Monday 8 September 2014

ဆရာတာ် ဦးဥတ္တမအကြောင်း


ဆရာတာ် ဦးဥတ္တမအကြောင်း
--------------------------
[[[[[ ၇၅ နှစ်ပြည့် ဆရာတော် ဦးဥတ္တမနေ့မှာ စစ်တွေမြို့ ၊ ဆရာတော်ဦးဥတ္တမပန်းခြံရှေ့တွင် ဝေငှမည့် စာအုပ်ငယ်ထဲမှာ ထည့်သွင်းရေးသားထားသည့် ဆရာတော် ထေရုပတ္တိအကြောင်းပါ။ တခြားအွင်းလိုင်းမိတ်ဆွေများလည်း ပြန်လည်သုံးစွဲ ဝေငှခွင့်ရအောင် ပြန်ရှယ်လိုက်ပါတယ်။]]]]]]


အဖအမည် - ဦးမြသာဦး
အမိအမည် - ဒေါ်အောင်ကြွသူ
မွေးဖွားသည့်ရက် - ၁၈၇၉ ခု၊ ဒီဇင်ဘာလ (၂၇) ရက်၊ တနင်္ဂနွေနေ့
လူနာမည် - ပေါ်ထွန်းအောင်
အခြားအမည် - ဆံကောက်ချေ
ရဟန်းနာမည် - ဦးဥတ္တမ
မွေးချင်းမောင်နှမ - ပေါ်ထွန်းအောင်၊ ကျော်ထွန်းအောင် ၊ မအိမ်စိုး (မွေးချင်းသုံးယောက် အကြီးဆုံးသား)
တတ်ကျွမ်းသည့် ဘာသာစကား - မြန်မာ၊ ပါဠိ၊ ဟိန္ဒူ၊ သက္ကတ၊ ဘင်္ဂလီ၊ နာဂရီ၊ အင်္ဂလိပ်၊ ပြင်သစ်နှင့် ဂျပန်ဘာသာ (ဘာသာစကား -၉မျိုး)
ရေးသားခဲ့သည် စာပေများ - ရခိုင်ပြည်တမ်းတဖွဲ့၊ ဂျပန်ပြည် အတ္ထုပတ္တိ၊ ‘ဒိန်ဒလိန်းဝတ္ထု၊ ဘုရားသခင်နှင့် စစ်သူကြီး (အခြားဆောင်းပါးများ)
ပျံလွန်တော်မူသည့် ခုနှစ် - ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်
မွေးရာဇာတိ - စစ်တွေမြို့ ၊ ရူပမြောက်ရပ်ကွက်။

ငယ်စဉ်က အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်းတွင် ပညာသင်ယူခဲ့သည်။ ကျောင်းအပ်သည့်အခါ ထုံးစံအတိုင်း သူငယ်တန်းတွင် ထားလေရာ ပေါ်ထွန်းအောင်က သူ့ကို တတိယတန်းတွင် ထားခွင့်ပြုရန် ပြောဆိုသည်။ ဆရာကြီးက အရည်အချင်းကို သိလို၍ တတိယတန်း ဖတ်စာကို ဖတ်ခိုင်းလေသည်။ ပေါ်ထွန်းအောင်က အထစ်အငေါ့မရှိ ဒိုးဒိုးဒေါက်ဒေါက် ဖတ်ပြလိုက်ရာ ဆရာကြီးမှာ အံ့သြသွားသည်။ ကျောင်းမနေသေးဘဲ ဖတ်ပြနိုင်ခြင်းမှာ အိမ်နီးချင်း သူငယ်ချင်းများထံမှ ကြိုတင်သင်ကြားထားခြင်း ကြောင့် ဖြစ်သည်။ ပေါ်ထွန်းအောင် ကြိုတင်သင်ကြားထားခြင်းကို သူ၏မိဘများပင် မသိဟု ဆိုသည်။ ကျောင်းအုပ် ဆရာကြီးက ပေါ်ထွန်းအောင်အား ဒုတိယတန်းတွင် နေခွင့်ပြုခဲ့သည်။ ကျောင်းနေ၍ (၂)နှစ်မျှ ကြာသောအခါ ပေါ်ထွန်းအောင် ပဉ္စမတန်းရောက်ပြီး ညီကျော်ထွန်းအောင် စတုတ္ထတန်းသို့ ရောက်သည်။ အတန်းတင်စာမေးပွဲ ပြီးဆုံးသောအခါ ပေါ်ထွန်းအောင်မှာ ဒုတိယပညာသင်ဆုကို အင်္ဂလိပ် မျက်နှာဖြူ ရခိုင်တိုင်းမင်းကြီး ကိုယ်တိုင် ကြွရောက်ဆုချီးမြှင့်ခြင်း ဖြစ်သည်။

ပေါ်ထွန်းအောင်မှာ ဆုကိုယူသော်လည်း ဝမ်းသာမှု မရှိခဲ့ချေ။ ညီကိုခေါ်၍ စစ်တွေမြို့ ကမ်းနားဘက်သို့ ထွက်သွားကြသည်။ ကမ်းနားသို့ရောက်သောအခါ ရရှိခဲ့သော ဆုကို ချိုးဖဲ့ဆုတ်ဖြဲပြီး ကုလားတန်မြစ်ထဲသို့ ပစ်ချလိုက်သည်။ ဤသို့ ပစ်ချပြီးသောအခါ ပေါ်ထွန်းအောင်က ညီဖြစ်သူအား ''ဒီမှာ ငါ့ညီ၊ ဆုယူရင် ပထမဆုကိုသာယူ၊ ဒုတိယတို့၊ တတိယတို့ဆိုရင် ဘယ်တော့မှ မယူနဲ့''ဟု ဆိုလေသည်။ ပေါ်ထွန်းအောင်၏ စိတ်ထားကား တကယ်ပင် မြင့်မားလှ၏။

ပေါ်ထွန်းအောင်တို့ ညီအစ်ကိုနှစ်ယောက် အတန်းတွင် ပညာသင်ကြားနေစဉ် အင်္ဂလိပ် ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါးက မွေးစားလိုသော်လည်း မိဘများက မထည့်၍ ကာလကတ္တားသို့ မလိုက်ခဲ့ရပေ။ ပေါ်ထွန်းအောင်မှာ တိုင်းတစ်ပါးတွင် ပညာသင်လိုစိတ်ရှိ၏။ ထို့ကြောင့် ဖခင်ဖြစ်သူအား ''ဖေဖေ မေမေတို့ မလွှတ်ပေမယ့် တစ်နေ့ကျ ကျွန်တော် ထွက်ပြေးပြီး နိုင်ငံခြားမှာ ပညာသင်မှာပဲ''ဟု တစ်ခါက ပြောဖူးသည်။ (၁၃)နှစ်သားသို့ ရောက်လာသော အခါ ပေါ်ထွန်းအောင်သည် နိုင်ငံခြားသို့ ပညာသင်ကြားရေးကို အထူးအာရုံစိုက်လာသည်။ ငွေရှိလျှင် ပညာသွားသင် နိုင်သည်ဟု ယုံကြည်ချက်ဖြင့် မိခင်ဘက်မှ တော်စပ်သော ဦးရီး၏ ဈေးဆိုင်တွင် ကူညီလုပ်ကိုင်ရင်း ငွေများကို စုဆောင်းခဲ့သည်။

ဦးရီးဆီမှာ အလုပ်လုပ်ပြီး ငွေစုနေစဉ် ငွေများကို ဦးရီးက ဖမ်းဆီးမိပြီး ပြန်သိမ်းသွားခဲ့သည်။ ကြံရွယ်သည့်အတိုင်း မဖြစ်ခဲ့၍ ပေါ်ထွန်းအောင်သည် ဦးရီးထံတွင်လည်း မနေ၊ မိဘများထံသို့လည်း မပြန်ဘဲ စစ်တွေမြို့၌ ပရိယတ္တိစာပေ သင်ကြားမှုတွင် ထိုအခါက အကျော်အစောဖြစ်သော ရွှေစေတီကျောင်း ဆရာတော်ထံ သွားရောက်၍ ရှေးဦးစွာ ဖိုးသူတော်အဖြစ်ဖြင့် မင်္ဂလသုတ်မှစ၊ သဒ္ဒါရှစ်စောင်နှင့် သင်္ဂြိုဟ် ကိုးပိုင်းအထိ သင်ရိုးတန်း ကုန်အောင် သင်ယူခဲ့သည်။ (၁၆)နှစ်အရွယ်ရောက်မှ မိဘများက ရှင်သာမဏေဝတ်ပေးသဖြင့် ''ရှင်ဥတ္တမ''ဟု တွင်သည်။ ရှင်ဥတ္တမသည် နက်နဲကျယ်ပြန့်သော ပိဋကတ်တို့ကို သင်အံလေ့ကျက်ရာဖြစ်သော ပခုက္ကူစာသင်တိုက် ကြီးတွင် သွားရောက် ပညာသင်ကြားလိုသဖြင့် လူဝတ်လဲ၍ ဓားတောင်ဆရာတော် ဦးဂန္ဓာနှင့် လိုက်သွားသည်။

ရှေးဦးစွာ မအူပင်သို့ရောက်၍ မအူပင်မှ ရန်ကုန်၊ ထိုမှ တောင်ငူမြို့သို့ ရောက်သည်။ ဦးဥတ္တမသည် တောင်ငူတွင် ရှင်သာဏေ စာပြန်ပွဲတစ်ခုကို ဝင်ရောက်ဖြေဆိုရာ ပထမရရှိခဲ့သည်။ သို့ကလို စာတော်သည့် သတင်းကြောင့် တောင်ငူမြို့ရှိ ပစ္စည်းဥစ္စာ ပြည့်ဝသော ရှမ်းအမျိုးသမီးကြီးတစ်ဦးက သားအဖြစ် မွေးစားကာ ကာလာကတ္တား မြို့သို့ပို့၍ ပညာသင်ကြားစေသည်။

ကာလကတ္တားမြို့တွင် သုံးနှစ်ခန့်နေပြီး အင်္ဂလိပ်ဘာသာ (၁ဝ)တန်းအဆင့်ကို အောင်မြင်ခဲ့၍ မြန်မာပြည်သို့ ပြန်လာ၏။ မြန်မာပြည်သို့ ရောက်လျှင်ရောက်ချင်း ပခုက္ကူမြို့သို့သွား၍ ရေစကြို တိုက်တွင် ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များကို ရှင်ဝတ်ဖြင့် ဆက်လက်သင်ကြားသည်။ ထိုသို့ သင်ကြားနေစဉ်ပင် ဦးဥတ္တမအား ဆွေမျိုးတော်သူ ဘုံဘေဘားမား ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပဉ္စင်းဒါယကာပြုလျက် ရဟန်းခံ ပေးသည်။ ရဟန်းခံစဉ် ဦးဥတ္တမ၏ သက်တော်မှာ (၁၉)နှစ်နှင့် (၂)လ ရှိပြီဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် နေစဉ် ဆရာဦးဥတ္တမအား ဟိန္ဒူမဟာဆပ်ဗာ အသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ထိုအသင်း ကြီး၏ ဥက္ကဋ္ဌအဖြစ် အရွေးခံရဖို့ မလွယ်ပေ။ ဦးဥတ္တမသည် နာမည်ကြီး ဟိန္ဒူခေါင်းဆောင်များဖြစ်သည့် မဒရပ် ပြည်နယ်မှ နာမည်ကျော်ခေါင်းဆောင်ကြီး ပဏ္ဍိတ်မာလဗီးယားနှင့် ယှဉ်ပြိုင်အရွေးခံရာ အနိုင်ရသဖြင့် အိန္ဒိယနိုင်ငံက ဦးဥတ္တမအား သူတို့၏ခေါင်းဆောင်ကြီးအဖြစ် အသိအမှတ်ပြုထားကြောင်း ထင်ရှားသည်။

(၁၉ဝ၄-ဝ၅)၌ ဆီးမီးခွပ်သာသာလောက်ရှိသည် ဂျပန်ကဲ့သို့ နိုင်ငံငယ်လေးများက ရုရှားကဲ့သို့ နိုင်ငံကြီးတစ်နိုင်ငံကို အနိုင်ရလိုက်ကြောင်း ကြားသိရသည့်အချိန်မှစ၍ ဂျပန်ကို အတော်အထင်ကြီးသွားသည့် အလျောက် စုဆောင်းထားသော ငွေနှင့် ဂျပန်နိုင်ငံသို့ သွားရောက်ပညာဆည်းပူးရန် ၁၉ဝ၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် ရန်ကုန်မြို့မှ စင်ကာပူသို့ သင်္ဘောဖြင့် ထွက်ခဲ့သည်။ ထိုမှတစ်ဖန် (၁၈) ရက်နေ့တွင် ဂျပန်ပြည်သို့ စင်ကာပူမှတစ်ဆင့် သင်္ဘောဖြင့် ထွက်ခွာခဲ့ရာ မတ်လ (၇)ရက်နေ့တွင် ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့သို့ ရောက်သွားသည်။ ဂျပန်သို့ ရောက်သောအခါ တိုကျိုမြို့ ဗုဒ္ဓဘာသာ သိပ္ပံကျောင်းကြီး၏ ဥက္ကဋ္ဌ အမတ်ကြီး အိုတာနီ (ထိုအခါက စက်မှုလက်မှုဝန်ကြီး)၏ အထောက်အပံ့ဖြင့် ဂျပန်ဘာသာ နှင့် စကားကို နှစ်နှစ်ခန့် သင်ယူအောင်မြင်သည်။ ဗုဒ္ဓဘာသာသိပ္ပံကျောင်းကြီး၌ နှစ်နှစ်ခန့် သင်္ကရိုက်ဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။ ဂျပန်ပြည်သို့ ရောက်ရှိစဉ်က ဦးဥတ္တမ၏ ဝါတော်မှာ ကိုးဝါမျှရှိခဲ့ပြီဖြစ်သည်။

ဆရာတော် ဦးဥတ္တမ ဂျပန်ပြည်ရောက်သွားချိန်၌ တရုတ်ခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်ကလည်း ဂျပန်ပြည်တွင် ရှိနေသည်။ ဒေါက်တာဆွန်ယက်ဆင်သည် ဆရာတော် ဦးဥတ္တမအကြောင်းကို ကြားသိရသည်ရသဖြင့် ဦးဥတ္တမထံ ကိုယ်တိုင် သွားရောက်တွေ့ဆုံပြီး ဦးဥတ္တမနှင့် စကားဆွေးနွေး ပြောကြည့်သောအခါ ဦးဥတ္တမအပေါ်တွင် အထူးလေးစားမှုရှိသွား သည်ဖြစ်၍ ဒေါက်တာဆွန်ယက်ဆင်က ဦးဥတ္တမအား တရုတ်ပြည်သို့ သူနှင့်အတူလိုက်ခဲ့ရန် ပင့်လေသည်။ ဦးဥတ္တမသည် တက္ကသိုလ်မှ ခွင့်သုံးလယူပြီးလျှင် (၁၉၁၉) ခုနှစ်၌ ဒေါက်တာဆွန်ယက်ဆင်နှင့်အတူ ဂျပန်မှ ကိုးရီးယား၊ ကိုရီးယားမှ ဆိုက်ပန်၊ ဆိုက်ပန်မှ မန်ချူးကိုး၊ မန်ချူးကိုးမှ ကျိဖု၊ ကျိဖုမှ ရှန်ဟိုင်း၊ ရှန်ဟိုင်းမှ အမွိုင်မြို့ အသီးသီးသို့ ခရီးလှည့်လည် သွားလာခဲ့လေသည်။

ဂျပန်ပြည်မှအပြန် မြန်မာနိုင်ငံသို့ ပြန်လာသည့်အခါ ကိုရီးယား၊ တရုတ်ပြည်တို့မှတစ်ဆင့် အင်ဒိုချိုင်းနားရှိ ဆိုင်ဂုံ (ယခု ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဟိုချီမင်းမြို့တော်)သို့ ဝင်ခဲ့သည်။ ဆိုင်ဂုံမြို့တွင် မင်းတုန်းမင်းတရားကြီး၏ သားတော် မြင်ကွန်းမင်းသားကြီးနှင့် သားတော်နှစ်ပါးတို့ နေထိုင်လျက်ရှိသည်။ မြင်ကွန်းမင်းသားကြီးက ဆရာတော်ဦးဥတ္တမအကြောင်းကို သတင်းစာများမှတစ်ဆင့် ကြားသိပြီး ဖြစ်ရာ အလွန်တွေ့ချင်နေ သည်။ ထို့နောက် ဆရာတော်ဦးဥတ္တမ ဆိုင်ဂုံမြို့သို့ ရောက်ရှိနေကြောင်း သိလျှင်သိချင်း မြင်ကွန်းမင်းသားကြီးက ဆရာတော်အားပင့်၍ ဆွမ်းကျွေးခဲ့သည်။ ဆရာတော် ဆွမ်းဘုဉ်းပေးနေစဉ် မြင်ကွန်းမင်းသားကြီးက ''အရှင်ဘုရား၊ တပည့်တော် ရာဇပလ္လင်ပေါ် ဖင်မထိုင်ရသမျှတော့ မြန်မာပြည်ကို မပြန်တော့ဘူး''ဟု လျှောက်ထားရာ ဆရာတော်က ''ဒကာကြီး၊ ခဲတစ်လုံးကို ရေထဲချက အသံမြည်ပါလိမ့်မည်၊ မြန်မာပြည်ကတော့ အသံမြည်တော့မည် မဟုတ်ပေ''ဟု မိန့်တော်မူရာ မြင်ကွန်း မင်းသားကြီးမှာ မျက်ရည်များပင် ကျရှာခဲ့သည်ဟု ဆို၏။

သို့ကလို ဆရာတော် ဦးဥတ္တမသည် မြန်မာပြည်အနှံ့ အတော်အသင့် နိုင်ငံရေးတရားများ ဟောပြောတော်မူ ခဲ့ပြီးနောက် (၁၉၁၂) ခုနှစ်တွင် ဂျပန်ပြည်သို့ တစ်ဖန်ပြန်ကြွသွားပြန်သည်။ နှမဖြစ်သူ ဒေါ်အိမ်စိုးနှင့် မြန်မာလူငယ် သုံးယောက်တို့ကိုပါ ခေါ်သွားကာ ပညာသင်ကြားစေသည်။ (၁၉၁၂) ခုနှစ်တွင် ဦးဥတ္တမသည် ဂျပန်ပြည်သို့ ပြန်ကြွသွားပြီးနောက် (၁၉၁၂)ခု မေလတွင် ဂျပန်ပြည်မှ မြန်မာပြည်သို့ ပေးပို့သော စာသုံးစောင်အနက် မေလ (၁၇) ရက် နေ့စွဲပါ စာတွင် ဂျပန်ပြည်နှင့် ပတ်သတ်ပြီး 'ဂျပန်ပြည် အတ္တုပတ္တိ'ဆိုပြီး စာအုပ် ရေးသား ထုတ်ဝေခဲ့သည်။ ဂျပန်များ၏ လူနေမှုစနစ်၊ စည်းကမ်းသေဝတ်မှု များကို ရေးသားခဲ့သည်။

ယခုအခါ ငါတို့သည် သူတကာထက် အစစအရာရာတွင် အောက်ကျနေသည့် အတွက် ငါတို့ဘာသာတရားသည်လည်း ဘယ်သောအခါမှ ကြီးပွားမည်မဟုတ်။ ထိုအတွက် ကျွန်ဘဝမှ လွတ်မြောက်မှာသာ ဘာသာတရားကြီးပွါးတိုးတက်လိမ့်မည်ဟု ခံယူခဲ့သည်။

၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ဦးဥတ္တမ နိုင်ငံရေးမျိုးစေ့ချပေးခဲ့သော အဟုန်ကြောင့် တက္ကသိုလ်ကျောင်း သားများ သပိတ်စတင်မှောက်ကြသည်။ ထိုစဉ်က ဘုရင်ခံမှာ အင်္ဂလိပ်လူမျိုး ဆာရယ်ဂျီနယ်ကရက်ဒေါက် ဖြစ်သည်။ ကျောင်းသားများ သပတ်မှောက်စဉ်က ဆရာတော်မှာ ကာလကတ္တားမြို့သို့ ခေတ္တကြွရောက်နေသည်။ ဆရာတော် ဦးဥတ္တမသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သပိတ်မှောက် ကြောင်းကို ကြားသိသည်နှင့် တစ်ပြိုက်နက် မီရာသင်္ဘောဖြင့် ကာလကတ္တားမြို့မှ ရန်ကုန်မြို့သို့ ကြွရောက်လာခဲ့လေသည်။

တစ်နေ့သောအခါ ဆရာတော် ဦးဥတ္တမသည် ကြေးနန်းစာရွက်ကလေးတစ်ခုကို ကိုင်ပြီး ပြုံးပြုံးရယ်ရယ်နှင့် ပွဲစားအိမ်သို့ ကြွလာသည်။ ဒွေးတော်သူ မစံလှဖြူက ''အလို- ဦးပဉ္စင်း ဒီတစ်ခါ ရယ်လို့မောလို့၊ ဘာများ သဘောကျပြီး ပြန်လာသလဲ''ဟု ဆီး၍လျှောက်ထားလေသည်။

''ဒကာမကြီး ဒီတစ်ခါတော့ ကျုပ်ကိုယ်ကျုပ် သေပျော်ပြီလို့ ဝမ်းသာအားရရှိတာနဲ့ ပြုံးလာတာပဲ''ဟု အမိန့် ရှိလေသည်။ ဒွေးတော်က ''ဘာများဖြစ်လာသလဲ''ဟု မေးရာ ဦးဥတ္တမက ''ငါတို့ ဗမာလူမျိုးတွေ လူနဲ့သူနဲ့ တူလာ ကြပြီ၊ ဒီလို လူစိတ်ရှိလာလို့ ငါဝမ်းသာလာတာပဲ''ဟု ဆို၏။
''အရင်ကတော့ ဗမာတွေဟာ လူစိတ်မရှိလို့ ခွေးစိတ်ရှိနေသလား ဘုရား'' ဆရာတော်က ''လူစိတ်ရှိတယ်ဆိုတာ ဒီလိုလေ၊ လူဟာ လူ့အခွင့်အရေး ဘာလဲဆိုတာ နားလည်လာကြတယ်၊ ကိုယ့်အခွင့်အရေး ကိုယ်သိပြီး မရ-ရအောင် ကြိုးစားတတ်ရင် ဒါဟာ လူစိတ်ရှိတယ်လို့ ဦးပဉ္စင်း ဆိုလိုတာပဲ။ ဟော- အခု ရန်ကုန်ကောလိပ်ကျောင်းသားတွေကစပြီး အင်္ဂလိပ်ကျောင်းတွေက သင်ပေးတဲ့ပညာကို မကျေနပ်လို့ သပိတ်မှောက်ကြကုန်ပြီတဲ့။

ရန်ကုန်မြို့ကနေပြီး အဲဒီကိစ္စကြီးမှာ ဦးပဉ္စင်းထံ အကြံဉာဏ်တွေ ယူချင်လို့ ဦးပဉ္စင်းကို ရန်ကုန်ကြွလာခဲ့ပါဆိုတာ ကြေးနန်းစာ အခုပဲရတယ်။ ဗမာတွေ ဒီလို စိတ်တွေဝင်စားလာကြဖို့ မျှော်လင့်ပြီး ဦးပဉ္စင်း ကြိုးစားနေတာ အခုတော့ ကြိုးစားရကျိုးနပ်ပြီ။ ဒါကြောင့် ဦးပဉ္စင်း သေပျော်ပါပြီလို့ ပြောတာ''ဟု ရှင်းလင်းတော့မှပင် ဒွေးတော်၊ ဦးရီးနှင့် ညီဖြစ်သူတို့ နားရှင်းသွားကြလေသည်။

ရန်ကုန်ကောလိပ် ပထမသပိတ်ကြီးမှာ (၁၉၂ဝ) ပြည့်နှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့၊ (၁၂၉ဝ) ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁ဝ) ရက်နေ့တွင် သပိတ်မှောက်ခဲ့သည်။ ထိုသတင်းကြးနန်းကို ရလျှင်ရချင်းပင် ဆရာတော်သည် ရန်ကုန်သို့ မီရာသင်္ဘောဖြင့် ကြွလာပြီး ဝိုင်အမ်ဘီအေခေါင်းဆောင်များနှင့် တိုင်ပင်ဆွေးနွေးသည် ဟူသတည်း။

ထိုစဉ် ဝေလမင်းသား (နောက်နန်းစွန့် အဋ္ဌမမြောက် ဂျော့ဘုရင်) မြန်မာပြည်သို့ လာမည်ဖြစ်ရာ ဝိုင်အမ် ဘီအေအသင်းမှ ကြီးမှူး၍ ဝေလမင်းသားကို မကြိုဆိုရန် သပိတ်မှောက်ကြသည်။ ခေါင်းဆောင်အချို့ကို ဖမ်းပြီး သပိတ်မှောက်လျှင် အပြစ်ပေးနိုင်သော ဘွိုင်ကောက် ဥပဒေကို ထုတ်ပြန်ခဲ့သည်။

ထိုသို့ ဘုရင်ခံ တင်းတင်းမာမာ ဆောင်ရွက်လာသော အခါ မြန်မာပြည်သူများ မကျေမနပ် ဖြစ်နေကြသော် လည်း မိမိတို့၏ ဆန္ဒကို ဖွင့်ဟထုတ်ပြခြင်း မပြုဝံ့ဖြစ်နေချိန်တွင် ဆရာတော် ဦးဥတ္တမသည် ဘုရင်ခံထံ စာတစ်စောင် ရေးပို့လိုက်လေသည်။ သူရိယသတင်းစာတွင် ''ဆာရယ် ဂျီနယ်ကရက်ဒေါက် ၊ မင်း ဗမာပြည်က ထွက်သွား''ဟု ခေါင်းစီးစာလုံးဖြင့် နှင်ထုတ်ခဲ့သည်။

ထိုစကားလုံးကို သုံးသည့်အတွက် အဖမ်းခံရမည်ကို ဆရာတော်သည် သိခဲ့သည်။ သို့သော်လည်း တို့ဗမာလူမျိုးတွေမှာ ဒီလိုပြောနိုင်တဲ့ အခွင့်အရေးရှိနေတယ်ဆိုပြီး သင်ပေးလိုက်ခြင်းဖြစ်သည်။ နောက်တစ်ခုက အစိုးရအရာရှိဆိုသော စကားမှာ အင်္ဂလိပ်ဘာသာတွင် ''ပြည်သူ့ဝန်ထမ်း''ဟူ၍ ဆိုသည့်အတိုင်း အရာရှိမဟုတ်။ ပြည်သူ့ အစေခံတွေသာဖြစ်၍ သူတို့ကို ဘာမှ ကြောက်စရာမလိုဟု လှုံ့ဆော် ရေးသားခဲ့ခြင်းလည်းဖြစ်သည်။

ဤစကားသည်ပင် ဆရာတော်၏ ရဲရဲတောက်စကားအဖြစ် ယနေ့အချိန်ထိ သမိုင်းဝင်ခဲ့သည်။ အကြောင်းမှာ ဘုရင်ခံကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရေးရဲသော အာဇာနည်ပုဂ္ဂိုလ်ထူး၏ စာကြောင့်ပင် ဖြစ်သောကြောင့်တည်း။
၁၂၈၃ ခု၊ မအူပင်ထောင်၌ ထောင်(၄)နှစ်ကျခံခဲ့ရသည်။

ထောင်စည်းကမ်းဥပဒေအရ စည်းကမ်းလိုက်နာသည်ဟု သတ်မှတ်ကာ (၃)နှစ်ကျော်သာ ခံခဲ့ရသည်။ ထောင်မှလွတ်သော အခါ ရန်ကုန်သို့ ကောင်းစွာ ပို့ပေးခဲ့သည်။ ရန်ကုန်တွင် ဆရာဦးဥတ္တမ တရားဟောသည့် နေရာတိုင်းတွင် ရဟန်း ရှင်လူပြည်သူများဖြင့် ကြိတ်ကြိတ်တိုး စည်းကားခဲ့သည်။
တစ်ခါကလည်း ဗိုလ်တစ်ထောင် တရားပွဲတစ်ခုတွင် သင်္ကန်ဝတ်ကို ချွတ်ပြီး ထောင်ဝတ်တန်ဆာများဝတ်ပြကား တရားဟောခဲ့သည်။ အင်္ဂလိပ်အစိုးရ၏ ကျွန်ဇာတ်ခင်းမှုကို ကွက်ကွက်ကွင်းကွင်းသရုပ်ပြခဲ့သည်။

ဗမာအချင်းချင်းရိုင်းပင် ဝံသာနုရက္ခတစိတ်များ မွေးဖွားရန် ဗမာအမျိုးသမီးများကို
''မိန်းမတွေဟာ မင်းကတော် စိုးကတော်ဖြစ်ဖို့ လောက်ကိုပဲမှန်းဖို့ ဂုဏ်ပြိုင်နေကြတယ်။ ဒီလို မိန်းမတွေ စည်းမစောင့်လို့ ဗမာတွေ ကျွန်သက်ရှည်နေတာ။ ဘုန်းကြီးတွေကကော ဆွမ်းခံရင် ဗမာအိမ်မှာ ခံတယ်။ ဝယ်တော့ ရိုးတိုက်မှာ သွားဝယ်တယ်။ ငါမအူပင်မှာ ထောင်ကျတာဟာ '၏'ဆိုတဲ့ စကားကလေး တစ်လုံး ပါမသွားလို့ ထောင်ကျတာပဲ။ ငါကပြောတယ်။ ဗမာတွေဟာ အရေးပိုင်ဆိုရင် သိပ်ကြောက်၊ ဝန်ထောက်၊ မြို့အုပ်ဆိုလည်း ကြောက်နေကြတာပဲ။ ဘာတစ်ခုမှ မဟုတ်တာ မမှန်တာ လုပ်နေလို့ ပြန်မပြောဝံ့ကြဘူးနော်။ ခွေးလောက်မှ မလိမ္မာဘူး။ မင်းတို့အိမ်မှာ မွေးထားတဲ့ ခွေးဝင်စားပဲဖြစ်ဖြစ်၊ အရေးပိုင်ခွေးနဲ့ တွေ့ရင် ခံတော့ ကိုက်အုံ့မှာပဲလို့ ငါက ပြောတယ်။ ဒါကို အရေးပိုင်က သူ့ကို ခွေးလို့ ပြောရမလားဆိုပြီး တရားစွဲတာပဲ။ အရေးပိုင်၏ ခွေးလို့ ပြောရမယ်ဟာ ငါက အရေးပိုင်ခွေးလို့ ပြောလိုက်မိတာကို''ဟု ပြောဆို ဆုံးမခဲ့သည်။

ညီဖြစ်သော ကိုယ်တော်အရိယာဝံသကို ဆုံးမရာတွင်
''သင်ဖြစ်ရသော လူဘဝသည် အများ၏ အကျိုးစီးပွါးသည် ဆောင်ရွက်နိုင်မှု မရှိလျှင် သင့်၏ ဘဝတန်ဖိုးသည် ဘာမျှမရှိ။ ၄င်းဘဝတန်ဖိုးကို တိုးမြှင့်လိုလျှင် သင်သည် သူတပါး၏ အကျိုးစီးပွါးကို အများဆုံး ဆောင်ရွက်ရမည်သာ ဖြစ်သည်။ သင်၏ လုပ်ငန်းနှင့် ကျင့်ဝတ်ဟူသမျှကို သင်နေ့တိုင်း စစ်ဆေးရမည်မှာ ထိုလုပ်ငန်းနှင့် ကျင့်ဝတ်တို့သည် အများ၏ အကျိုးစီးပွါးနှင့် သက်ဆိုင်သလော၊ သို့မဟုတ် ငါတစ်ယောက်တည်း၏ အကျိုးလော''
''သူတစ်ပါး၏ ရှုံးပါးမှုနှင့် အရှုက်တစ်ခုခုကို မူတည်လျက် မိမိအဖို့ အမြတ်ကို မရှာဖွေနှင့်။ သို့မှသာ စင်ကြယ်မှုသည်ဖြစ်မည်'' ဟု သွန်သင်ဟောပြတော်မူသည်။ ဆရာတော်ကိုယ်တိုင်းလည်း ဤမူအတိုင်း ကျင့်ကြံခဲ့သည်။

ဆရာတော်ကို အင်္ဂလိပ်အစိုးရက တရားဟောခွင့် ပိတ်ပင်ခြင်း၊ စည်းကမ်းချက်များသတ်မှတ်ခြင်းတို့ ပြုလုပ်သည့်ကြားမှ ''လွတ်လပ်သော ဒီမိုကရေစီနိုင်ငံတို့၌ အစိုးရ လုပ်ပုံမကောင်းလျှင် မကောင်းဟု ဝေဖန်ခွင့်ရှိသော်လည်း ငါတို့ကတော့ အစိုးရလုပ်တာ မကောင်းလျှင် ခေါင်းငုံ့ခံရမလား။ မခံဘူး၊ မခံကြနဲ့္ဒဟု စည်းရုံးလှုံ့ဆော် ဟောပြောခဲ့သည်။ ဒီမိုကရေစီစနစ်ကို အကွက်ကျကျ ထောက်ပြ ဟောပြခဲ့သည်။ ထိုအချက်နဲ့ပင် ဆရာတော်သည် ဒုတိယအကြိမ်အဖမ်းခံရလေသည်။ ဆရာတော် အဖမ်းခံရမှုနဲ့အတူ ပြည်သူတို့ စိတ်ဓာတ် တက်ကြွလာပြီး ဆူလေဘုရားအဝိုင်းတွင် လူစုလူဝေးဖြင့် ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ရလေ သည်။ ဆရာတော်အား အလုပ်ကြမ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်။

ဆရာတော်ကို တစ်ချို့ ရဟန်းတု ရဟန်းယောင်ဟု စွပ်စွဲခဲ့ကြသည်။ သို့ရာတွင် ကျန်းဂန်လာသည့်အတိုင်း ''အာဂါရာ အနာဂါရာစ၊ ဥဘော၊ အညောညနဿိတ၊ အရန္ဒယန္တိ သဒ္ဒမ္မံ၊ ယောဂက္ခေမံမနုတ္တရံ္ဒဟူ၍ ပါဋိတော်တွင် ဆိုထားသည်။ အနက်ကား လူတို့သည်လည်းကောင်း၊ ရဟန်းတို့သည်လည်းကောင်း နှစ်ဦးသော ပုဂ္ဂိုလ်တို့သည် အချင်းချင်း တစ်ဦးနှင့် တစ်ဦး အမှီသဟဲပြုလျက် နေကြကုန်၏။ ကိလေသာတို့ ကုန်ရာဖြစ်သော မြတ်နိဗ္ဗာန်ကို ရောက်စေခြင်းငှာ သူတောင်ကောင်းတရားကို ပူတွဲ၍သာ အားထုတ်ကြရာ၏။ ထို့ကြောင့် ဆရာတော်သည် ဤပါဋိအပုဒ်ကို နှလုံးမူလျှက် နိဗ္ဗာန်လမ်းကိုရောက်ဖို့ မြန်မာပြည်သူတို့ ကျွန်ဘဝမှ လွတ်မြောက်မှာ အထမြောက်မည်ဟု ခံယူလျှက် နိုင်ငံရေးကို ဝင်ပါခဲ့ရခြင်းဖြစ်သည်။

၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက် (၁၃ဝ၁ ခုနှစ် ဝါခေါင်လဆုပ် ၁၁)ရက်နေ့တွင် ဆရာတော် ဦးဥတ္တမသည် ရန်ကုန်ဆေးရုံကြီး၌ ဘဝနတ်ထံ ပျံလွန်တော်မူရာ ၊ ပျံတော်မူ၍ ၂ ရက်ကြာပြီးနောက် စက်တင်ဘာ ၁၁ ရက်နေ့တွင် ကျင်းပသော ဗမာပြည်အောက်လွတ်တော် အစည်းအဝေး၌ အမတ်များအားလုံး ဝမ်းနည်းသည့် အထိမ်းအမှတ်အဖြစ် ၅ မိနစ်ရပ်နားပြီး အရိုအသေပြုကြသည်။ သက်ဆိုင်ရာ ဆွေမျိုးများသို့ လွတ်တော်မှတ်တမ်းအရ ဝမ်နည်းကြောင့် သဝဏ်လွှာပေးပို့ကြသည်။ လွတ်တော်အမတ်များ အကျယ်တဝင့် ချီးကျူးကြ၏။

''ဆရာတော်ဦးဥတ္တမသည် ဤနိုင်ငံတွင် အကြီးဆုံးသော နိုင်ငံရေးခေါင်းဆောင်ကြီးဖြစ်တယ်လို့ ကျွန်ုပ်ပြောခဲ့သော ထိုစကားဟာ အပိုမပါသော စကားဖြစ်ပါတယ်။ သူဟာ ဗမာပြည်နိုင်ငံရေးကို အစပြုလာသော ပုဂ္ဂိုလ်ဖြစ်ပြီး ဗမာ့တိုးတက်မူဟူသမျှဟာလည်း သူ့ကို အကြောင်းပြုပြီးမှ ပေါ်လာတာပဲဟု ကျွန်ုပ်က ထပ်မံပြီး ပြောလိုပါတယ်''ဟု မစ္စတာဘန်ဂါဆင်းက ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၁ဝ ရက်နေ့တွင် ကျင်းပသော ဗမာပြည် ဥပဒေပြုလွတ်တော်၌ မန္တလေးမြို့၊ အိန္ဒိယအမျိုးသားများ၏ ကိုယ်စားလှယ်အမတ် အောက်ပါအတိုင်း ထုတ်ဖော်ပြောဆိုသည်ကို အမတ်အားလုံးကပင် သဘောကျခဲ့ကြ သည်။

ဆရာတော် မျိုးစေ့ချပေးခဲ့သော စိတ်ကြာင့်ပင် သခင်တပ်ဖွဲ့များပေါ်ပေါက်လာပြီး ဒို့ဗမာသီချင်းများ ပျံလွင့်လာခဲ့သည်။ ထိုမှ စတင်ပြီး ဗိုလ်ချုပ်အောင်ဆန်ဦးဆောင် ရဲဘော်သုံးကျိပ်တို့ ပေါ်ပေါက်လာပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေးရခြင်းမှာ ဆရာတော် ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးကြောင့်ဖြစ်လေသည်။ ဆရာတော်ဦးဥတ္တမသည် မြန်မာတင်မက အာရှတိုက်ကိုပါ မျက်စိအလင်းဖွင့်ပေးခဲ့သော ကြောင့် အာရှနေဝန်းအဖြစ် အသိအမှတ်ပြုခဲ့ကြပြီး ထိုင်းနိုင်ငံ၏ ပြဌာန်းချက် စာအုပ် ၆ တန်းတွင် ထည့်သွင်း ပြသလျှက်ရှိလေသည်။

ဝေဟင်အောင်
၅၊ ၉၊၂၀၁၄။
ကိုးကား
-သန်းဝင်းလှိုင်၏ ရုပ်ထုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ
-အေးသိန်း၏ နိုင်ငံအကျိုးပြု အဖိုးတန်ရတာနားများ
-ဗမာ့ခေတ် ဦးဘရင်၏ လွတ်လပ်ရေးစိတ်ဓာတ်မျိုးစေ့ချခဲ့သူ ဆရာတော်ဦးဥတ္တမ
-သခင်လွင်၏ ဗမာ့လွတ်လပ်ရေး မီးရှူးတန်တောင် ဆရာတော်

____Wai Hun Aung

0 comments:

Post a Comment