှုပ်ရှားခဲ့ကြသည့် အပြစ်မဲ့ ရခိုင်ကျောင်းသားလူငယ် (၁၁) ဦးကို ပုဒ်မ အမျိုးမျိုးတပ်ကာ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ထားခဲ့သည်။ သည်ကြားထဲ ရုန်းကန် လှုပ်ရှားကြသည့် မျိုးဆက်သစ်လူငယ်များကို မြန်မာနိုင်ငံသား မီဒီယာသမားများ အနေဖြင့် လူမျိုးရေး မခွဲခြားဘဲ  အလေး ဂရုပြုသင့်ပါသည်။ ကိုယ်ကျိုးစွန့် ဆောင်ရွက်ကြသူများ အနေဖြင့် မည်သည့်သတင်းဌာနတွင် ပါ၊ မပါ ဂရု စိုက်လိမ့်မည်မဟုတ်။   ထောင်အကျခံရလည်း  သူတို့အရေး လုပ်ကြမည် မဟုတ်။ သို့သော် ၎င်းတို့၏ သတ္တိ၊ ရဲရင့်မှုတိုကို ပြည်သူ့ အတွက်  ဆောင်ရွက်နေကြကုန်သော ပြည်သူ့ မီဒီယာသမားများ  အနေဖြင့် လျစ်လျူမရှုသင့်ဟု ထင်မြင် ယူဆလျက် အပြုသဘောဆောင် ရေးသား တင်ပြလိုက်ပါသည်။

ဦးကျော်မောင်



http://arakanreview.net/?p=2010#more-2010

ဆရာတော် ဦးဥတ္တမ ထုံးကို နှလုံးမူကြဖို့ လိုသည်


ဇင်လင်း   /   ၀၉ စက်တင်ဘာ ၂၀၁၀
ရွှေဝါရောင်သံဃာ့အရေးတော်ပုံ (၃) နှစ်ပြည့်သည့် စက်တင်ဘာလသို့ ရောက်ပြန်ပြီ။ စစ်အာဏာရှင်တို့ကလည်းသူတို့အာဏာသက်ဆိုးရှည်ရေးအတွက် ရွေးကောက်ပွဲအတုအယောင်ကို
 နိုဝင်ဘာ (၇) ရက်တွင် ပြုလုပ်မည်ဟု ကြေညာထားသည်။

လက်ရှိအခြေအနေတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး မြေအောက်စာရွက်စာတမ်း ဖြန့်ဝေမှုများကို ကျောင်းသားနှင့် သံဃာ တက်ကြွလှုပ်ရှားသူများက စစ်ဆင်ရေးသဖွယ် လုပ်ဆောင်လာကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ယင်းဥပဒေဖြင့် ကျင်းပမည့် ရွေးကောက်ပွဲအား သပိတ်မှောက်ရေးတို့သည် ယနေ့လူထုကြွေးကြော်သံ ဖြစ်လာနေသည်။ ဤလှုပ်ရှားမှု ကြွေးကြော်သံများကို ယနေ့ ပြည်တွင်းပြည်ပရှိ သံဃာ့သမဂ္ဂီများကလည်း ထောက်ခံမှုပြုနေကြောင်း တွေ့ရသည်။ တနည်းအားဖြင့် ရွှေဝါရောင် သံဃာ့အရေးတော်ပုံ စိတ်ဓာတ်သည် ရှစ်လေးလုံး လူထုအရေးတော်ပုံစိတ်ဓာတ်နှင့်အတူ ဆက်လက် အရှိန်အဟုန်မြင့်မားနေဆဲဖြစ်သည်။ တနည်းအားဖြင့် သံဃာ့အရေးတော်ပုံနှင့် လူထုအရေးတော်ပုံ၊ သံဃာတော်တို့ဆန္ဒနှင့် လူထုဆန္ဒသည် တထပ်တည်းဖြစ်ကြောင်း ဖော်ပြချက်လည်းဖြစ်သည်။

တိုက်ဆိုင်စွာပင် ဤစက်တင်ဘာလသည် မြန်မာနိုင်ငံပြည်သူလူထုအား နိုင်ငံရေး နား၊ မျက်စိ အဦးဆုံး ဖွင့်ပေးခဲ့သော ဆရာတော် ဦးဥတ္တမ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလေ့ရှိသည့်အချိန် ဖြစ်ပေသည်။ ရွှေဝါရောင် သံဃာ့အရေးတော်ပုံ (၃) နှစ်ပြည့်သည့် ယခုနှစ်သည် ‘ဆရာတော် ဦးဥတ္တမ’ ပျံလွန်တော်မူခြင်း (၇၁) နှစ်ပြည့်ချိန်နှင့်လည်း တိုက်ဆိုင်နေပေသည်။ ဆရာတော်သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ပထမဦးဆုံး ဖမ်းဆီးထောင်ချခံရသော ရဟန်းအာဇာနည်ဖြစ်သည်။ အထူးသဖြင့် “ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) ဟူသော ကြွေးကြော်သံကို အကြောင်းပြု၍ ထိုအာဇာနည်အရှင်ကား ‘ဆရာတော် ဦးဥတ္တမ’ ဖြစ်သည်ကို မှတ်မိကြမည်ထင်ပါသည်။ ‘ကရက်ဒေါက်’ (Sir Reginlad Henry Craddock) သည် ထိုစဉ်က ဗြိတိသျှကိုလိုနီ မြန်မာနိုင်ငံ၏ ဒုတိယဘုရင်ခံဖြစ်သည်။

ဆရာတော်၏ ငယ်နာမည်မှာ “ပေါ်ထွန်းအောင်” ဖြစ်၍ အဘ ဦးမြနှင့် အမိ ဒေါ်အောင်ကျော်သူတို့မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် (၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၁၄) ဖွားမြင်သည်။ အသက် (၁၅) နှစ်တွင် ကာလကတ္တားမှ တက္ကသိုလ်ဝင်ခွင့် ဆယ်တန်းအောင်သည်။ ထို့နောက် ပခုက္ကူမြို့၊ ရေစကြိုစာသင်တိုက်၌ ဗုဒ္ဓဘာသာစာပေကျမ်းဂန်များသင်ယူသည်။ ၁၉၀၀ ပြည့်နှစ်တွင် ရဟန်းဝတ်ဖြင့် အိန္ဒိယနိုင်ငံသို့ ကြွရောက်၍ ကာလကတ္တားရှိ အိန္ဒိယအမျိုးသားကောလိပ်၌ ပါဠိ၊ သက္ကဋ၊ ဘင်္ဂါလီ၊ မာဂရီ၊ ရှေးဟောင်းဟိန္ဒူစာပေများ သင်ယူခဲ့သည်။ ထိုကျောင်း၌ပင် ပါဠိပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။

၁၉၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှတဆင့် ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီတို့သို့ ခရီးလှည့်၍ နိုင်ငံတကာအရေးအရာများကို လေ့လာဆည်းပူးခဲ့သည်။ ဥရောပ၌ ရှိနေစဉ် ၁၉၀၅ ခုနှစ် ရုရှ-ဂျပန်စစ်ဖြစ်ရာ ဂျပန်က အနိုင်ရသည့် သတင်းကို ကြားသိရ၍ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာသော ဂျပန်နိုင်ငံအကြောင်းကို လေ့လာလိုစိတ်ဖြစ်ခဲ့သည်။ သို့ဖြင့် ဆရာတော်သည် ၁၉၀၇ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက်ကာ တိုကျို ဗုဒ္ဓဘာသာတက္ကသိုလ်တွင် ပါဠိနှင့် သက္ကဋဘာသာဆိုင်ရာ ပါမောက္ခအဖြစ် (၄) နှစ်နီးပါး ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအပြန်ခရီးတွင် ကိုရီးယား၊ မန်ချူးရီးယား၊ တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံများသို့ ၀င်ရောက်လေ့လာခဲ့သည်။

၁၉၁၁ ခုနှစ် မြန်မာနိုင်ငံ ပြန်ရောက်သောအခါ သူရိယသတင်းစာတွင် နိုင်ငံတကာတိုးတက်မှုအခြေအနေ အထွေထွေကို နိုင်ငံသားများ ပညာဗဟုသုတ ရစေရန် ရေးသားတင်ပြခဲ့သည်။ ‘၀ိုင်အမ်ဘီအေ’ ကို စတင်ထူထောင်ခဲ့ကြသော ဦးဘဘေ၊ ဦးမောင်ကြီး၊ ဦးဘရင်တို့နှင့်လည်းကောင်း၊ သူရိယသတင်းစာ စတင်တည်ထောင်ခဲ့ကြသည့် ဦးဘကလေး၊ ဦးလှဖေ အစရှိသော ထိုခေတ် လူငယ်လူလတ်များနှင့်လည်းကောင်း၊ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရန် မည်သို့ဆောင်ရွက်သင့်ကြကြောင်း နိုင်ငံရေးဆွေးနွေးမှုများ လုပ်ခဲ့သည်။

ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးအမြင်မှာ မြန်မာနိုင်ငံကို အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးသို့ ဦးတည်သည်။ လွတ်လပ်ရေး မရနိုင်သေးမီစပ်ကြား ‘ဟုမ္မရူး’ ခေါ် ကိုယ့်တိုင်းပြည်ကို ကိုယ့်အမျိုးသားတို့ ကိုယ်တိုင်အုပ်ချုပ်ခွင့်ရရေး ကြိုးပမ်းအားထုတ်ကြဖို့ ရေးသားဟောပြောသည်။ ပညာတတ် လူငယ်လူလတ်များအား ဟုမ္မရူးသဘောတရား စိတ်ဓာတ်များကို နားဝင်အောင် ဆွေးနွေးပြောဆိုသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင်ရှိစဉ်က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံလွတ်လပ်ရေးရရှိရန် ကိစ္စများကို ကွန်ဂရက်ပါတီခေါင်းဆောင်များနှင့် ဆွေးနွေးတိုင်ပင်သည်။ ဆရာတော်ကိုယ်တိုင်မှာလည်း မြန်မာဒေသခွဲ ကွန်ဂရက်ပါတီအဖွဲ့ဝင်ဖြစ်သည်။     

၁၉၁၂ ခုနှစ်တွင် ဆရာတော်သည် ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်ခဲ့သည်။ ဂျပန်တွင် ဆရာတော်သည် ပါဠိနှင့် သက္ကဋဘာသာပါမောက္ခအဖြစ် ဆောင်ရွက်နေစဉ် မြန်မာနိုင်ငံရေးရာကိစ္စများကို ဂျပန်ရောက် တရုတ်ကျောင်းသားများနှင့် ဆွေးနွေးခဲ့သည်။ တရုတ်နိုင်ငံသို့လည်း သွားရောက်ခဲ့၍ တရုတ်အမျိုးသားခေါင်းဆောင် ဒေါက်တာ ဆွန်ယက်ဆင်နှင့်လည်း တွေ့ဆုံသိကျွမ်းခဲ့သည်။

ဒေါက်တာဆွန်ယက်ဆင်နှင့် အာရှဒေသ လွတ်လပ်ရေးကိစ္စများ ဆွေးနွေးခွင့်ရရှိခဲ့သည်။ ပထမကမ္ဘာစစ်ပြီးကာနီးတွင် ဆရာတော် မြန်မာနိုင်ငံသို့ ပြန်ကြွလာသည်။ ထိုအချိန်မှစတင်၍ မြန်မာလူထု နားမျက်စိပွင့်စေရန် နိုင်ငံတကာမှ ရရှိခဲ့သော အသိပညာဗဟုသုတများနှင့် ယှဉ်တွဲ၍ နိုင်ငံရေးတရားများ ဟောပြောခဲ့သည်။ ဆရာတော်၏ ဟောပြောချက်များမှာ စကားလုံးပြောင်ပြောင် ထိထိမိမိ ရှိလှသဖြင့် တရားပွဲတိုင်း ကျိတ်ကျိတ်တိုး စည်ကားသည်ဟု မှတ်တမ်းများရှိသည်။ ဆရာတော်၏ ဟောပြောချက်တရပ်မှာ ဤသို့ဖြစ်သည်။

“မြန်မာတိုင်းသူပြည်သားတို့ဟာ ကျိုးနွံတယ်ဆိုတဲ့ အောက်တန်းကျ စိတ်များကို ဖယ်ရှားပစ်ကြရမယ်။ မြန်မာတိုင်းသူပြည်သားတို့ဟာ စွမ်းရည်သတ္တိရှိကြောင်း၊ ပညာရှိကြောင်းနဲ့ မဟုတ်မခံ စိတ်ဓာတ်ကို ပြရမယ်။ ဒီလိုပြနိုင်ရင် ကျုပ်တို့ကို ဘယ်သူကမှ စော်ကားရဲ ဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး။ ဘယ်လိုအင်အားကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန်နိုင်ကြရင် တာရှည်ခံနိုင်မယ် မဟုတ်ပါဘူး၊ ကိုယ့်ရည်မှန်းချက် အောင်စေချင်ရင် နောက်မတွန့်ကြနဲ့။ ကြောက်အားမပိုကြနဲ့၊ ဒုက္ခကို ပဓာနမထားကြနဲ့၊ ဟုမ္မရူးတို့ လွတ်လပ်ရေးတို့ဆိုတာ ကျုပ်တို့ ရထိုက်တဲ့ ကမ္ဘာ့အမွေအနှစ်ကြီးများဖြစ်တယ်။ ဗျူရိုကရေစီဝါဒသမားတွေက ဘယ်လောက်ပဲ နှောင့်ယှက် နှောင့်ယှက် တကယ်ရအောင် လုပ်နိုင်တဲ့ သဘောမှန်ဟာ တိုင်းသူပြည်သားတို့လက်ထဲမှာသာရှိတယ်။˝

ဗုဒ္ဓသာသနာ စည်ပင်တိုးတက်စေရန် ဦးစွာပထမ ကျွန်ဘ၀က လွတ်အောင်လုပ်ရမည်ဟု ဆရာတော်က ဟောပြောသည်။ ထို့ကြောင့် အမျိုး ဘာသာ သာသနာအကျိုးအတွက် ‘သံဃသမဂ္ဂီများ’ ထူထောင်ဖွဲ့စည်း၍ လွတ်လပ်ရေးရအောင် ဆောင်ရွက်ကြရမည်ဟု ဦးဥတ္တမက မိန့်ကြားသဖြင့် နိုင်ငံအနှံ့တွင် သံဃသမဂ္ဂီများ ပေါ်ထွန်းလာကာ နိုင်ငံရေးတရားဟောသည့် သံဃာတော်များ တိုးပွားလာခဲ့သည်။

ဤသို့ ဆရာတော်၏ ၀ါယမစိုက်ထုတ်မှုကြောင့် ၁၉၂၁ ခုနှစ် ဇူလိုင် (၁) ရက် (၂) ရက်တွင် သံဃာ့သမဂ္ဂီအဖွဲ့ပေါင်း (၃၀) ကျော်မှ ကိုယ်စားလှယ်များ အစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပနိုင်ခဲ့သည်။ ဆရာတော် သံဃာတော်များ ဂျီစီဘီအေအသင်းခေါင်းဆောင်များ အပါအ၀င် ရဟန်းရှင်လူပရိသတ် ငါးရာကျော် တက်ရောက်ခဲ့သည်။ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာ တရားပွဲအပြီး ဆရာတော် ဦးဥတ္တမအား နိုင်ငံရေးလုပ်မှုဖြင့် ထောင်ဒဏ်အပြစ်ပေးလိုက်သောအခါ ရဟန်းရှင်လူ ပြည်သူအများ မခံမရပ်နိုင်ဖြစ်ကြရသည်။ ဆရာတော်ကို အကြောင်းပြု၍ ‘ဂျီစီဘီအေ’ အသင်းကြီးကို လူထုက ပိုမိုထောက်ခံအားပေးခဲ့သည်။

ဆရာတော်သည် ပထမအကြိမ် ထောင်ကျရာမှ ပြန်လွတ်လာပြီးနောက် တပြည်လုံး လှည့်လည်၍ နိုင်ငံရေးတရားများ ဟောကြားခဲ့ပြန်သည်။ “အင်္ဂလိပ်ပစ္စည်းကို သပိတ်မှောက်ကြ” “အင်္ဂလိပ်ဆိုင်တွေကို သပိတ်မှောက်ကြ” “တိုင်းရင်းဖြစ်ပစ္စည်းကို ၀ယ်ယူအားပေးကြ” “တိုင်းရင်းသား ဆိုင်တွေမှာ ၀ယ်ယူအားပေးကြ” “ဒို့လူမျိုးတွေ ညီညွတ်မှ လွတ်လပ်ချမ်းသာမယ်” “ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေးရအောင် တောင်းဆိုကြိုးပမ်းကြ” “ကရက်ဒေါက် ဂက်ဒေါက်”(Craddock,Get Out!) စသော ကြွေးကြော်သံများကြောင့် ၁၉၂၄ ခုနှစ် ရန်ကုန် ကျုံးကြီးလမ်း နန်းတော်ရုပ်ရှင်ရုံ တရားပွဲအပြီး ဒုတိယအကြိမ် အဖမ်းခံရပြန်သည်။ အင်္ဂလိပ်အစိုးရကို အကြည်ညိုပျက်အောင် ဟောပြောကြောင်း ပြစ်မှုထင်ရှားသည်ဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် အပြစ်ပေးခံရသည်။

မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်လှန်လေ့လာသည့်အခါတိုင်း ၀ိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၊ နောင် ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီး၏ ကြိုးပမ်းအားထုတ်မှုများကို ချန်လှပ်ထား၍ မရနိုင်ပေ။ ထိုမြန်မာအသင်းချုပ်ကြီး တိုးတက်ကျယ်ပြန့်လာအောင် အထောက်အကူပြုပေးခဲ့ရာတွင် သံဃာတော်များနှင့် သံဃာ့သမဂ္ဂီအဖွဲ့များ၏ ထောက်ခံအားပေးမှုများမှာ အဓိကနေရာမှ ပါဝင်ပေသည်။

ထိုကြောင့် သံဃာတော်များ တိုင်းကျိုးပြည်ကျိုးဆောင်ရွက်ရာ၌ ရှေ့တန်းမှ တက်တက်ကြွကြွ ပါလာအောင် အဦးဆုံး ဟောပြောခဲ့သော ဆရာတော်ကား ဦးဥတ္တမပင်ဖြစ်သည်။ ဗုဒ္ဓ၏ စာပေကျမ်းဂန်များကိုသာ သင်အံလေ့လာလျက် တရားဘာဝနာပွားများနေကြကုန်သော သံဃာတော်တို့အနေဖြင့် ဆရာတော် ဦးဥတ္တမ၏ နိုင်ငံတကာအတွေ့အကြုံများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဟောပြောချက်များကို လက်ဦးတွင် နားမ၀င်နိုင်ခဲ့ကြပေ။ နောင်နှစ်အတန်ငယ်ကြာသောအခါ ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးတရားများမှာ စကားဝေါဟာရအရ မာကြောသော်လည်း လက်တွေ့အနှစ်သာရအရ အမျိုး ဘာသာ သာသနာအတွက် အမှန်ပင်အကျိုးပြုကြာင်း သိမြင်လာကြ၍ ၀န်းရံထောက်ခံလာကြသည်။ ထိုစဉ်က ဆရာတော် ဦးဥတ္တမနှင့် သူရိယသတင်းစာတို့သည် ၀ိုင်အမ်ဘီအေအသင်းကို ပြည်သူတရပ်လုံး ထောက်ခံအားပေးလာအောင် စိုက်လိုက်မတ်တတ် လှုံ့ဆော်ရေးသားခဲ့သဖြင့် အမျိုးသားရေးစိတ်ဓာတ်များ တက်ကြွလာခဲ့သည်။ ဦးဥတ္တမ၏ ရိုးသားမှု၊ ကိုယ်ကျိုးမငဲ့မှု၊ တိုင်းပြည်နှင့် လူထုအကျိုးကိုသာ ရှေးရှုမှုတို့ကြောင့် ဆရာတော်ကို စံထားကာ သံဃာအများ မြန်မာအသင်းချုပ်ကြီး၏ လှုပ်ရှားမှုများတွင် ပါဝင်လာကြသည်။ အစည်းအဝေးများ၊ ကွန်ဖရင့်များတွင် သံဃာတော်များ ပါဝင်ဆွေးနွေးဟောပြောလာကြသည်။ သံဃာ့သမဂ္ဂီအဖွဲ့များ ဖွဲ့စည်းကာ နိုင်ငံ့အရေးအရာများ၌ ပါဝင်ဆောင်ရွက်လာကြသည်။

ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ကရက်ဒေါက်၏ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်ကာ ၀ိုင်အမ်ဘီအေကို ထောက်ခံလျက် ဟုမ္မရူး တောင်းဆိုဟောပြောခဲ့သည်။ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်တွင် အမတ် (၁၀၃) နေရာ လျာထားသော်လည်း (၇၉) ဦးသာ ရွေးကောက်ခံဖြစ်သည်။ ကျန်သူတို့မှာ ဘုရင်ခံခန့် ဗျူရိုကရက်များဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ်နှင့် ဗျူရိုကရက်တို့ တွဲဖက်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဥပဒေပြုကောင်စီတွင် အဆိုတခုတင်ရာ၌ ပြည်သူ့ကိုယ်စားလှယ်တို့ မဲအများစုရ၍ နိုင်သော်လည်း ဘုရင်ခံ သဘောမတူလျှင် (ဗီတို) ဖြင့် ပယ်ချခံရတတ်သည်။

ထို့ကြောင့် ၁၉၂၂ ဇူလိုင် (၁၅) (၁၆) ဂျူဗလီဟောအစည်းအဝေးတွင် ဆရာတော် ဦးဥတ္တမက “ဒိုင်အာခီအုပ်ချုပ်ရေးစနစ်သည် ဗျူရိုကရေစီအုပ်ချုပ်ရေး ဖြစ်သဖြင့် ပြည်သူကို မတိုင်ပင်ဘဲ ဗျူရိုကရက်တို့က စီမံအုပ်ချုပ်သောစနစ်ဖြစ်သည်ဟု ထောက်ပြခဲ့သည်။ ပြည်သူ့ကိုယ်စားလှယ် (၇၉) ဦးသည် အာဏာပါဝါမရှိသော ရုပ်ပြလှည့်စားမှုသာဖြစ်သည်။ ပြည်သူက သဘောတူ၍ ဆောင်ရွက်လေဟန် ပရိယာယ်ဆောင်သော အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ထို့ကြောင့် ဒိုင်အာခီရွေးပွဲ မ၀င်သင့်။ ဒိုင်အာခီကောင်စီ၌ မပါသင့်။ ဒိုင်အာခီကောင်စီဝင်၍ ပူးသတ်ရေးလုပ်ရန် မဖြစ်နိုင်။ ဗျူရိုကရက်တို့၏ သြဇာကို မလွန်ဆန်နိုင်” စသည်ဖြင့် ဆရာတော်က ရှင်းပြခဲ့သည်။ ဆရာတော်၏ မိန့်ခွန်းမှ ကောက်နှုတ်ချက်တခုမှာ ဤသို့ဖြစ်သည်။

“ဟုမ္မရူးအတွက် ကြိုးစားကြရာမှာ ကြောက်လန့်စိတ်တွေ မထားကြနဲ့၊ ကြောက်မွှေးပါရင် ဇာဂနာနဲ့ နုတ်ပစ်ကြရမယ်။ ခိုးရမှာ ဒိုင်အာခီကောင်စီ ၀င်ရမှာသာ ကြောက်၊ ကျေးလက်က ဒကာတွေ သူကြီးကို မကြောက်ကြနဲ့၊ သူကြီးတင်မက မြို့အုပ်ဝန်ထောက်လည်း ကြောက်ဖို့မလိုဘူး။ သူတို့ထက်ကြီးတဲ့ ဘုရင်ခံဆိုတာလည်း ကြောက်စရာမရှိပါဘူး။ ကိုယ့်တိုင်းပြည်ကို ကိုယ့်လူမျိုး အုပ်ချုပ်ရအောင် ဘုရင်ခံနဲ့ ဗျူရိုကရက်တွေကို နှင်ထုတ်ကြရမယ်။ ကရက်ဒေါက် ထွက်သွားလို့ ဥတ္တမက ဂျူဗလီမှ ထပ်ပြီး အမိန့်ပေးနေတယ်။”

ဆရာတော် ဦးဥတ္တမနှင့် ဂျီစီဘီအေခေါင်းဆောင်များက ဟုမ္မရူးကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရန်၊ သဿမေဓ လူခွန် ဖျက်သိမ်းပေးရန်၊ လယ်ယာမြေ အခွန်အကောက်များ လျှော့ချပေးရန် အဓိကထား၍ ဟောပြောတောင်းဆိုခဲ့ကြသည်။ အင်္ဂလိပ်အစိုးရက ၁၉၃၀ ဆရာစံသူပုန် ဖြစ်ပေါ်ရခြင်းကိစ္စကို ပြန်လှန်သုံးသပ်ရာ၌ ဆရာတော် ဦးဥတ္တမ၏ ဟောပြောချက်များကို အကြောင်းရင်းတချက်အဖြစ် ထည့်သွင်းထားသည်ကို တွေ့ရသည်။

ဤရက်ပိုင်းမှာပင် ပခုက္ကူ သံဃာအရေးတော်ပုံ (၃) နှစ်ပြည့်ချိန်မှ အစပြု၍ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရရေး ပြင်ဆင်လျက်ရှိသည့် ရွေးကောက်ပွဲအား အကြမ်းမဖက်နည်းမျိုးစုံဖြင့် ဆန့်ကျင်ကန့်ကွက်ကြရန် အထက်ဗမာပြည် သောသုဇနဘိက္ခူ သံဃာ့အဖွဲ့၏ တိုက်တွန်းနှိုးဆော်ချက်တရပ် RFA မှတဆင့် ပေါ်ထွက်လာသည်ကို သတိပြုမိသည်။  “၂၀၀၇ ခုနှစ် စက်တင်ဘာ (၅) ရက်၊ (၆) ရက်နေ့များတွင် ပခုက္ကူမြို့၌ ငြိမ်းချမ်းစွာ မေတ္တာပို့ ချီတက်ကြသော သံဃာတော်တို့အား အာဏာပိုင်တို့နှင့် ကြံ့ခိုင်ရေး လူမိုက်များတို့မှ အကြမ်းဖက် ရက်စက်စွာ ချေမှုန်းခဲ့သည်မှာ သုံးနှစ်ပြည့်လုပြီဖြစ်သည်။ ယခု သုံးနှစ်ပြည့် အခါသမယတွင် ၎င်းကြံ့ဖွံ့လူမိုက်များ၏ပါတီမှ ဦးဆောင်၍ ပြည်သူလူထုအား ထာဝစဉ် စစ်ကျွန်ဖြစ်စေမည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဖန်တီးလျက်ရှိသည်။”

“သို့ပါ၍ ညီတော်၊ နောင်တော် သံဃာတော် အရှင်သူမြတ်များမှ ဦးဆောင်၍ ၂၀၀၇ စက်တင်ဘာ သုံးနှစ်ပြည့်ပတ်လည် (၅) ရက် (၆) ရက်မှ စတင်ကာ စစ်အစိုးရအား အကြမ်းမဖက်သည့် နည်းလမ်းမျိုးစုံ သုံး၍ ဆန့်ကျင်ဆန္ဒပြ တိုက်ပွဲဝင်သွားရန် တိုက်တွန်းနှိုးဆော်အပ်သည်။ (သောသုဇနသမဂ္ဂ၊ ပခုက္ကူ)” စသည်ဖြင့် ဦးဆောင် သံဃာတပါးဖြစ်သည့် ဦးသောဘိတက RFA မှတဆင့် မိန့်ကြားခဲ့သည်။

အထက်ဗမာပြည် သံဃာတော်များအနေဖြင့် စစ်အစိုးရဆန့်ကျင်ရေး စာရွက်စာတမ်း ဖြန့်ဝေခြင်းကို စတင်နေပြီဟုလည်း သိရှိရသည်။ ထို့ပြင် ရနိုင်သမျှ နည်းလမ်းများဖြင့် စစ်အာဏာတည်မြဲရေး ရွေးကောက်ပွဲအား ဆန္ဒပြ ဆန့်ကျင်သွားကြရန်လည်း သောသုဇနသမဂ္ဂ (ပခုက္ကူ) အဖွဲ့က ပြည်သူလူထုအား တိုက်တွန်းလျက်ရှိသည်။ ထို့ကြောင့် ယနေ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေကြသော ရဟန်းပျိုမျိုးဆက်သစ်၊ လူငယ်မျိုးဆက်သစ်တို့သည် သောသုဇနသမဂ္ဂ၊ (ပခုက္ကူ) အဖွဲ့၏ နှိုးဆော်ချက်ကို အထူးအလေးဂရုပြုကြရပေလိမ့်မည်။ မကြာမီ မြန်မာနိုင်ငံအ၀ှမ်းတွင် ဆင်နွှဲတော့မည့် စစ်အာဏာကြံ့ခိုင်ဖွံ့ဖြိုးရေးရွေးကောက်ပွဲအား သပိတ်မှောက်ရာတွင် ဆရာတော် ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးနှင့် အာဇာနည်စိတ်ဓာတ်ကို စံနမူယူ၍ သံဃာ့သမဂ္ဂီများက ဦးဆောင်ဦးရွက်ပြုဦးမည့် လက္ခဏာများ မြင်တွေ့နေရပေသည်။

ဦးဥတ္တမခေတ် ၁၉၂၀ ခန့်တွင် အစပျိုးခဲ့သော သံဃသမဂ္ဂီ စိတ်ဓာတ်ဝိညာဉ်ကား နှစ်ပေါင်း (၉၀) ကျော် သက်တမ်းရင့်ရှည်ခဲ့လျက် ရွှေဝါရောင်ခေတ် သံဃာ့သမဂ္ဂီများ၊ သောသုဇနသမဂ္ဂအဖွဲ့များထံသို့ ဆက်လက်ကူးလူး ထွန်းလင်းလျက်ရှိသည်ကို လက်တွေ့မြင်တွေ့နေရပေသည်။ သံဃာတော်တို့၏ အစဉ်အလာမှာ တရားမျှတမှုဘက်၊ ဓမ္မဘက်မှ ရပ်တည်လေ့ရှိပါသည်။ မတရား အနိုင့်အထက်ပြုသည့်ဘက်၊ အဓမ္မဘက်မှ ရပ်တည်သူတို့သည် အာဏာလက်မလွှတ်ရရေး တခုသာကြည့်လေ့ရှိပါသည်။ လူထုဆင်းရဲဒုက္ခကို စာနာထောက်ထားလေ့မရှိပါ။ လူထုဒုက္ခကို စာနာသည့် ဆရာတော် သံဃာတော်တို့ဘက်၊ တရားမျှတမှုဖွံ့ဖြိုးရေးဘက်က တိုက်တွန်းနှိုးဆော်ချက်ဖြစ်သည့် ရွေးကောက်ပွဲသပိတ်မှောက်ရေးသည် “ဆရာတော် ဦးဥတ္တမ” ၏ အာဇာနည်စိတ်ဓာတ်ကို စံနမူထားရာရောက်ပေသည်။

“မြန်မာတိုင်းသူပြည်သားတို့ဟာ စွမ်းရည်သတ္တိရှိကြောင်း၊ ပညာရှိကြောင်းနဲ့ မဟုတ်မခံ စိတ်ဓာတ်ကို ပြရမယ်။ ဒီလိုပြနိုင်ရင် ကျုပ်တို့ကို ဘယ်သူကမှ စော်ကားရဲ ဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး။ ဘယ်လိုအင်အားကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန်နိုင်ကြရင် တာရှည်ခံနိုင်မယ် မဟုတ်ပါဘူး” ဟူသော ဆရာတော်၏ မိန့်ထုံး သြ၀ါဒကို နှလုံးသွင်းလျက် ရွေးကောက်ပွဲသပိတ်မှောက်ရေးကို ကျရာအခန်းမှ တာဝန်ကျေအောင် ထမ်းကြရပေတော့မည်။      ။

ကျမ်းကိုးစာရင်း ။     ။
(၁) ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်၊ မြဟန်၊ မိုးမင်းစာပေ၊ ၁၉၈၁။
(၂) ဂျူဗလီဟောမြင်ကွင်း၊ တိုက်စိုး၊ ချင်းတွင်းစာပေ၊ ၁၉၇၈ သြဂုတ်လ။
(၃) မြန်မာနိုင်ငံအလုပ်သမားလှုပ်ရှားမှုသမိုင်း၊ သခင်လွင်၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၈ မေလ။
(၄) ၀ံသာနုအရေးတော်ပုံသမိုင်း (၁၉၀၆ - ၁၉၃၆)၊ သခင်ဘမောင်၊ တသက်တာစာပေ၊ ၁၉၇၅ ဇန်န၀ါရီ။



http://www.khitpyaing.org/index.php?route=detail&id=4346

ဦးဥတ္တမပန်းခြံဟု ခေါ်တွင်သင့်ပါကြောင်း



၂၀၁၃ ခုနှစ် ဇွန်လ ၂၈ ရက် သောကြာနေ့ထုတ် The Voice Daily သတင်းစာတွင် ပါရှိသော ‘ကန်တော်မင် ပန်းခြံကို ဦးဥတ္တမ ပန်းခြံဟု အမည် ပြောင်းလဲမည်မဟုတ်’ ဟူသော သတင်းကို ဖတ်ရှုပြီး ကျွန်တော် ဤဆောင်းပါးကို ရေးသားခြင်း ဖြစ်ပါသည်။

ဗြိတိသျှနယ်ချဲ့တို့ အုပ်စိုးစဉ်က ရန်ကုန်မြို့ ရွှေတိဂုံဘုရား တောင်ဘက် အရပ်တွင် အင်္ဂလိပ်တပ်တို့ စခန်းချထားပါသည်။ ထိုနေရာကို အစွဲပြု၍ ထိုအနီးရှိ ပန်းခြံကို ကန်တော်မင်ပန်းခြံဟု အမည်ပေးခဲ့ပါသည်။ ကန်တော် မင်မှာ Cantonment ဖြစ်၍ တပ်မြေ၊ တပ်မြို့ဟု အနက်ရပါသည်။ ဗြိတိသျှ တို့၏ တပ်မြေ တပ်မြို့ကို အစွဲပြု၍ မှည့်ထားသော ကန်တော်မင်ပန်းခြံကို ဖ.ဆ.ပ.လ လက်ထက်တွင် ဦးဥတ္တမပန်းခြံဟု ပြောင်းလဲခဲ့ပါသည်။

ကျွန်တော်သည် အသက် ၈၅ နှစ် ရှိပါပြီ။ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမ ပန်းခြံဟု ပြောင်းလဲခဲ့သည်ကို ကောင်းစွာ မှတ်မိပါသည်။
စာပေဗိမာန်က ထုတ်ဝေသော မြန်မာ့စွယ်စုံကျမ်း အတွဲ-၁၅၊ စာမျက်နှာ- ၃၆၅ တွင် “ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေး ကြိုးပမ်းမှုများကို ဂုဏ်ပြုသော အားဖြင့် နှစ်စဉ် ဝါခေါင်လပြည့်ကျော် ၁၁ ရက်နေ့ တိုင်း ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ကာ ကြည်ညိုသူများက ကျင်းပလေ့ရှိကြသည်။ ရန်ကုန် မြို့ ရွှေတိဂုံဘုရား တောင်ဘက်ခြေရင်းရှိ ကန်တော်မင်ပန်းခြံကိုလည်း ဆရာတော်အား ဂုဏ်ပြုသည့်အနေဖြင့် ဦးဥတ္တမပန်းခြံဟု အမည်သစ် ပေး ကြလေသည်” ဟူ၍ အခိုင်အမာ ရေးသား ဖော်ပြထားပါသည်။

ထို မြန်မာ့ စွယ်စုံကျမ်းမှာ ၁၉၇၆ တွင် အုပ်ရေ ၁၀၀၀၀ ပုံနှိပ် ထုတ်ဝေခဲ့ပါ သည်။ စာပေဗိမာန် အုပ်ချုပ်ရေးမှူး ဦးထင်ကြီး (မှတ်ပုံတင်အမှတ်- ၀၄၈၀) က တာဝန်ခံ ထုတ်ဝေပါသည်။ ထိုစွယ်စုံကျမ်းကို ပြုစုရာ၌ စာတည်းမှူး အဖြစ် ဆရာကြီး မောင်ထင်က တာဝန်ယူ၍ အကြံပေး ပုဂ္ဂိုလ်များအဖြစ် ပန်းတနော် ဦးသန့်၊ ဆရာကြီး ဇော်ဂျီ၊ ဆရာကြီး မင်းသုဝဏ်၊ ပါမောက္ခ ဦးမျိုးမြင့်၊ ပညာမင်းကြီး ဦးကောင်း စသူတို့ ပါဝင်ပါသည်။ ကျွန်တော်သည် စာပေဗိမာန်တွင် စာပြုအဖြစ် (၁၉၅၂မှ ၁၉၅၄) အထိ အမှုထမ်းခဲ့ပါသည်။

ဆရာတော် ဦးဥတ္တမနှင့် ပတ်သက်၍ ဆရာတော်၏ ရုပ်တုကြီးကို ဘဒ်လမ်းရှိ အိမ်တစ်အိမ်၏ ခြံထဲတွင် ချောင်ထိုးထားသည်ကို တွေ့ရ၍ ကြေးမုံ သတင်းစာ ၄-၁-၁၉၆၇ ထုတ်တွင် ကျွန်တော် ရင်နာစွာဖြင့် ဆောင်းပါး ရေး သား ဖော်ပြဖူးပါသည်။

ထိုရုပ်တုကြီးမှာ ကျိုးပဲ့နေပြီး လွန်ခဲ့သော သုံးနှစ်ခန့်က ပန်းပုဆရာကြီး ဦးဟန်တင်၏ ခြံထဲတွင် မမျှော်လင့်ဘဲ တွေ့ရှိခဲ့ပါသည်။ ထိုရုပ်တုကြီးမှာ ပန်းပုဆရာကြီး ဦးဟန်တင်၏ လက်ရာဖြစ်ပါသည်။ ဆရာတော် ဦးဥတ္တမ၏ အကြောင်းကိုလည်း ကျွန်တော် ထပ်မံ၍ အတ္ထုပ္ပတ္တိ ဆောင်းပါးရှည် ရေး သားခဲ့ပါသည်။

ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ဆရာတော် ဦးဥတ္တမ၏ ကျေးဇူးကို ဂုဏ်ပြု၍ ဆရာတော် ကြေးရုပ်တုကို ကန်တော်မင်ပန်းခြံတွင် ထားသင့်ကြောင်း ဇွန်လ ၂၂ ရက် တွင် ရန်ကုန် မြို့ တောဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်သော မြန်မာ-ဂျပန် (နဂိုယာ) ချစ်ကြည် ရင်းနှီးမှု နှစ် ၁၀၀ ပြည့် အခမ်းအနားတွင် ပြောကြားသည်ကို လေးနက် စွာ ထောက်ခံပါသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၅ ကို ၁၉၇၆ ခုနှစ်တွင် ထုတ်ဝေခဲ့ရာ ပန်းခြံ အတွင်း ကမ္ပည်းထိုးထားသော စာမှာ မခိုင်လုံပါ။ ထိုစာမှာ ၁၉၈၉ ခုနှစ် မတ်လ ၃၁ ရက် တွင် ရေးထိုးသောစာ ဖြစ်ပါသည်။

(မင်းယုဝေ)

____ The Voice Weekly

အာရှနေ၀န်း၊ မြန်မာ့လွတ်လပ်ရေးဗိသုကာ ၊ရခိုင်အာဇာနည် အသျှင်ဦးဥတ္တမ

                                                      
(လူမျိုးတစ်မျိုးလုံးနှင့် လူတစ်ဦး၏ ကြီးပွားတိုးတက်မှုသည်
သစ်ပင် နှင့် သစ်ခေါက် ကဲ့သို့သာ ရှိသင့်၏ ၊ ကျောင်းသား နှင့် ကျောင်းသား အင်္ကျီကဲ့သို့ မဖြစ်အပ်၊
ဝတ်ခါစတော်ပြီး  နောင်ကြီးလာသည့်အခါ အင်္ကျီကတို လူကကြီးသွားသည့် အဖြစ်မျိုး မဖြစ်အပ်။
သစ်ပင်ကြီးရင့်သလောက် သစ်ခေါက်ကလည်း ရင့်ရော်ထူထဲ၍ လာခြင်းသာလျှင် သဘာဝကျသော တိုးတက်ခြင်း ဖြစ်ပေမည်၊-)   
                                                         ( ဆရာတော်ဦးဥတ္တမ)
ဆရာတော်ဦးဥတ္တမကို ရခိုင်ပြည်နယ် စစ်တွေမြို့၊ရူပရပ်၌ ၁၈၇၉ ခု၊ ဒီဇင်ဘာလ ၂၇ ရက် ၊မြန်မာသက္ကရာဇ် ၁၂၄၁ ခုနှစ် ပြာသိုလပြည့်ကျော် (၁)ရက် တနင်္ဂနွေနေ့တွင် အဖ ဦးမြသာဦး၊ အမိ ဒေါ်အောင်ကြွဖြူ တို့မှဖွား မြင် ခဲ့သည်။မွေးချင်းမှာ ဆရာတော် ဦးဥတ္တမလျောင်းလျာ ပေါ်ထွန်း အောင်၊ ညီငယ် ကျော်ထွန်းအောင် (နောင်ရှင် အရိယဘွဲ့ဖြင့်ထင် ရှားခဲ့သောဆရာတော်) နှင့် ညီမ မအိမ်စိုး တို့ဖြစ်ကြ သည်။
 (၁၃) နှစ်အရွယ်တွင် စစ်တွေမြို့ရွှေစေတီကျောင်းဆရာတော်ထံ၌ ဖိုးသူတော်အဖြစ်နှင့် မင်္ဂလသုတ် ၊ သဒ္ဒါ ရှစ်စောင်၊ သဂြိုဟ်ကိုးပိုင်းအထိသင်ယူခဲ့သည်။

 (၁၆)နှစ်အရွယ်တွင်ရှင်သာမဏေဝတ်ရာ“ရှင်ဥတ္တမ”ဟု တွင်လေသည်။ ထိုမှတဖန် ပခုက္ကူစာသင်တိုက်ကြီး တွင်သွား ရောက်သင်ကြားလိုသဖြင့် လူဝတ်လဲ၍ ဓါးတောင်ဆရာတော်ဦးဂန္ဓာနှင့် လိုက်သွားခဲ့သည်။တောင် ငူတွင် ရှင်သာမဏေစာပြန်ပွဲတစ်ခု၌ ဝင်ရောက်ဖြေဆိုရာ ပထမရခဲ့သည်။ဆရာတော်၏ ပညာအရည်အချင်း ကိုသဘောကျသော တောင်ငူမြို့ရှိကြွယ်ဝချမ်းသာသောရှမ်းအ မျိုးသမီးကြီးတစ်ဦးက သားအဖြစ်မွေးစားကာ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ပညာသင်ကြားရန်ပို့ပေးခဲ့သည်။ (၃) နှစ်အကြာတွင် အင်္ဂ လိပ်-ဗမာ (၁၀) တန်းအဆင့်ကို အောင်မြင်ခဲ့ပြီးဗမာပြည်သို့ ပြန်လာခဲ့သည်။ 
သက်တော်(၁၉) နှစ်နှင့် (၂) လတွင် ဆွေမျိုးနီးစပ်တော်စပ်သော ဘုံဘေဘားမား သစ်ကိုယ်စားလှယ်ဦးထွန်း အောင်ကျော်က ရဟန်းခံပေးခဲ့သဖြင့် သာသနာဘောင်သို့ ပြန်ဝင်ခဲ့လေသည်။
ထို့နောက် အိန္ဒိယပြည် ကာလကတ္တားမြို့သို့ပြန်ကြွ၍ အမျိုးသားကောလိပ်တစ်ခုတွင် ပါဠိနှင့်ဗုဒ္ဓဘာသာဆိုင်ရာ ဧည့်ပါမောက္ခအဖြစ်ဆောင်ရွက်ရင်း သက္ကဋစာပေ၊ဘင်္ဂါလီ၊ နာဂရီ စသော ရှေးဟောင်းဟိန္ဒီ စာပေများ လေ့လာ သင်ကြားခဲ့သည်။ ထိုစဉ်က အိန္ဒိယကွန်ဂရက်အသင်းကြီးပြီးလျှင် ဒုတိယအင်အား အကြီးဆုံးဖြစ်သည့် မဒရပ် ပြည်နယ်မှ နာမည်ကျော် ခေါင်းဆောင်ကြီး ပဏ္ဍိတ် ဟိန္ဒူ မဟာဆဗအသင်းကြီး ပဏ္ဍိတ်မာလဗီးယားနှင့် ယှဉ်ပြိုင် အရွေးခံရာ ဆရာတော်ဦးဥတ္တမသည် အနိုင်ရရှိကာ ဥက္ကဋ္ဌဖြစ်ခဲ့လေသည်။့  
 ဆရာတော်ဦးဥတ္တမအား ခေါင်းဆောင် ကြီး အဖြစ် အသိအမှတ်ပြုထားကြောင်း ထင်းရှားပေါ်လွင်စေသည်။ ဆရာတော်သည်အိန္ဒိယ၌ရှိနေစဉ် ဗုဒ္ဓတရား နှင့်ဗုဒ္ဓစာပေ ထွန်း ကားရေး အတွက် ပါဠိ ပိဋကတ်ကို ဒေ၀နာဂရီ အက္ခရာဖြင့် အဦးဆုံးကြိုးပမ်းသူမှာ ဆရာတော် ဦးဥတ္တမပင် ဖြစ်ပါသည်။ 

ဆရာတော်ကို အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ (နာဂရီ ပရကျာရိုနီဆဘာ) အမည် ရှိ စာပေ အဖွဲ့မှလည်း ဟိန္ဒူဘာသာ စွယ်စုံကျမ်းတွင် ဆရာတော်ဦးဥတ္တမအကြောင်းကို ရေးသားဖေါ်ပြထား ပါသည်။ ဆရာတော်သည်အိန္ဒိယ၌ ရှိနေစဉ် ရတနာဂီရိစံ သီပေါမင်းနှင့်လည်း လျှို့ဝှက်စွာ တွေ့ဆုံခဲ့သေးသည်။
ဆရာတော်ဦးဥတ္တမသည်အိန္ဒိယပြည်တွင် (၈) နှစ်ကြာမျှ သီတင်းသုံးခဲ့ပြီးနောက် ပြင်သစ်နိုင်ငံသို့ သွားရောက် ၍ပညာသင်ကြားခဲ့ပြန်သည်။ ပြင်သစ်တွင် ပညာသင်ကြားနေစဉ် ရုရှား-ဂျပန်စစ်ပွဲ (၁၉၀၄ –၀၅) ၌ ဂျပန် ကဲ့သို့ နိုင်ငံငယ်ကလေးက ရုရှားကဲ့သို့ အင်အားကြီးနိုင်ငံတစ်ခုကို အနိုင်ရလိုက်သဖြင့် ဂျပန်နိုင်ငံကို စိတ်ဝင်စား သွား သည်။
ထို့နောက်စုဆောင်းထားသောငွေဖြင့် ဆရာတော်သည်ရန်ကုန်ကို ခေတ္တပြန်လာပြီး ၁၉၀၇ ခုနှစ်မှာ ဖေဖေါ်ဝါရီလ (၄)ရက်နေ့တွင် ရန်ကုန်မှ စင်္ကာပူ ထိုမှတဆင့် ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့မှာ စင်္ကာပူမှ ဂျပန်သို့ ရေကြောင်း ခရီး ဖြင့်သွားရောက်ခဲ့သည်။ဂျပန်တွင် (၅) နှစ်ခန့် နေထိုင်ခဲ့သည်။ တိုကျိုမြို့သို့ရောက်သောအခါဗုဒ္ဓဘာသာ သိပ္ပံ ကျောင်းကြီး၏ ဥက္ကဋ္ဌ လွှတ်တော်အမတ် အိုတာနီ(ထိုစဉ်ကစက်မှုလက်မှုဝန်ကြီး) ၏အထောက်အပံ့ဖြင့် ဗုဒ္ဓသိပ္ပံ ကျောင်းကြီးတွင်(၂) နှစ်ခန့် ပါဠိနှင့်သက္ကတဘာသာ ပါမောက္ခအဖြစ်ဆောင်ရွက်ခဲ့လေသည်။ ဆရာတော်သည် ဂျပန်နိုင်ငံ၌ ဆွမ်းစရိတ်မျှသာယူ၍ စေတနာဖြင့် ဘာသာဗေဒပါမောက္ခအဖြစ်သင်ကြားခဲ့လေသည်။ ဂျပန်ပြည် သို့ရောက်ရှိစဉ်က ဆရာတော်သည် ဝါတော် (၉) ဝါ မျှရှိပြီး မြန်မာ၊ပါဠိ၊ ဟိန္ဒီ၊ သက္ကဋ၊ ဘင်္ဂလီ၊နာဂရီ၊ အင်္ဂလိပ် ၊ ပြင်သစ်နှင့် ဂျပန်ဘာသာတို့ကို ကျွမ်းကျင်စွာ တတ်မြောက်နေပြီဖြစ်သည်။
ဆရာတော်ဦးဥတ္တမဂျပန်ပြည်သို့ရောက်ရှိစဉ်အတွင်း တရုတ်အမျိုးသားခေါင်းဆောင်ကြီး ဒေါက်တာ ဆွန်ယက် ဆင်ကလည်း ဂျပန်ပြည်တွင် ရောက်ရှိနေသည်။ တရုတ်ကျောင်းသား အတော်များများလည်း ဂျပန်နိုင်ငံသို့ပညာ သင်အဖြစ်ရောက်ရှိနေကြသည်။ တရုတ်ကျောင်းသားများသည် ဆရာတော်ဦးဥတ္တမ ထံ ရောက်လာ၍သြဝါဒ ခံ ယူကြသည်။ ဆရာတော်က တရုတ်ကျောင်းသားများကို ဂျပန်ပြည်နှင့်နှိုင်းယှဉ်လျှက် တရုတ်ပြည်လွတ်မြောက်ရေး ကို မည်သို့ မည်ပုံဆောင်ရွက်သင့်ကြောင်း သြဝါဒပေးခဲ့လေသည်။ 
တရုတ်ကျောင်းသားများ ပြောပြချက်အရဒေါက်တာဆွန်ယက်သည် ဆရာဦးဥတ္တမအကြောင်းသိရှိသွားပြီး ဆရာ တော်ထံ ကိုယ်တိုင်သွားရောက်ဖူးမျှော်၍ဆွေးနွေးခဲ့သည်။ ဒေါက်တာဆွန်ယက်ဆင်သည် ဦးဥတ္တမအား အလွန် လေးစားကြည်ညိုသွားရာမှ တရုတ်ပြည်သို့ သူနှင့်အတူလိုက်ခဲ့ရန် ပင့်ဆောင်လေသည်။ ဆရာတော်တက္ကသိုလ် မှ ခွင့်သုံးလယူပြီးလျှင် ၁၉၀၉ ခုနှစ်၌ ဒေါက်တာဆွန်ယက်ဆင်နှင့်အတူ ဂျပန်မှကိုရီးယား၊ ကိုရီးယားမှတဆင့် ဆိုက် ပန်ကျွန်း၊ ဆိုက်ပန်ကျွန်းမှ မန်ချူးကိုး၊ ထိုမှတဆင့် ကျိဖု၊ပီကင်း၊ ဟန်ချောင်၊ နန်ကင်း၊ ရှန်ဟိုင်း၊ အမွိုင်မြို့ အသီး သီးသို့ ခရီးလှည့်လည်ခဲ့သည်။ 
ဂျပန်ပြည်မှအပြန်ကိုရီးယား၊ တရုတ်ပြည်မှ တဆင့် အင်ဒိုချိုင်းနားရှိဆိုင်ဂုံ (ယခု ဗီယက်နမ် ဆိုရှယ်လစ် သမ္မတ နိုင်ငံဟိုချီမင်မြို့တော်) သို့ဝင်ရောက်၍ လှည့်လည်ခဲ့သေးသည်။ဆိုင်ဂုံတွင် မင်းတုန်းမင်းတရားကြီး၏ သားတော် မြင်ကွန်းမင်းသားကြီးနှင့် တွေ့ဆုံခဲ့သေးသည်။ မြင်ကွန်းမင်းသားကြီးပင့်ဖိတ်ချက်အရကြွရောက်ပြီး ဆွမ်းဘုန်းပေး ရာ မြန်မာပြည်ကိစ္စကို လည်း ဆွေးနွေးခဲ့ကြပြီးမင်းသားကြီးခမျာ မျိုးချစ်စိတ်ကြောင့် မျက်ရည် မစဲ ကျရှာသည်ဟု သိရသည်၊ မြင်ကွန်းမင်းသားကြီးသည်၁၉၂၁ စက်တင်ဘာလ ၂၃ တွင် ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံမြို့၌ ကံကုန်ခဲ့ သည်။
 
 ၁၉၁၁ခုနှစ်တွင် ဆရာတော်သည် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိပြီးနောက် ဝိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းတွင် စိတ်အားထက်သန်စွာ ဝင်ရောက်ကူညီလုပ်ဆောင်ခဲ့ရာ အစိုးရစုံထောက်များက တကောက်ကောက်လိုက်ကြတော့သည်။ နိုင်ငံရေး ဆရာတော်ပီပီ ပြတ်ပြတ်သားသားပြောဆိုတတ်သော ဆရာ တော်ဦးဥတ္တမကို အရဟတ္တဇဂုဏ်နှင့် မညီညွတ် ဟုဆိုကာ မည်သည့်ကျောင်းက လက်မခံသဖြင့် သမိုင်းတွင် (ယခုမရမ်းကုန်းမြို့နယ်) ရှိ အိမ်တစ်အိမ်တွင်သီးသန့် သီတင်းသုံးခဲ့ရလေသည်။
ဆရာတော်၏နယ်ချဲ့မကြောက်တရားများမှာ တစတစလူသိများလာပြီး တရားပွဲများလည်း စည်ကားလာခဲ့သည်။ ဆရာတော်သည် သံဃာ တော်များအား “ကျောင်းတွင်သာ ကျိန်း၍မနေကြရန်နှင့် တိုင်းပြည်သည် ကျွန်ဘဝသို့ ရောက်နေပါက တိုင်းသူပြည်သားများသည် ကျွန်များ ဖြစ်ကြ၍ ကျွန်များကိုးကွယ်သော ဘာသာလည်း ကျွန် ဘာ သာ၊ ကျွန်သာသနာပင်ဖြစ်မည်။ ကျွန်ဘဝမှလွတ်မြောက်၍ သာသနာပြုမင်း ပေါ်ပေါက် မှသာလျှင် သာသနာ တော်လည်း ကြီးပွားထွန်းကားလာမည်” ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့ပြီး သံဃာ့ သမဂ္ဂီများဖွဲ့စည်းကာ လွတ်လပ် ရေးရအောင် ကြိုးပမ်းသင့်ကြောင်း ဟောပြောခဲ့သည်။ မြန်မာနိုင်ငံအနှံ့ ခရီးလှည့်လည်ကာ ၀ံသာနုရက္ခိတ ခေါ် အမျိုးဂုဏ်စောင့်ထိန်းရေး၊ တိုင်းပြည်ချစ်စိတ်အကြောင်းများ ဟောပြောကာ (၀ံသာနု )အသင်းများ တစ်တိုင်းပြည် လုံး အနှံ့ ဦးဆောင်စည်းရုံးဖွဲ့စည်းခဲ့သည်၊
 ၁၉၁၂ တွင်ဂျပန်သို့ပြန်ကြွ၍ ၁၉၁၉ ခုနှစ်အထိ ဂျပန်ပြည်၌သီတင်းသုံးခဲ့သည်။
ဆရာတော်ဦးဥတ္တမသည် မြန်မာပြည်အပေါ် ထားရှိသော စေတနာ
 1912 ခုနှစ် မေလတွင် ဂျပန်ပြည်မှ မြန်မာပြည်သို့ပေးပိုသော စာသုံးစောင် မှ ကောက်နှုတ်ချက်
1912 ခုနှစ် မေလ (17) ရက် နေ့စွဲပါ စာတစ်စောင်တွင် ဤသို့ဖေါ်ပြထားသည်။ 
[ဂျပန်အိမ်တို့သည် စက္ကူအိမ်များဖြစ်သည့်အတွက် အမဲနေရာ၊ အဖြူနေရာ ၊အ၀ါနေရာများရှိသည်။ ထိုနေရာတွင် မြေဖြူနှင့်ဖြစ်စေ၊ ခဲတံနှင့်ဖြစ်စေ၊မီးသွေးနှင့်ဖြစ်စေ မရေးကြ။ မြန်မာလူမျိုးတို့သည် ထိုကဲ့သို့ ရေးခြင်းကို အလွန် တရာ အလေ့အထရှိကြသည်၊ မြန်မာပြည်၌ အိမ်တံခါးပေါက်၌သော်၎င်း၊ ထရံ၌သော်၎င်း၊ စားပွဲခုံ၌သော်၎င်း၊ စာသင်ကျောင်း၌သော်၎င်း၊ ဘုန်းကြီ၊းကျောင်း၌ သော်၎င်း၊ မီးရထားတွဲပေါ်၌သော်၎င်း၊ (ရေအိမ်)အိမ်သာ၌သော် ၄င်း၊ သာလာယံဇရပ်၌သော်၎င်း မြေဖြူ နှင့်ဖြစ်စေ၊ မီးသွေး နှင့်ဖြစ်စေ မကောင်းသောအခြင်းအရာ၊ရိုင်းပျသော စာသားများကို ရေးဆွဲ၍ထားတတ်ကြသည်။ ယင်းသည် မြန်မာလူမျိုးတို့တွင် မကောင်းသော အကျင့်စာရိတ္တဖြစ် ကြောင်းဟူ၍ ဖေါ်ပြထားသည်။
1912 ခုနှစ် မေလ(12)ရက် နေ့စွဲပါ စာတစ်စောင်တွင် ဤသို့ဖေါ်ပြထားသည်။
ဂျပန်ပြည်၌ မေလ(7) ရက်နေ့ ကျသောအခါ တိုကျိုမြို့ (မြူနီစပါယ်) အစိုးရများထံမှ ဆင့်စာတွင် အိမ်ကို ကောင်း စွာ သန့်ရှင်းရမည်ဆိုသောကြောင့် အိမ်ကို ဆေးကြော၍ သန့်ရှင်းပြီးလျှင် ထားရကြောင်း၊ ဤဂျပန် တစ်ပြည်လုံး တွင် နှစ် နှစ်တစ်ခါ မေလကျသောအခါ တစ်နေ့ကို လမ်းတစ်လမ်း ကွာတာတစ်ခု၊ အရပ်တစ်ရပ်ကို သန့်ရှင်းရ ကြောင်း၊ ထိုသို့သန့်ရှင်းသောအခါ ၀န်စည်စလည် ပစ္စည်းသေတ္တာများ၊ အသုံးအဆောင် အစခပ်သိမ်း တို့ကို လမ်း ပေါ်မှာ ထုတ်၍ထားရသည်။ ဤကဲ့သို့ ထားပြီးလျှင် ပုလိပ်အရာရှိကြီးများ၊ ပုလိပ်သားများနှင့် သန့် ရှင်း ရေးကြီး ကြပ်သူများ လာပြီးလျှင် အိမ်တွင်းကို ၀င်ပြီး အညစ် အကြေး ရှိသည်၊မရှိသည်၊ သန့်ရှင်းသည် မသန့်ရှင်းသည်ကို ကြည့်ပြီးလျှင် သန့်ရှင်းသောအိမ်ဖြစ်ပါက ဤအိမ်သည် ဤနှစ် အတွက် သန့်ရှင်း၍ စစ်ဆေး ပြီး ကြောင်းကို ထို အိမ်တံခါးဝတွင်  စက္ကူလေးတစ်ခု ကပ်၍သွားကြောင်း၊ ထိုကဲ့သို့ ကောင်းမွန်စွာ သန့်ရှင်း ရခြင်း၏ အကြောင်းကား အညစ်အကြေးမရှိ၍ လူများ ကျန်းမာစွာ ရှိလေအောင် ရောဂါဆိုး၊ အနာဆိုး မဖြစ် လေအောင် ပုလိပ်ရောဂါ မဖြစ်ရ လေအောင် ကြည့်ရှုစောင့်မ စောင့်ရှောက်ရကြောင်းဟူ၍ ဖေါ်ပြထားသည်။
1912 မေလ(21)ရက် နေ့စွဲပါ စာတစ်စောင်တွင် ဤသို့ဖေါ်ပြထားသည်။
ဂျပန်ကျွန်းတွင် မိန်ကလေးဖြစ်စေ ၊ယောင်္ကျားလေးဖြစ်စေ ခြောက်နှစ်စေ့၍ မူလတန်း စာသင်ကျောင်းမှာ သင် လျှင် ထိုလူကလေး မိန်းကလေးတို့သည် ညကို(10)နာရီမှအိပ်၍ မနက် (5)နာရီကို အိပ်ရာမှ ထကြ ရမည် ဟူ၍ အစိုးရမင်းများကပင် ဥပဒေပြု၍ထားသည်။ ဦးပဉ္ဖင်းတို့ မြန်မာလူမျိုးတို့ကား အအိပ်အနေ၊ အစားအ သောက်၊ အနေအထိုင် အစစအရာရာတို့တွင် စည်းကမ်းနည်းလမ်းမရှိသည့်အတွက်ကြောင့် ပျက်စီးခြင်းမူလ ဖြစ်ဟန်ရှိ ကြောင်း ဟူ၍ ဦးဥတ္တမ ပေးပို့သော စာသုံးစောင်တွင် ဂျပန်တို့၏ အလေ့အထ၊ သန့်ရှင်းရေး၊ စည်းကမ်းကျနပုံ တို့ကို အတိအလင်း ကိုယ်တွေ့ရေးသားထားသည်ကို ဆရာတော် ဦးဥတ္တမရေးသားသော ဂျပန်ပြည်အကြောင်း စာအုပ်၌ ဖေါ်ပြထားသည်။ ]
၁၉၁၉တွင် မြန်မာပြည်သို့ ပြန်လည်ကြွရောက်လာပြီး သူရိယသတင်းစာတိုက်တွင် သီတင်းသုံးကာ “ဂျပန်ပြည် အကြောင်း”စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့သည်။ ထိုစဉ်က သူရိယသတင်းစာ၌ အမျိုးကိုစောင့်ရှောက်ရမည့် ဝံသာနုရက္ခိတတရားများကိုလည်း လှုံ့ဆော်ရေး သားခဲ့သည်။
(၁၉၁၉ ခုနှစ် နိုဝင်ဘာလတွင်ဆရာတော်ဦးဥတ္တမသည် မော်တင်လမ်း ရှိ ဒေါ်စောခင် အိမ်သို့ကြွရောက် လာခဲ့ သည့်အခါ  ဆရာတော်နှင့်အတူ ဦဘဘေ၊ဆရာလွန်း၊(နောင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း)တို့ လည်းလိုက် ပါလာ၏၊ ထိုစဉ်က ဆရာတော် ဟောပြောသည်မှာ မြန်မာပြည်မှမြန်မာမိန်းကလေးများအား ပြည်ပသို့ ဆေးလိပ် လိပ်ရန်ခေါ်သွားကြရာမှ တိုင်းတစ်ပါးသားလူမျိုးခြားများနှင့် ညားပြီး အတိဒုက္ခ ရောက်နေခဲ့ကြကြောင်း ၊သို့ဖြစ်၍ မြန်မာမိန်းကလေးများအား ပြည်ပသွားလာခွင့်လက်မှတ် ထုတ်မပေးရန်  အင်္ဂလိပ်အစိုးရကို အရေးဆိုဖို့ လိုလာ ကြောင်း၊ယင်းကိစ္စကို  လစ်လျှူရှုထားမည်ဆိုပါကမြန်မာအမျိုးသမီးများ မျိုးပျက်ကြမည်ဖြစ်ရာ အသင်းအဖွဲ့ ဖွဲ့စည်း ပြီးမြန်မာမိန်းကလေးများအရေးကို ဆောင်ရွက်ကြရန် အရေး တကြီး လိုအပ် နေပြီဖြစ်ကြောင်းမိန့်ဆိုခဲ့သည်။) {2.9.2013 Weekly Eleven Page 31}
မြန်မာပြည်၏ ပထမဦးဆုံးတိုင်းပြုပြည်ပြု ပုဂ္ဂိုလ်(သို့) Statesmanတစ်ဦး၏ အမျိုးသားရေးသြ၀ါဒနှင့် အကျိုးသက်ရောက်မှု

၁၉၁၉ခုနှစ် နိုဝင်ဘာလ၌ မြန်မာ့နိုင်ငံရေး၏ မီးရှူးတန်ဆောင်ပုဂ္ဂိုလ် ဆရာတော်ဦးဥတ္တမသည် မော်တင်လမ်း(ယခုလှည်းတန်းလမ်း)ထောင့်ရှိ ဒေါ်စောခင်၏နေအိမ်သို့ ကြွရောက်လာခဲ့သည်။ ဆရာတော်နှင့်အတူ ထင်ရှားသည့်နိုင်ငံရေးခေါင်းဆောင်များဖြစ်သည့် ဦးဘဘေနှင့်ဆရာလွန်း (ဆရာကြီးသခင်ကိုယ်တော်မှိုင်း)တို့လည်း လိုက်ပါလာခဲ့ကြသည်။ ဆရာတော် ဦးဥတ္တမက..

"မြန်မာပြည်က မြန်မာမိန်းခလေးတွေကို ဆေးလိပ်လိပ်ဖို့ ခေါ်သွားခဲ့တာ တိုင်းတပါးမှာလူမျိုးခြားတွေနဲ့ရပြီး အတိဒုက္ခရောက်နေခဲ့ကြတယ်။ 


ဒါကြောင့် မြန်မာမိန်းခလေးများကို ပြည်ပသွားလာခွင့်လက်မှတ်ထုတ်မပေးဖို့ အင်္ဂလိပ်အစိုးရကို အရေးဆိုဖို့ လိုလာပြီ။ ဒီလိုသာ လျှစ်လျှူရှုနေခဲ့ရင် မြန်မာအမျိုးသမီးတွေ မျိုးပျက်ကြလိမ့်မယ်။ မြန်မာမိန်းမတွေစုစည်းပြီး အသင့်အဖွဲ့ဖွဲ့လို့ မြန်မာမိန်းမများ အခွင့်အရေးအတွက် ဆောင်ရွက်ကြဖို့ အရေးတကြီးလိုအပ်နေပြီ" ဟူ၍ မိန့်ကြားခဲ့ပါသည်။

အဆိုပါသြ၀ါဒသည် ယခုခေတ် မြန်မာနိုင်ငံရှိ အမျိုးသမီးအသင်းအဖွဲ့များ၏ ရှေ့ဆောင်လမ်းပြဖြစ်သည့် ပထမဦးဆုံးသော မြန်မာအမျိုးသမီး အစည်းအရုံးကြီး (၀ါ) မြန်မာမိန်းမများအသင်းအား အုတ်မြစ်ချပေးလိုက်သည့် သြ၀ါဒပင်ဖြစ်သည်။ ဆရာတော်၏ လမ်းညွှန်ချက်အရ မြန်မာမိန်းမများအသင်းအား ဖွဲ့စည်းရန် သတင်းစာမှနေ၍ မြန်မာအမျိုးသမီးများအား ဖိတ်ခေါ်ခဲ့သည်။ စတင်ဖွဲ့စည်းထူထောင်ခဲ့သည့်နေရာမှာ မော်တင်လမ်း ဒေါ်စောခင်၏ ခင်ပွန်းဦးကြူပိုင်ဆိုင်သော ၀က်စ်တန်စတိုး ရှူးဖိနပ်ဆိုင်အပေါ်ထပ်တွင် ဖြစ်သည်။ မြန်မာအမျိုးသမီးများအား လက်ဖက်ရည်သောက် ဖိတ်ကြားရင်း ၁၉၁၉ခုနှစ် နိုဝင်ဘာလ ၆ရက် နေ့တွင် ပထမဦးဆုံး မြန်မာမိန်းမများအသင်းကို စတင်ဖွဲ့စည်း ထူထောင်ခဲ့ကြသည်။ ပထမဦးဆုံး ဥက္ကဌမှာ ဒေါ်စုဖြစ်သည်။

မြန်မာမိန်းမများအသင်းသည် ပွဲစားကိုပြူးဆိုသူ ခေါ်ဆောင်သွား၍ ပီနန်ကျွန်းတွင် သောင်တင်ကာအတိဒုက္ခရောက်နေသော ဆေးပေါ့လိပ်လိပ်သူ မြန်မာအမျိုးသမီးများအား ဗြိတိသျှတို့စရိတ်ဖြင့် မြန်မာပြည်သို့ ပြန်လည်ခေါ်ဆောင်ကာ ကယ်တင်နိုင်ခဲ့သည်။ ရန်ကုန်မြို့ရှိ ဓာတ်ရထားများတွင် အမျိုးသမီးများ သီးသန့်စီးခွင့်ရရှိရန် ရထားဖက်ဆိုင်ရာလူကြီးများထံ မေတ္တာရပ်ခံခဲ့ရာ အောင်မြင်မှုရရှိခဲ့သည်။ ထို့ပြင် ၁၉၂၀ကျောင်းသားသပိတ်တွင် သပိတ်မှောက်ကျောင်းသားများအတွက် တစ်ကျောင်းလျှင် စားစရိတ်၁၅ကျပ်စီဖြင့် ကျောင်း၇ကျောင်းစီအတွက် အထောက်အပံ့ပေးနိုင်ခဲ့သည်။ ထိုမှတဆင့် မြန်မာအမျိုးသမီးသမ၀ါယမအသင်းကို တည်ထောင်ပြီး မြန်မာအမျိုးသမီးများ၏ ဘ၀မြင့်မားရေးအတွက် အထောက်အပံ့ပေးနိုင်ခဲ့သည်။


(တင်နိုင်တိုး၏ ကိုလိုနီခေတ် ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများ စာအုပ်မှ ကောက်နုတ်ချက်)ဘွရှင် page Facbook.  
၁၉၂၀ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန် ကောလိပ်ကျောင်းသားများ ပထမသပိတ် စတင်မှောက်ခဲ့ရာ ဆရာတော်က ကျေုာင်းသားများသပိတ်ကို အောက်ပါမှတ်ချက်စကားဖြင့်  အားပေးထောက်ခံခဲ့သည်။ ဆရာတော်ဦးဥတ္တမ မှတ်ချက်စကား က
(လူဆိုတာ ကိုယ့်အခွင့်အရေးကို ကိုယ်သိပြီး မရ ရအောင် ကြိုးစားတတ်ရင် ဒါကို လူစိတ်ရှိတယ်လို့ဆိုတယ်၊ ) 
 ၁၉၂၁ ဒီဇင်ဘာလတွင် ဗြိတိသျှအိမ်ရှေ့စံဝေလမင်းသားကို သပိတ်မှောက်မှုဖြင့် ဂျီစီဘီအေ ခေါင်း ဆောင် (၉) ဦးကိုဖမ်းဆီးရန် နယ်နှင်ဒဏ်ပေးခဲ့သောကြောင့်ဆရာတော်သည် သူရိယသတင်းစာမှ “ဆာရယ်ဂျီနယ် ကရက် ဒေါက် မင်းဗမာပြည်ကထွက်သွား” ဟူ၍ကြေညာပြီး နယ်ချဲ့အင်္ဂလိပ်အစိုးရ ကိုစိန်ခေါ်ခဲ့ရာ တပြည်လုံးက ဆရာ တော်သတ္တိနှင့် ဝံသာနုစိတ်ဓါတ်ကို ချီးကျူးခဲ့သည်။
 ၁၉၂၁ဖေဖေါ်ဝါရီ ၃ တွင် ဆရာတော်ဦးဥတ္တမသည် ဒေးဒရဲမြို့ဆုကလပ်ကျေးရွာတွင်လည်းကောင်း၊
 ဖေဖေါ်ဝါရီ (၅)ရက်နေ့ တွင် ဒေးဒရဲမြို့ တမာတောကျေးရွာတွင်လည်း အမျိုးသားရေးတရား
 ဟောပြောခဲ့သည်။ ဆရာတော်အား 1921 ခုနှစ် မတ်လ(31)ရက်နေ့တွင်  ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်၊ ဆုကလပ် ကျေးရွာ၌ ဟောပြောခဲ့ သည့် ကိစ္စကို အစိုးရအား အကြည်အညိုပျက်အောင် ဟောပြော သည်ဟု ဆိုကာ ကျောင်းကုန်းမြို့၌ တရားဟော နေစဉ် ဖမ်းဆီးခံခဲ့ရသည်၊ ဇူလိုင်လ ၄ရက် တွင် မအူပင်အရေးပိုင်ရုံးမှ အိန္ဒိယ ရာဇ သတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၂၄ (က) နှင့် ၁၅၃(က)အရ အပြစ်ရှိကြောင်းတွေ့ရှိရသည်ဟုဆိုကာ ထောင်ဒဏ် ၁ နှစ် ၈ လ ချမှတ်ခဲ့သည်။ ဆရာတော်အား ဖမ်းမိန့်ထုတ်ပေးခဲ့သူမှာ အရေးပိုင် ဦးဘိုးလှ(သမ္မတ ဒေါက်တာဘမော် ၏ဖခင်) ဖြစ်သည်။ 1922 ခုနှစ် ဇွန်လ (26)ရက်နေ့တွင် မအူပင်ထောင်မှ ပြည်လည်လွတ် မြောက်သည်။
၁၉၂၂နိုဝင်ဘာလ (၉) ရက် မှ( ၁၀)ရက် ထိ သရက်မြို့တွင် လှိုင်ပုကျော် ဂျီစီဘီအေ (ဝံသာနု ဂျီစီဘီအေ) နိုင်ငံ လုံးဆိုင်ရာ ဒမ အကြိမ် နှစ်ပတ်လည်ညီလာခံ ကျင်းပရာ ဆရာတော်ဦးဥတ္တမက ဒိုင်အာခီ အုပ်ချုပ်ရေး အရ ကျင်းပမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တရားဟောပြောခဲ့သည်။
[ ဆရာတော်ဦးဥတ္တမသည် သံဃာ့သမဂ္ဂီအဖွဲ့ကြီးတွင် လုပ်ငန်းတာဝန်များကို ထက်သန်တက်ကြွစွာ ပါဝင်ဆောင် ရွက်နေသော  သွက်လက်ချက်ချာသော ဥပတိရုပ်အားဖြင့်လည်းကောင်း ဆွဲဆောင်မှုရှိသော၊ ထက်မြက်သော စိတ်ဓါတ်ရှိသော၊ အပြောအဟောကောင်းသော ဦးဝိစာရ ကိုတော် များစွာနှစ်သက်တော်မူသဖြင့် နီးနီးကပ်ကပ် နိုင်ငံရေး အသိပညာပေး၍ လေ့ကျင့်ပျိုးထောင်ရန် အာသီသရှိတော်မူသည်။ ထိုကြောင့် ဆရာတော်ဦးဥတ္တမသည်  ဦးဝိစာရ ကို ခေါ်ယူ၍  ခရစ်နှစ် ၁၉၂၂ ခုနှစ် တွင် အိန္ဒိယပြည် ဂါယာမြို့၌ကျင်းပသော ပြည်လုံးကျွတ် ကွန်ဂရက် အသင်းကြီး၏ ညီလာခံသို့ တက်ရောက်စေခဲ့သည်။ ထိုမှတဆင့် ကာလကတ္တားသို့ ကြွရောက်သီတင်းသုံးပြီး ပါဠိ ၊သက္ကဋ၊ ဟိန္ဒီ စာပေများကိုလေ့လာ လိုက်စားစေခဲ့သည်။ ခရစ်နှစ် ၁၉၂၃ ၊မြန်မာသက္ကရာဇ် ၁၂၈၅ ခုနှစ်နောက် တွင် ဆရာတော်ဦးဥတ္တမသည်  ဦးဝိစာရကိုခေါ်၍ ကျိုက္ခမီ   ရေး ၊မြိတ်၊ ထားဝယ်၊ တနင်္သာရီမြို့များသို့ ဆားချက် ခွန် မတရားစီးကြပ် ကောက်ခံနေမှုအတွက် ၀ံသာနုတရားများ လှည့်လည်ဟောကြားရန် အတူတကွ ပထဆုံး အ ကြိမ် ကြွရောက်တော်မူလေသည်၊ ယင်းနောက်ပိုင်းတွင်  ဦးဝိစာရအား လက်ရုံးသဖွယ် အားထားတော်မူ သည့် အလျောက် အတူတကွ တွဲဖက်၍ ဟောပြောရန် ခေါ်ဆောင်သွားလေ့ရှိသည်။ 

 (သန်းဝင်းလှိုင်ရေးသားသော ရုပ်ထုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများမှ)]
၁၉၂၄သြဂုတ် ၁၆ တွင် မန္တလေးမြို့မှ ဦးချစ်လှိုင် ဂျီစီဘီအေဝံသာနုများက ဆရာတော်ဦးဥတ္တမအားတရားဟော ပြောရန်ဖိတ်ကြားထားသည့် အတွက် မန္တလေးသို့ကြွသွားရာ ရှမ်းစုဘူတာမှ ဓါတ်ရထား လမ်းတလျှောက်ပင့် ဆောင်နေစဉ် (၈၄) လမ်း နှင်(့ ၃၁) လမ်း အရောက်တွင် ဒိစတြိတ်ရာဇဝတ်ဝန် ခေါင်းဆောင်သော ပုလိပ် အဖွဲ့ နှင့် လူထုအဓိကဂုဏ်းဖြစ်ပွားရာ ဆရာတော်ဦးစန္ဒိမာ သေနတ်ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့ရသည်။ 
ဆရာတော်ဦးဥတ္တမ နှင့် ဦးဉာဏုတ္တရ၊ ဦးကေတုတို့အားလည်း ပုဒ်မ ၁၄၄ အရ မန္တလေးမှ ချက်ချင်းထွက်ခွာရန် အမိန့်ထုတ်ခဲ့သည်။
၁၉၂၄စက်တင်ဘာ ၂၁ရက်နေ့ တွင် ဆရာတော်ဦးဥတ္တမသည် မန္တလေးအဓိကရုဏ်းကြောင့် တပည့်ဒါယကာများ နှင့် သံဃာတော်များ အဖမ်းခံရ ကြောင်းသိရသောအခါ မိမိလည်း ထောင်ကျခံရန်ဆုံးဖြတ်ပြီး ရန်ကုန်မြို့လမ်းမ တော်ရပ် ဘုန်ကြီးလမ်းနှင့် ကျုံးကြီးလမ်းထောင့်ရှိ ရာဖီ ရုပ်ရှင် နန်းတော်ရုံ၌ ကျင်းပသည့် မြို့လုံးကျွတ် အစည်း အဝေး၌ မကြောက်တရား များဟောပြောရာ အစိုးရအပေါ် အကြည်အညိုပျက်အောင် လှုံ့ဆော်ဟောပြောမှုဖြင့် 1924 ခုနှစ် အောက်တိုဘာလတွင် ရာဇသတ်ပုဒ်မ ၁၂၄ (က)ဖြင့် ဒုတိယအကြိမ် အလုပ်ကြမ်း နှင့် ထောင်ဒဏ် (၃)နှစ် ဒုတိယအကြိမ် အပြစ်ပေး အကျဉ်းကျခံရသည်။  ဒီဇင်ဘာလ (၂၂) ရက်တွင် ဆရာတော်၏ အယူခံလွှာ တင်သွင်းမှုကို တရားရုံးချုပ်မှ ပယ်ချ၍ စီရင်ချက်ကို အတည်ပြုခဲ့သည်။  1927 ခုနှစ် ဖေဖေါ်ဝါရီလ တွင် ထောင် မှပြန်လည်လွတ်မြောက်သည်။ 
ဆရာတော်ဦးဥတ္တမအား အမျိုးသားနိုင်ငံရေးလုပ်၍ အလဇ္ဖီရဟန်းသာဖြစ်ကြောင်း နှိမ့်ချပြောဆိုသော ဆာ ဂျေ အေမောင်ကြီး စကားကြောင့် ရှုတ်ချ ကန့်ကွက်ဆန္ဒပြပွဲ များ အနက်မှ 1927 ခုနှစ် ဖေဖေါ်ရီလ(၂၀) ရက်တွင် ရွှေတိဂုံကုန်းတော်ပေါ်၌ ကျင်းပသော လူထုအစည်းအဝေးကြီးသည် ကြီးကျယ်စွာ ရှုတ်ချ ကန့်ကွက် ဆန္ဒပြပွဲ ဖြစ်သည်၊ ထိုစဉ်က လူထုပရိတ်သတ် သုံးသောင်းကျော် တက်ရောက်ကြသည်၊ အစည်းအဝေး၏ သမာပတိမှာ  ထိုစဉ်က အမျိုးသားကောလိပ် ပရော်ဖက်ဆာ ဆရာလွန်း (ဆရာကြီး သခင်ကိုယ်တော်မှိုင်းဖြစ်သည်)။
ထောင်မှပြန်လွတ်ပြီးနောက် ပဲခူးမြို့ တွင် ၁၉၂၇ မတ်လ(၁၉)ရက် မှ (၂၂)ရက် ထိကျင်းပသော ဦးစိုးသိမ်း ဂျီစီ ဘီအေ၏ ၁၄ ကြိမ်မြောက် ညီလာခံတွင် ဆရာတော် ဦးဥတ္တမမှ တရားဟောစင်မြင့်၌ သင်္ကန်းရုံကိုလှန်ကာ အကျဉ်းသားဝတ်စုံဖြင့် အကျဉ်းသားဘဝက နေထိုင်ခဲ့ရပုံကို တကာ တကာမ ပရိသတ်များအားပြသခဲ့သည်။ 
ဆရာတော်ဦးဥတ္တမသည် အမြို့မြို့အနယ်နယ်သို့လှည့်လည်၍ ဝံသာနုတရားများ ဟောပြောရာ ၁၉၂၈ တွင် တတိယအကြိမ် အဖမ်းခံရပြန်သည်။
ထောင်မှပြန်လည်လွတ်မြောက်ပြီးနောက်အိန္ဒိယပြည် နှင့် မြန်မာပြည်သို့ ကူးချည်သွားချည်လုပ်နေရင်း“တရုတ် နှင့် ဂျပန်နိုင်ငံအကြောင်း” စာအုပ်နှစ်အုပ်ကို ဓါတ်ပုံများဖြင့် ဝေဝေဆာဆာထုတ်ဝေခဲ့သည်။
၁၉၃၅ စက်တင်ဘာလ(၉)ရက်နေ့ တွင် အိန္ဒိယအစိုးရ အက်ဥပဒေအရ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ပြည်နယ် တခု မဟုတ်တော့ဘဲ ဗြိတိသျှအင်ပါယာအတွင်း သီးခြားနိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။
 ၁၉၃၅ နိုဝင်ဘာလ( ၁၁)ရက် တွင် ရန်ကုန်မြို့ဂျူဗလီဟော၌ ပြည်လုံးကျွတ်အစည်းအဝေးကျင်းပရာ ဆရာတော် ဦးဥတ္တမ က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ တရားဟောပြောခဲ့သည်။
ထိုအစည်းအဝေးမှ အောက်ပါ ဆုံးဖြတ်ချက်များကို အတည်ပြုနိုင်ခဲ့သည်။
(၁) မြန်မာပြည်ပျက်စီးရာပျက်စီးကြောင်းဖြစ်သော ဂိုဏ်းဂဏကွဲပြား၍ သြဇာများနေမှုကို လုံးဝရပ်စေလျက် အင်အားအကြီးဆုံးဖြစ်သော မြန်မာပြည်လွတ်လပ်ရေး ညီညွတ်ရေးအဖွဲ့ချုပ်တစ်ခု တည်ထောင်ရန်။
 (၂) ဦးကွာဝိန္ဒာဓိပတိ၊ ဦးညေယျ၊ဦးဝါသဝနှင့် ဦးဥတ္တမကိုယ်တော်တို့အား ညီညွတ်ရေးကို ကြိုးပမ်းဆောင်
ရွက်ရန်အတွက် လုံးဝတာဝန်လွှဲ အပ်ရန် ဆုံးဖြတ်ချက်နှစ်ရပ် ချမှတ်ခဲ့သည်။
 ၁၉၃၆ နိုဝင်ဘာလ( ၁၀)ရက် မှ( ၁၄)ရက် ထိ မြန်မာနိုင်ငံစီရင်အုပ်ချုပ်မှုအက်ဥပဒေ (၉၁ ဌာနအုပ်ချုပ်ရေး) အရ ပထမဆုံး အောက်လွှတ်တော် ရွေးကောက်ပွဲကျင်းပခဲ့ရာ ငါးပွင့်ဆိုင်ပါတီမှ နှစ်ဦး အနိုင်ရရှိခဲ့သည်။ ဆရာတော် ဦး ဥတ္တမ အား ငါးပွင့်ဆိုင်ပါတီ၏ပင့်ဖိတ်ချက်အရ အမြို့မြို့အနယ်နယ်တွင် လှည့်လည်၍ တရားဟောပြောခဲ့သည်။
မြန်မာနိုင်ငံကို လုံးဝလွတ်လပ်သော အချုပ်အချာအာဏာပိုင်ဆိုင်သော ဆရာတော်၏ ရည်မှန်းချက်သည် တစ်စ တစ်စ  ပီပြင်လာသောအခါ အာဏာပါဝါ လိုချင်သူများသည်(ဟုမ်းရူး နှင့် ဒိုင်အာခီ) သူ့ဖက်ကိုယ်ဖက် နိုင်ငံရေး လွန်ဆွဲ အားပြိုင်မှုတွင် မလိုသူကတစ်မျိုး လိုသူကတစ်ဖုံ အမျိုးမျိုးအဖုံဖုံ ဖြစ်လာသောကြောင့် ဆရာတော်သည် ကြီးစွာ စိတ်မကောင်းဖြစ်ကာ စိတ်ထောင်း ကိုယ်ကြေ မကျန်းမမာဖြစ်လာသည်
 ဆရာတော်၏ ဘ၀နိဂုံး 
ဆရာတော်သည်ပုဇွန်တောင်မြို့နယ် ညောင်တုန်းကျောင်း၌သီတင်းသုံး၍ ဆင်းဆင်းရဲရဲ ချို့တဲ့စွာ ဖြစ်သလိုနေ၊ ဖြစ်သလို ဆွမ်းဘုန်းပေးကာ လှည့်လည်သွားလာရင်း ၁၉၃၉ သြဂုတ်တွင် သိမ်ဖြူလမ်းနှင့် ဗိုလ်ချုပ်လမ်း ထောင့်၌ မိုးသဲသဲရွာနေစဉ်အတွင်း သတိမေ့လဲကျနေသည်ကို သခင်လွင်ကတွေ့ရှိ၍ တိုးတက်ရေး သတင်း စာတိုက်မှ အ လုပ်သမားများနှင့်အတူ ဆရာတော်အား ညောင်တုန်းကျောင်းတိုက်သို့ လန်ခြားဖြင့် ပင့်ဆောင် ပို့ခဲ့ရသည်။ 
ထိုအချိန်မှစ၍ဆရာတော်သည် ကျန်းမာရေးပြန်လည် နာလန်မထူနိုင်တော့ဘဲရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ကု သခဲ့ရသည်။ ဆရာတော်သည်  မြန်မာသက္ကရာဇ် ၁၃၀၁ ခုနှစ် ၀ါခေါင်လပြည့်ကျော် (၁၁)ရက် 1939 ခုနှစ် စက် တင်္ဘာ လ(9) ရက် နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပျံလွန်တော်မူသည်၊ ဆရာတော်ရုပ်ကလပ်ကို ဆေးရုံ၌ မပုပ်မသိုးအောင် ဆေးစိမ်ကာ မှန်ခေါင်းသွင်း၍ ဆရာတော်ပျံလွန်တော်မူပြီး (၃)ရက်မြောက် စက်တင်္ဘာ(၁၁)ရက် နေ့တွင် ရန်ကုန်မြို့တော်ဝန် ဦးဘ၀င်း ဦးစီး၍ ပုဇွန်တောင် ညောင်တုန်း ကျောင်း၌ ဆရာတော်၏ အန္တိမဈာပန ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြု လုပ်ခဲ့ကြသည်၊  ပျံလွန်တော်မူစဉ် ဆရာတော်၏ သက်တော် မှာ (၆၀) နှစ် ၀ါတော်မှာ (၄၁) ရှိပြီး ငယ်ဖြူရဟန်းတော်တစ်ပါးဖြစ်သည်။ ဆရာတော်ပျံလွန်တော်မူပြီး (၉) နှစ်မျှကြာသော် ဆရာတော် မျှော်မှန်းခဲ့သော မြန်မာ့လွတ်လပ်ရေးပန်းတိုင်းကို မြန်မာတို့ အရောက်ချီတက် နိုင် ခဲ့ကြလေသည်။
ဂုဏ်ပြုခံမှုများ
ဆရာတော်ပျံလွန်တော်မူပြီး ၂ ရက်အကြာ စက်တင်ဘာလ (၁၁) ရက်နေ့တွင် ကျင်းပသော မြန်မာပြည် အောက် လွှတ်တော် အစည်းအဝေး၌ လွှတ်တော်အမတ်များ အားလုံး ဝမ်းနည်းသည့်အထိမ်းအမှတ်ဖြင့် ငါးမိနစ်ခန့် မတ် တတ်ရပ်၍ ဆရာတော်ဦးဥတ္တမအား အရိုအသေ ဂါရ၀ ပြုခဲ့ကြသည်။ ဟံသာဝတီမြေ၏ မင်းတိုင်ပင်အမတ် ဦးသင်း မောင်က တင်သွင်းပြီး လွှတ်တော် တက်ရောက်သူ မင်းတိုင်ပင်အမတ် အားလုံးက တညီတညွှတ် တည်း အတည်ပြု ကြသည်။
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ၊ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ် ကော်မတီက ထုတ်ဝေခဲ့သည့် စတုတ္ထတန်းတွင် 1988-89 ပညာသင် နှစ်အထိ မြန်မာ့သမိုင်းစာအုပ်တွင် ဆရာတော်၏ အတ္ထုပတ္တိအကျဉ်းကို ထည့်သွင်းဖေါ်ပြ သင်ကြားစေခဲ့သည်။ ရန်ကုန်မြို့တွင်လည်း ကိုလိုနီခေတ်ကပင် ရွှေတိဂုံ ဘုရား တောင်ဘက်ခြေရင်းရှိ ကန်တော်မင်ပန်းခြံကို ဆရာ တော်အား ဂုဏ်ပြုသောအားဖြင့် ဦးဥတ္တမပန်းခြံဟု ပြောင်းလဲ မှည့်ခေါ်စေခဲ့ပြီး ကဗည်းသစ် ရေးထိုးခဲ့ကြသည်။
မြန်မာ့လွတ်လပ်ရေးဗိမာန်ကြီးကို ဦးစွာပန္နက်ချခဲ့သော ကျေးဇူးရှင် အာဇာနည်ဆရာတော်ဦးဥတ္တမ အား နောင် လာ နောက်သားတွေအားလုံးအမြဲတစေသတိရကြစေရန်အတွက် စစ်တွေမြို့ သမဂ္ဂအဖွဲ့က ဦးစီးကာ 1947 ခုနှစ် စက်တင်္ဘာလ(9)ရက်နေ့တွင် အခမ်းအနားတစ်ရပ်ကို ရွှေတိဂုံခြေရင်းရှိ ပုလိပ်သမဂ္ဂ အဆောက်အဦး၌ ကျင်းပခဲ့ သည်၊ ထိုနေ့ကိုပင် ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်းကျင်းပလာကြသည်။ စစ်တွေမြို့တွင် ဦးဥတ္တမ အသင်းနှင့် ဦးဥတ္တမပန်းခြံတို့ကို တည်ဆောက်ဖွဲ့စည်းခဲ့ကြသည်၊ စစ်တွေမြို့ ဦးဥတ္တမပန်းခြံတွင် ရှိသော ဦးဥတ္တမ ကြေးရုပ်ကို 1963 ခုနှစ် ဇန်န၀ါရီလ(10) ရက် ကြာသပတေးနေ့တွင် အခမ်းအနားဖြင့် သွန်းလုပ်စိုက်ထူ ဖွင့်လှစ် ခဲ့ကြသည်။
ဆရာတော်ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးကို မှတ်တမ်းတင်သောအားဖြင့် အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ရှိ နာဂရီပရ ကျာရ် နီဆဗ အမည်ရှိသော စာပေအဖွဲ့အစည်းက ထုတ်ဝေသည့် ဟိန္ဒူဘာသာစွယ်စုံကျမ်းတွင် မြန်မာ့ လွတ် လပ်ရေး တိုက်ပွဲခေါင်းဆောင် ဆရာတော်ဦးဥတ္တမအကြောင်းကို အကျယ်တ၀င့် တခမ်းတနား ရေးသားဖေါ်ပြ ဂုဏ်ပြု ထားလေသည်။
ဂျပန်နိုင်ငံကလည်း ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ဘာသာဖြင့်  ဆရာတော်ဦးဥတ္တမအကြောင်း စာအုပ်များ ရေးသားထုတ်ဝေခဲ့ကြသည်၊  တော်လှန်ရေးကောင်စီလက်ထက်မှယနေ့တိုင်ဦးဥတ္တမပန်းခြံကို ကန်တော်မင်္ဂလာပန်းခြံဟု အမည် ပြောင်းလဲ ၍ ဦးတ္တမနေ့ကျင်းပပြုလုပ်ခြင်းကိုလည်း လုံးဝဖျက်သိမ်းလိုက်လေသည်။အမျိုး ဘာသာ သာသနာ စည်ပင်ဝပြော အောင်နှင့်  မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ရှေ့ဆောင်တိုက်ပွဲဝင်ခဲ့သော ရဟန်းသံဃာတော်များ၌  ထင်ရှားခဲ့ သော ဆရာတော်မှာ အသျှင် ဦးဥတ္တမဖြစ်သည်ကို ငြင်းပယ်ရမည်မဟုတ်သည်မှာ အမှန်ပင်ဖြစ်ပါသည်။ မြန်မာ နိုင်ငံ တွင် အမျိုး သားနိုင်ငံရေးလုပ်၍ ပထမဆုံး ထောင်ချခံရသော ပုဂ္ဂိုလ်မှာလည်း ဆရာတော် ဦးဥတ္တမပင် ဖြစ်ပေသည်။
စာကိုး
(၁) မြန်မာ့စွယ်စုံကျမ်းအတွဲ (၈) ရန်ကုန်၊ စာပေဗိမာန် ၁၉၇၅။
(၂) ဦးဘရင်(ဗမာ့ခေတ်)၊ ဆရာတော်ဦးဥတ္တမ၊ ရန်ကုန်၊ သမမိတ္တစာပေ ပ- ကြိမ် ၁၉၅၅။
(၃) သခင်လွင်၊ဦးဥတ္တမလက်ရွေးစင်၊ ရန်ကုနု မြစိန်စာပေ ပ- ကြိမ် ၁၉၆၇။
(၄) သန်းဝင်းလှိုင်၊ရုပ်ထုမှပြောသောမြန်မာ့သမိုင်းဝင်ပုဂ္ဂိုလ်ထူးများ ဒုတိယအကြိမ် ကံ့ကော်ဝတ်ရည်
စာပေတိုက်၂၀၀၇။ 
 (၅) ဦး ဇ၀န ရေး ဆောင်းပါး(အင်တာနက်)
(၆) ဒေါ်ဧဧဇံ လက်ရေးမူ(ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့)
(၇) မြန်မာဝီကီပီးဒီးယား အခမဲ့လွတ်လပ်စွယ်စုံကျမ်း (အွန်လိုင်း)
မောင်ဖြူ(ကြွီတဲကျွန်း)
(2013)
  
http://www.uottamafoundation.blogspot.com/2014/08/blog-post_76.html#more

မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် အာရှနေဝန်း အာဇာနည် ဆရာတော် အသျှင် ဥတ္တမ

ငယ်စဉ်အခါ
________
 ဆရာတော်အသျှင်ဥတ္တမ၏ဂုဏ်တော်၊စွမ်းရည်တို့ကိုသိလိုလွန်းသည့်အတွက်
ဗမာ့ခေတ် ဦးဘရင် ရေးသားသည့် ဆရာတော်အသျှင် ဥတ္တမ(လွတ်လပ်ရေးစိတ်
ဓာတ်မျိုးစေ့ချခဲ့သူ) စာအုပ်ကိုဖတ်ရှုမိသည်။ အခန်း ၁ တွင် ငယ်စဉ်ကာလ
ခေါင်းစဉ် ဖြင့် ဤသို့စတင်ရေးသားထားသည်......
  
(အင်္ဂလိပ်တို့က)ငွေနှင့်ကြေးနှင့်ဖျားယောင်းခြင်းအပြင်၎င်းတို့ဘာသာကို သင်
ကြားတတ်မြောက်သူတို့အားအလွန်မြင့်သောအဆင့်အတန်းဖြငအခွင့်အရေးပေး ကြရာ အင်္ဂလိပ်စာပေစကားတတ်မြောက်သူအလွန်နည်းပါေးသာခေတ်က တဦးတလေတတ်မြောက်လာခဲ့သော် ထိုသူသာလျှင် ဘုရားထူးခံမင်းယောကျာ်းဖြစ်သွားရပြန်၏။သို့အတွက်ကြောင့်အင်္ဂလိပ်စကား၊ အင်္ဂလိပ်စာပေကိုဘဝရှင်မင်းတုံးမင်းကြီးလက်ထက်က နိုင်ငံခြားပညာတော်သင်ဟူ၍ မလွှတ်ရသေးမီကင် ရခိုင်ပြည်၌အင်္ဂလိပ်စာတတ် ပညာရှင်များ ပထမဦးစွာပေါ်ပေါက်ခဲ့လေသည်။ 

အင်္ဂလိပ်ပညာကိုလည်းတတ်နိုင်သော မိဘများက အိန္ဒိယပြည်၊ ကာလကတ္တားသို့ ရောက်အောင်ပင်ပို့၍ သင်ကြားကြရာ အင်္ဂလိပ်အစိုးရဌာနများတွင် ရခိုင်လူမျိုးပညာရှိများကို အထူးအခွင့်အရေးပေး၍ ခန့်ထားခဲ့လေသည်။ဦးထွန်းကြံဆိုသူယခုဗမာထဲမှပထမဆုံးအိုင်စီအက်စ်ဦးကျော်မင်း၏ဖခင်သည်ဗမာထဲမှပထမဆုံးဘီအေဘီအယ်လ်ဝတ်လုံအတတ်ကိုအောင်မြင်ခဲ့သဖြင့်ရခိုင်ပြည်၌အထူးကျော်ကြားခဲ့သည်။ရခိုင်ပြည်၊ဗမာပြည်တို့တွင်ထို့သို့အင်္ဂလိပ်ပညာတတ်များရေပန်းစားကာခေတ်ရှေ့ကသွားလျက်နေသောမြန်မာသက္ကရာဇ် ၁၂၄၁ခု နှစ် သီဘောဘုရင်မန္တလေးနေပြည်တော်၌ စိုးစံလျက်ရှိနေစဉ်အခါတွင် ဦးဥတ္တမအား ဖွားမြင်ခဲ့လေသည်။ 

ပြာသိုလပြည့်ကျော်(၁)ရက် တနင်္လာနေ့သားဖြစ်ပြီး၊အမည်မှာ ပေါ်ထွန်းအောင်ဖြစ်လေသည်။ အဖဦးမြနှင့်အမိ မိအောင်ကျော်သူ ဖြစ်သည်။ မိခင်ဖြစ်သူသည် သားကြီးကိုမမွေးဖွားမီ ညအိပ်မက်ထဲတွင် -(အမလေး ကြယ်ကြီး တစ်လုံးက လှလိုက်ပါဘိ-)လို့ ဝမ်းသာအားရပြောဆိုနေစဉ် ဦးမြ နှိုးလိုက်မှ
နိုးလာပါသည်။ လင်ယောကျာ်းဖြစ်သူကမေးမြန်းကြည့်သည့်အခါ-ဤ အိမ်မက်က
ကြီးကျယ် လိုက်တာ၊ ကျမ အိမ်နောက်ဖေးက ကြမ်းပြင်မှာ လသာနေလို့ ဗိုင်းငင်
နေစဉ် ကောင်းကင်ထက်ကအလွန်တရာကြီးမားသည့်ကြယ်ကြီး တစ်လုံးမှာတဖြည်း ဖြည်းချင့်း အောက်သို့ကြွေကျလာသည့်အခါ လူတွေအများကြီး ဝိုင်းအုံလို့ကြည့်ကြတယ်။ အုတ်အုတ်ကျွက်ကျွက် လဲဖြစ်သွားတယ်။ သူတို့နှင့်အတူ ကျမလဲကြည့်ပါ တယ်။ ယင်းကြယ်ကြီးဟာ ကျမရှေ့တည့်တည့်ကိုကျလာတဲ့အခါ ကျမကကောက်ကြည့်ပြီးတော့ လှလိုက်တာ ဟေ လို့ နှုတ်ကပြောမိ သွားတယ်-လို့ပြန်ရှင်းပြပါသည်။ ဒီလိုပြောဆိုနေကြည်ကိုတဘက်အခန်းမှာအိပ်နေတဲ့ မိအောင်ကျော်သူ၏အမေ ကကြားသွားတဲ့အတွက့်- အား-ဒီ အိပ်မက်က သာမန် အိပ်မက်မဟုတ်ပါကား၊ ငါ့သမီးမှာ အလွန်တရာမြင့်မြတ်ပြီးအကျင့်သီလရှိသော သားယောကျာ်း တစ်ယောက် မွေးဖွားမည်ဟုထင်ကြောင်း၊ ဖြူဖြူဖွေးဖွေး ကြယ်တစ်လုံးဆိုသည့်အတွက် သူတော်
သူမြတ်ရဟန်းဘဝမှာပျော်မွေ့မည့် သားမြတ်ရတနာဖြစ်လိမ့်မည် လို့နိမိတ်ဖတ်ကြ
ပါသည်။

(ယင်းအချိန်က ရခိုင်ပြည်တွင် သီတင်းကျွတ်ပွဲမှာ ဝတ်ဆင်ရန်တော်သလင်း လတွင် တစ်ကြိမ်၊ သင်္ကြန်ပွဲတော်အခါဝတ်ဆင်ရန် တပေါင်းလတွင်တစ်ကြိမ်
ခြည်ရက္ကန်းယက်သည့် ပွဲသဘင် ထုံးစံရှိသည်ဟုသိရပါသည်)။

ကြီးမားမြင့်မြတ်သည့်ဘဝ
__________________

ဆရာတော်ကြီးနှင့်ပတ်သက်ပြီး နိုင်ငံတကာမှကိုယ်တွေ့မျက်မြင်ဖူးသူတို့က အဖြစ်မှန်များအပေါ်မှာ အကျယ်တဝင့်ရေးသားထားကြပါသည်။။ ဆရာတော်ကြီး၏ အမျိုးဘာသာ သာသနာအကျိုးဆောင်ရွက်ချက်များကို အကျယ်ချဲ့တင်ပြစရာ မလို၊ လူတိုင်းအသိပင်ဖြစ်သည့်အတွက် အကြောင်းအရာတခိျု့ကိုသာ ဖော်ပြပါမည်။

လူ့အခွင့်အရေးကိုစတင်ခဲ့သူ
____________________
၁၉၂ဝ-ခုနှစ်တန်ဆောင်မုန်းလတွင်ဆရာတော်သည် ကာလကတ္တားတွင်ရှိနေ
သည်။။ ဆရာတော်၏ဦးရီးတော် ဦးချင်းခိုင်နှင့်အဒေါ် ဒေါ်စံလှဖြူတို့နှစ်ဦး မျက်စိ
ရောဂါကုသရန် ကာလကတ္တားသို့ရောက်လာပါသည်။ ကာလကတ္တားက ရခိုင်ပွဲစား ကြီးအိမ်မှာတည်းခိုကြသည်။ တစ်နေ့သောအခါ ဆရာတော်သည် ကြေးနန်းစာရွက် (၁)ရွက်ကိုင်ပြီး ရယ်လို့မြူးလို့ကြွလာပါသည်။ ထိုအခြင်းအရာကိုမြင်သော အဒေါ်ဒေါ်စံလှဖြူက-ကိုယ်တော်လေး ဒီတခါ ရယ်လို့ပြုံးလို့ပါလား၊ ဘာတွေကိုသဘော ကျလို့လာပါသလဲ-လို့ မေးလိုက်ပါသည်။ ဆရာတော်က ချက်ချင်းပင် ဖြေလိုက် တာက-ဒကာမကြီး၊ ဒီတခါတော့ ငါ့ကိုယ်ငါ သေပျော်ပါပြီလို့ ဝမ်းသာအားရနဲ့
ပြုံးလို့ရယ်လို့လာတာဖြစ်တယ်-လို့မိန့်လိုက်ပါသတဲ့။ အဒေါ်က-ဘယ်လို ဘယ်လို
ဖြစ်လာပါသလဲလို့ထပ်မံမေးမြန်းတဲ့အခါ-ငါတို့မြန်မာလူမျိုးတွေ လူနဲ့သူနဲ့တူလာပြီ
လူစိတ်ရှိလာကြပြီ၊ ဒီလို လူစိတ်ရှိလာလို့ ငါ ဝမ်းသာတာပါ-လို့မိန့်တယ်လို့ဆိုပါ
တယ်။ လူစိတ်ရှိတယ် ဆိုတာက ဒီလို လေ၊ လူတွေဟာ လူ့အခွင့်အရေးဆို တာ
ဘာလဲ ဆိုသည်ကို နားလည်လာကြတယ်။ ကိုယ့်အခွင့်အရေးကို ကိုယ်သိပြီးတော့မရ ရအောင်ကြိုးစားလာတတ်သည်ကို ကိုယ်တော်က လူစိတ်ရှိတယ်လို့ ဆိုလိုတာ ဖြစ်တယ်။ဟော- အခု ရန်ကုန်မှာကျောင်းသားတွေကစပြီးတော့ အင်္ဂလိပ် ကျောင်း
တွေက သင်ပေးတဲ့ပညာကို မကျေနပ်လို့ သပိတ်မှောက်ကုန်ကြပြီတဲ့။ ကိုယ်တော် ထံက အကြံဥာဏ်တွေယူချင်လို့ ကိုယ်တော်ကို ရန်ကုန်သို့ကြွလာပါလို့ ရန်ကုန်မြို့ က တကာတွေ ပင့်လျှောက်တဲ့ကြေးနန်းစာဖြစ်တယ်။ မြန်မာနိုင်ငံသားတွေ ဒီလို
စိတ်ဓာတ်ဖြစ်လာဖို့မျှော်လင့်ပြီးကိုယ်တော်ကြိုးစားနေတာ ယခုတော့ ကြိုးစားရကျိုး နပ်ပြီ။ ဒါနဲ့ ကိုယ်တော်က သေပျော်ပြီလို့ပြောတာ-ဆိုတဲ့အခါမှ ဦးရီးနဲ့အဒေါ်တို့ရှင်းရှင်းလင်းလင်းသိသွားကြပါသည်။

ဥပဒေပြုလွှတ်တော်အမတ်တို့ထောက်ခံ
___________________________
၁၉၃၉ခု စက်တင်ဘာလ(၁)ရက်နေ့ကျင်းပသည့်ဗမာပြည်ဥပဒေပြုလွှတ်တော်
မှာမန္တလေးမြို့အိန္ဒိယအမျိုးသားရို့၏ကိုယ်စားလှယ်အမတ်မစ္စတာဂန်ဂါဆင်းက ဆရာ တော်နှင့် ပတ်သက်ပြီး တင်ပြ တင်ပြချက်ကို အမတ်အားလုံးကပင် သဘောတူထောက်ခံ ခဲ့ကြသည်ဟုသိရပါသည်-----
“ဆရာတော်ဦးဥတ္တမသည် ဤနိုင်ငံတွင် အကြီးဆုံးသောနိုင်ငံရေးခေါင်းဆောင်ကြီး
ဖြစ်တယ်လို့ ကျွန်ုပ်ပြောခဲ့သောထိုစကားရပ်သည် အပိုမပါသည့်စကားဖြစ်ပါသည်။
သူသည် မြန်မာပြည်နိုင်ငံရေးကို အစပြုလာသောပုဂ္ဂိုလ်ဖြစ်ပြီး၊မြန်မာနိုင်ငံတိုးတက်
မှုဟူမျှသည်လည်း သူ့ကိုအကြောင်းပြုပြီးမှ ပေါ်လာတာဖြစ်တယ် လို့ ကျွန်ုပ်က
ထပ်မံပြောကြားပါရစေ။”

မြန်မာအမျိုးသမီးများအတွက်ဝံသာနုရက္ခိတတရား
___________________________________

မြန်မာအချင်းချင်းကူညီကြရန် ဝံသာနုရက္ခိတတရား နှင့်ပတ်သက်၍ လည်း
ဟောကြားတော်မူခဲ့ပါသည်----
“မိန်းကလးများသည်မင်းကတော်စိုးကတော်ဖြစ်ဖို့ရန်ကိုသာရည်မှန်းပြီးဂုဏ်ပြိုင်နေကြတယ်။ ဒီလို မိန်းမတွေ စည်းမစောင့်နိုင်ကြလို့ မြန်မာတွေ ကျွန်သက်ရှည် နေ
တာ။ဘုန်းကြီးတွေကလဲ ဆွမ်းခံတော့မြန်မာအိမ်မှာခံတယ်၊ပစ္စည်းဝယ်တဲ့ခါ ရိုးကုန်တိုက်မှာ သွားဝယ်ကြတယ်။ ငါ မအူပင်မှာ ထောင်ကျတာ(၏)ဆိုတဲ့ စကား
တစ်လုံးပါမသွားလို့ ကျတာ ဖြစ်တယ်။ငါက ပြောတယ်၊မြန်မာတွေဟာ အရေးပိုင်
ဆိုရင် တော်တော်ကိုကြောက်ကြတယ်။ဝန်ထောက်၊မြို့အုပ်ဆိုရင်လဲ ကြောက်နေကြတယ်၊ ကိုယ်တို့က မဟုတ်မမှန်တာကို မလုပ်ဘဲနဲ့ပြန်မပြော ဝံ့ကြ။ ခွေးလောက်တောင် မလိမ္မာကြ။ မင်းတို့အိမ်မှာမွေးထားတဲ့
ခွေးဝင်စားပင်ဖြစ်ဖြစ်၊ အရေးပိုင် ခွေးနဲ့တွေ့ရင် ခံလို့တော့ ကိုက်ရမှာပေါ့-လို့ ငါကပြောတယ်။အဲဒီလို ပြောတာကို အရေးပိုင်က သူ့ကို ခွေးလို့ပြောရမလားဆိုပြီးတရားစွဲတာဖြစ်တယ်။အရေးပိုင်၏ခွေး
လို့ ပြောရမှာကို ငါက အရေးပိုင် ခွေး လို့ပြောလိုက်မိတာ မဟုတ်လား။”

CIDအစီရင်ခံစာ
_____________

ရန်ကုန်မြို့၊အင်းစိန် ထောက်လှမ်းရေးဌာန(CID., Burma) အစီရင်ခံစာမှာ
ဤသို့ မှတ်တမ်းတင်ထားသည်ကို ဖတ်ရှုရမိပါသည်----
“ဦးဥတ္တမသည်ထက်မြက်သောဥာဏ်စွမ်းရှိရုံမျှသာမကအင်အားကြီးမားပြီးတွန်းအားလည်း ကြီးမားလှသောပုဂ္ဂိုလ်ဖြစ်ပါသည်။ သူသည် ပြောမကုန်နိုင်
လောက်အောင်စိတ်အားခိုင်မာခက်ထန်ပြီး အလွန်အကျွံခေါင်းမာသူ တဦးဖြစ်ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရန်ကြိုးပမ်းရာတွင် ဖြစ်နိုင်သည့်နည်းလမ်းအားလုံးဖြင့် လုပ်မည့်သူဖြစ်သည်။ နိုင်ငံရေး လူထုများအတွင်း အများကြိုက်၊ ပျိုတိုင်းကြိုက် ဖြစ်နေခြင်း၊သင်္ကန်းဝတ်လျက်နေခြင်း၊ အလွန်အစွန်းရောက်သော အယူများရှိနေခြင်းစသည်တို့
ကြောင့်သူသည်မြန်မာနိုင်ငံတွင်အန္တရာယ်အကြီးမားဆုံးသောနိုင်ငံရေးဆူပူလှုံ့ဆော်သူ အစစ်အမှန်ပင်ဖြစ်နေပါသည်။”

ဆရာကြီးဂိုအင်ကာ
______________

ဆရာကြီးဂိုအင်ကာ ငယ်စဉ်ကကျောင်းမှာပညာသင်ကြားနေစဉ်အခါ ဆရာ
တော်အကြောင်းကို ဖတ်ရပါသည်။ သူ့ကိုသင်ပြသည့် ကျောင်းဆရာက ဦးဥတ္တမ
အကြောင်းကို ကဗျာတပုဒ်ရေးသားသီဖွဲ့ပေးဖူးပါသည်။ ယင်းကဗျာကို ဆရာကြီး
ဂိုအင်ကာ အမြဲတန်းမှတ်မိနေပါသည်။ကဗျာပါအတိုင်းဆရာတော်ကို ကျောင်းသား
အားလုံး လေးလေး စားစား ဂုဏ်ယူကြပါသည်အသင်သည် ---

“ထူးကဲသော ဥတ္တမ
ထိုနည်းတူ ကျွန်ုပ်တို့လည်း ဥတ္တမ ဖြစ်ပါစေ”

ဂျပန်နိုင်ငံ၏ထာဝရသမိုင်းမှတ်တမ်း
__________________________

ဆရာတော် ဦးဥတ္တမဟာ ကျိုတိုမြို့ (Kyoto)京都 တွင်ရှိသော ရိယုခိုခု တက္ကသိုလ် (Ryukoku University)龍谷 大学 တွင် ၁၉၀၆ ခုနှစ်မှ ၁၉၁၀ ခုနှစ်ထိ ဂျပန်ဘာသာကို သင်ယူရင်း၊ အင်္ဂလိပ်ဘာသာနှင့် ဟိန္ဒူဘာသာကို သင်ကြားပို့ချပေးခဲ့ပါတယ်။ (အဲ့ဒီအချိန်က တက္ကသိုလ်ရဲ့ နာမည်မှာ ဗုဒ္ဓဘာသာတက္ကသိုလ် (Bukkyo University)仏教大学 ဖြစ်တယ်ပါတယ်။)

တိုကျိုတေးခိုခုတက္ကသိုလ် (Tokyo Teikoku University) 東京帝国大学 တွင်လည်း ပါဠိဘာသာကိုသင်ကြားပို့ချပေးခဲ့ပါတယ်။

愛知県, 名古屋市千種区, 法王町2丁目5番地21. 揚輝荘
Aichi-ken, Nagoya-shi, Chitane-ku, Hōō-chō 2-5-21, Yōkisō.
Tel ; 0527594450

၁၉၁၃ ခုနှစ်တွင် ဆရာတော်ဦးဥတ္တမဟာ ညီမဖြစ်သူ မမေအိမ်စိုး အပါအဝင် မြန်မာနိုင်ငံမှ ပညာတော်သင် ကျောင်းသား ၆ ယောက်ကို ဂျပန်တွင် ပညာသင်ကြားရန် စေလွှတ်ခဲ့ပါတယ်။

ပျံလွန်တော်မူပုံ
___________
အရှင်ခေမာစာရ၊ ရဟန်းပျိုသမဂ္ဂက ၆-၉-၂ဝဝ၂ နေ့ထုတ်ဝေသည့် ရခိုင်
သတင်းစဉ် အတွဲ(၁)တွင်ဆရာတော်ကြီးပျံလွန်တော်မူရခြင်းနှင့်ပတ်သက်၍ ဆရာ တော်ကိုယ်နှိုက်ကကံဆိုးသည် လားမပြောတတ်၊ ပျံလွန်တော်မမူခင်ကဆရာတော် ကို မည်သူကမျှစောင့်ရှောက်မည့်သူမရှိပါ။ သတင်းစာတိုက်ကအပြန် သိမ်ဖြူ လမ်း ဘေးမှာ လဲနေလို့ သခင်လွင်က တွေ့သည်နှင့် သူ့ ကားဖြင့်ပင် ပင့်ယူလာပြီး
ညောင်တုန်းကျောင်းတိုက်သို့ပို့ပေးခဲ့ရသည်ဟု သခင်လွင်ကိုယ်တိုင်
ပြောဖူးကြောင်း ရေးသားထားပါသည်။ သခင်လွင်၏ ဦးဥတ္တမ မိန့်ခွန်းများနိဒါန်းတွင် သေသေ ချာချာရေးသားထားသည်ဟုဆိုပါသည်။

သမိုင်းမှတ်တမ်းများ
______________

အသျှင်ခေမာစာရ၏အတွေ့အကြုံ။ ။ ဆရာတော်ကြီးကိုဂုဏ်ပြုထားတဲ့ ဦးဥတ္တမပန်းခြံဆိုတာကိုလည်း ရောက်ဖြစ်ခဲ့တယ်။အဲဒီမှာဝမ်းနည်းစရာတခုက တော့ ဆရာတော်ရဲ့ကြေးရုပ်၊ကျောက်တိုင် တခုခုပေါ့၊အဲဒါတွေ ဘာမှမရှိဘူး။ဒါဟာနိုင်ငံတော်နဲ့ ဆိုင် သလား၊အမျိုးသားရေး၊ လူမျိုးရေးနဲ့ဆိုင်သလား ဆိုပြီး၊နည်းနည်းကလေး စပ်စု ခဲ့ပါသေးတယ်။တိတိကျကျတော့မသိရပါဘူး။ အဲဒါနဲ့ပတ်သက်လို့သိရတာကတော့ လုပ်ခွင့်မရလို့ မလုပ်တာ-ဆိုပြီး မထင်မရှားသိခဲ့ရတယ်။ပိုပြီးဆိုးတာက (၁၉၇၄) ခုမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်ဈာပန အရေးတော်ပုံဖြစ်တော့၊ နိုင်ငံတော်အစိုးရက(အာဏာသိမ်းစစ်အစိုးရ)ရေဒီယိုကနေပြီး (ကန်တော်မင်ပန်းခြံမှာဦးသန့်ရဲ့ဂူဗိမာန် ဆောက်လုပ်ခွင့်ပြုလိုက်ကြောင်း)ကြေညာချက်ပါပဲ။ နိုင်ငံတော် အစိုးရဆိုတဲ့ အာဏာသိမ်းစစ်အုပ်စုအစိုးရက ယခင်က သမိုင်းဝင်-ဦးဥတ္တမပန်းခြံ-လို့
သုံးစွဲနေတာ ဒီနေ့ ဒီအချိန်ကျမှ- ကန်တော်မင်ပန်းခြံ-လို့ ထ ကြေညာလိုက်တာ
ဟာဘာကြောင့်လဲဆိုတဲ့အဖြေဂဃနဏမသိရဘူး။နောက်ပြီးအခြေအတင် ဆွေးနွေးစရာမလိုဘဲ ဆန္ဒခံယူမှုမလုပ်ဘဲ ဖျက်သိမ်းခံလိုက်ရတာဟာ နိုင်ငံတော် သိက္ခာနှင့်နိုင်ငံတော်တခုတည်တံ့ဖို့အတွက် အင်မတန် စိုးရိမ်စရာကောင်းပါတယ်။ ပြီးတော့နိုင်ငံတော်အတွင်း သမိုင်းဝင်တာကို သမိုင်းမဝင်၊ သမိုင်း မဝင်တာကို သမိုင်းဝင်ကပြောင်းကပြန်ဖြစ်အောင် အာဏာသိမ်းစစ်အုပ်စုတစုမှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး၊
အဲဒီတုန်းက လှေနံဓားထစ် မှတ်ထားဟန်လဲရှိတယ်ထင်တယ်။ 

ချုပ်ပြောရရင်တော့ဒါဟာဦးဥတ္တမဆိုတာမရှိဘူး၊ဂုဏ်ပြုစရာလည်းမလိုဘူး၊နိုင်ငံတော်အဆင့် ဂုဏ်ပြုခံမဟုတ်ဘူးဆိုတဲ့သဘော သက်ရောက်သွားပါတယ်။ အဲဒီတုန်းက အရေးတော်ပုံခေါင်းဆောင်နေကြတဲ့ ကျောင်းသားတွေက ချက်ချင်းဆိုသလို- မြန်မာနိုင်ငံမှာကန်တော်မင်ပန်းခြံဆိုတာမရှိဘူး၊ ဦးဥတ္တမပန်းခြံဆိုတာဘဲရှိပါတယ် ဆိုပြီး၊တန်ပြန်
ကြေညာချက်ထုတ်တာကိုကြားလိုက်ရပါတယ်။ ဒီတော့ မဆလစစ်အုပ်စုကကြေညာ ထားတာ အတည်ဖြစ်သွားသလား၊ ကျောင်းသားတွေကြေညာတာ အတည်ဖြစ်သွား
သလား၊ဒီနေ့အထိ စာရေးသူ မသိဘူး။ဆရာတော်ကိုယ်နှိုက်က ကံဆိုးလေသလား မပြောတတ်ဘူး။ပျံလွန်တော်မမူခင် ဘယ်သူမှပြုစုစောင့်ရှောက်မဲ့သူမရှိဘူး။ ပျံလွန် တော်မူပြီးနောက်၊ အထိမ်းအမှတ်ပန်းခြံ၊ ကြေးရုပ်တု၊ကျောက်ရုပ်တု၊ ကျောက်တိုင်၊
လမ်း စတာတွေကို နိုင်ငံတော်က ပြုလုပ်ဂုဏ်ပြုထားတာမရှိဘူး။ ဒေသခံတွေ
အပြောအရ၊အဲဒီလိုဂုဏ်ပြုကြေးရုပ်တု၊ ကျောက် ရုပ်တု၊ကျောက်တိုင်တွေပြုလုပ်ဖို့
ကြိုးစားတာတောင် ပိတ်ပင်တာတို့၊ ခြိမ်းခြောက်တာတို့ ခံခဲ့ရတယ် ဆိုတယ်၊
အဲသလို ကံဆိုးတယ်။.......။

စစ်အာဏာသိမ်း ကန်တော်မင်ပန်းခြံ
_________________________
ဖဆပလအစိုးရ လက်ထက်က ကန်တော်မင်ပန်းခြံကို မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် အာရှနေဝန်းအသျှင် ဥတ္တမပန်းခြံအဖြစ် တရားဝင်သတ်မှတ်ပေးခဲ့သည်။တည်ဆောက်မည့် ကျောက်တိုင်ပုံစံကိုဦးဥတ္တမကျောက်တိုင်အဖွဲ့ကသတ်မှတ်ထားပြီးလျှင် ပန်းပုဆရာကြီး ဦးဟန်တင်ကိုယ်တိုင် အသျှင်ဥတ္တမရုပ်တုတော် ကိုထုဆစ်ထားပြီးဖြစ်သည်။ ဤသို့လုပ်တောင်ထားသည်ကို ဗိုလ်နေဝင်းကစစ်အာဏာ ဖြင့် ဖျက်ဆီးလိုက်သည့်အတွက် ထုလုပ်ထားပြီးသည့်ရုပ်တုတော်ကိုပင် ဝှက်ထားရ သည့်အခြေအနေသို့ရောက်သွားခဲ့သည်။ ယခုအခါ ဆရာတော်ဘုရားမှာဝှက်ထား ခံနေရသည့် ဝါးရမ်းပြေးဘဝသို့ ပျံလွန်တော်မူပြီးမှ ရောက်ရှိသွားခဲ့ရသည်။

ရခိုင်ပြည်ကကြေးရုပ်တုနှင့်ပန်းခြံ
_______________________
ရခိုင်ပြည်မြို့တော်ဖြစ်သည့် စစ်တွေမြို့တွင်အသျှင်ဥတ္တမကြေးရုပ်နှင့် ပန်းခြံ
ရှိပါသည်။ ယင်းပန်းခြံကို ဦးခေမာစာရ က ပုံဖော်ထားပုံကိုကြည့်ပါ----
“ဒီလောက်တောထူတဲ့ နေရာမှာ ကျားအဆွဲမခံရတာကို အင်မတန်ကံကောင်းတဲ့
မုဆိုးလို့တွေးမိခဲ့လို့ပါ။ဆရာတော် ဦးဥတ္တမဟာ နယ်နယ်ရရပုဂ္ဂိုလ် မဟုတ်ပါဘူး၊
တကယ့် ကျားကျားယားယားရှိတဲ့ပုဂ္ဂိုလ်မြတ်ပါ။ ယနေ့ကာလမှာတော့ ကဇာတ်ရုံ
ခန်းမတစ်ခုတည်းမဟုတ်ပါ။နေ့ကလေးထိန်းကျောင်း၊ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးရုံး၊ ယင်းရုံးကငှားစားထားသည့် ဓာတ်ပုံဆိုင် ကိုလည်းတွေ့နိုင်ပါသေးသည်။ဆရာတော်ဦးခေမာစာရက-အသက် ၁၉/၂ဝ ပတ်ဝန်းကျင်မှာ ဆရာတော်ဦးဥတ္တမဆိုတာကို ပိုပြီးအသိအမှတ်ပြုလာခဲ့မိတယ်။ ဟိုတုန်းကမူလတန်းစာအုပ်ကလေးမှာဖော်ပြထားတာဖတ်ပြီး၊ ဆရာတော်ဦးဥတ္တမရဲ့ စိတ်ဓာတ်သန္ဓေတည်ခဲ့ရသလို......လို့ ရေးထားပါသည်။ စတုတ္တတန်းမြန်မာ့သမိုင်းမှာနှစ်ပေါင်းများစွာပြဌာန်း ခဲ့သော်လည်းယခု မပါရှိတော့ပါ။

ဆရာအသျှင် ကံကောင်းလာပြီ
______________________
စစ်တွေမြို့အပါအဝင်အနယ်နယ်အရပ်ရပ်နှင့်ပြည်ပနိုင်ငံအခိျု့တွင်စက်တင်ဘာ
လ ၉ ရက်နေ့ ရောက်တိုင်း ဆရာတော် အသျှင်ဥတ္တမနေ့အခမ်းအနားကို မပျက်
မကွက်ကျင်းပလာခဲ့ကြသည်ကိုတွေ့ရသည်။ ၂ဝ၁၃ခုနှစ်ဇွန်လက ဂျပန်-မြန်မာချစ်
ကြည်ရေး အသင်းကဦးဆောင်ပြီးနိုင်ငံတကာသံအမတ်ကြီးများကိုပါဖိတ်ကြားကာ
နှစ်(၁ဝဝ)ပြည့်အခမ်းအနားကို ကျင်းပခဲ့ကြောင်းတွေ့ရပြီး၊ ၂ဝ၁၃ခု စက်တင်ဘာလ ၉ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှကြီးမှူးပြီး စိန်ရတုအကြို (၇၄)နှစ်မြောက် ဦးဥတ္တမနေ့အခမ်းအနားကို ရန်ကုန်မြို့မင်းဓမ္မလမ်းရှိ MCC ခန်းမ ကြီးတွင်စည်ကားသိုက်မြိုက်စွာကျင်း ပခဲ့ကြောင်း တွေ့ရသည်။အဆိုပါအခမ်း အနားမှ ရွှေတိဂုံစေတီတော်မြတ် တောင်ဘက်ခြမ်းရှိ ဦးဥတ္တမပန်းခြံအား ကန်တော်မင်္ဂလာ ပန်းခြံအဖြစ်အမည်ပြောင်းထားသည်ကို ဦးဥတ္တမပန်းခြံအဖြစ်ပြန်လည်သတ်မှတ်ပေးရန် တောင်းဆိုသည့် အဆိုတစ်ရပ်ကိုဆုံးဖြတ်ခဲ့ကြသည်။ ယနေ့ကာလမှာဒီမိုကရေစီ
နိုင်ငံတော်အဖြစ်ပုံဖော်နေသည့်ကာလဖြစ်ရာ နိုင်ငံတော်ကလည်း ဆရာတော်အပေါ်ပြန်လည်ကျေးဇူးဆပ်မည့်အရိပ်လက္ခဏာများတွေ့မြင်နေရသည်ဟု နိုင်ငံတော်ပိုင်းနှင့်နီးစပ်သူတစ်ခိျု့ကပြောပြ၍ ဝမ်းသာစရာဖြစ်သည်။

နောက်တစ်ခုမှာ ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြောက်ဦးမြို့တွင်ဆရာတော်၏
ကြေးရုပ်သွန်းလောင်းပြီးစီးကြောင်းသတင်းဖြစ်သည်။ ဆရာတော်၏ရုပ်တုနှင့်ပန်းခြံ များသည် ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင်(၅)ခုတွင်ဖြစ်ပေါ်လာမည် ဆိုပါကလည်း ဆရာတော်သည် ကံကောင်းလာပြီဟု ကမ္ဗည်းတင်ရမည်ဖြစ်သကဲ့သို့၊မြန်မာပြည်သူ
ပြည်သားများသည်လည်း ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင် တတ်ကြလေပြီဟု
ဝမ်းသာအားရ ချီးမွှမ်းထောပနာပြုကြရမည်ဖြစ်ပါသည်။ မည်သို့ဆိုစေ ရခိုင်ပြည်
နယ်ရှိ(၁၇)မြို့နယ်နှင့်မြို့အားလုံးတွင်ရုပ်တုနှင့်ပန်းခြံများမဖြစ်ပေါ်လာသေးသည့် တိုင်ခရိုင်မြို့(၅)ခုတွင်ဖြစ်ပေါ်လာနိုင်ပါစေ၊(၇၅)နှစ်မြောက်စိန်ရတု အခမ်းအနားကိုမြို့နယ်တိုင်း၊မြို့တိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ကြပါစေ လို့ဆုတောင်း ယင်း(၇၅)နှစ်မြောက်
မြန်မာ့လွတ်လပ်ရေးမီးရှုးတန်ဆောင် အာရှနေဝန်းဆရာတော်
ဦးဥတ္တမနေ့ကိုကြိုဆိုဂုဏ်ပြုလျှက် တင်ပြလိုက်ရပါသည်။

ခိုင်ခိုင်ကျော်
၁၇-၈-၂ဝ၁၄။

___ Narinjara News