Wednesday 2 September 2015

ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ စစ်တွေတွင် စတင်ကျင်းပ

စံမောင်သန်း
စစ်တွေ၊ စက်တင်ဘာ ၂

၂၀၁၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့တွင်ကျရောက်မည့် ၇၆ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ် စစ်တွေမြို့ အထက ၄ မဟာပညာကျော်ခန်းမတွင် သြဂုတ်လ ၃၁ ရက်နေ့က အထက်တန်း အဆင့် ကျောင်းပေါင်းစုံ ဟောပြောပွဲ ပြိုင်ပွဲနှင့် မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကို ပြုလုပ်ခဲ့သည်။

အထက်တန်းအဆင့် ဟောပြောပွဲ ပြိုင်ပွဲဝင်သူများမှာ မအေးငြိမ်းစိုး ပန်းပျိုးလက် ကိုယ်ပိုင် အထက၊ မအေးမြတ်သဇင် အလက(၇) ကျေးပင်ကြီး၊ မဖူးပွင့်ခိုင် အထက (၁) စစ်တွေ၊ မောင်စန်းရွှေ အထက (၃) စစ်တွေ၊ မခိုင်ဆုဝေ အထက (၂) စစ်တွေ၊ မောင်စိုးလင်းထွန်း ရွှေစေတီကျောင်း သာလီစွ ပညာဒါန၊ မထွန်းနုနုခိုင် အထက (၄) စစ်တွေနှင့် မစိမ်းလဲ့မေ အထက (၆) စစ်တွေ တို့မှ ပြိုင်ပွဲဝင်ခဲ့ကြသည်။

ယင်းသို့ ဟောကြားရာတွင် ပြိုင်ပွဲဝင်သူ မအေးငြိမ်းစိုးက “အင်္ဂလိပ်ခေတ်က ငွေကြေးချမ်းသာသူများသာ အစိုးရကျောင်း တက်နိုင်ကြပါတယ်။ ဆင်းရဲသားတွေက မတတ်နိုင်ကြပါဘူး။ အစိုးရကျောင်းတက်တဲ့ လူတွေပဲ အစိုးရရာထူးတွေခန့်အပ် ခံခဲ့ရပါတယ်။ အဲ့ဒါကို ဆရာတော်ဦးဥတ္တမက အိန္ဒိနိုင်ငံလိုမျိုး ဆင်းရဲသားတွေပါ တက်နိုင်တဲ့ အမျိုးသား ကျောင်းတွေကို ထူထောင်ပေးခဲ့ပါတယ်”ဟု ဟောပြောသွားသည်။

ဆာဂျီနယ်ကရက်ဒေါက်က မာကျောပြင်းထန်သည့်အုပ်ချုပ်ရေးများနှင့် အုပ်ချုပ်လာ၍ ဆရာတော်ဦးဥတ္တမက ကရက်ဒေါက် ထွက်သွားဟု ရဲရဲတောက် ပြောဆိုခဲ့သည်ဟု သူမက ဟောပြောခဲ့သည်။

နောက်တစ်ဦး မခိုင်ဆုဝေကလည်း သေသွားသူ ကြာရင်မေ့ဆိုသော်လည်း ဆရာတော်ဦးဥတ္တမသည် ရခိုင်သားတို့ ရင်ထဲတွင် ယနေ့ထက်ထိ ကိန်းအောင်းနေဆဲပြီး ဆရာတော် ဦးဥတ္တမက ပြောခဲ့သော စကားတစ်ခွန်းမှာ အများ အကျိုးအတွက် လုပ်ဆောင်မှ လူ့တန်ဘိုး ရှိပြီး၊ လူဖြစ်ရကျိုးနပ်သည်ဟု ဟောပြောခဲ့ကြာင်း သူမက ပြောဆိုသည်။

“မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီလိုမျိုးပျင်းနေကြမယ်ဆိုရင် အင်္ဂလိပ် လက်အောက်ခံမကပဲ တချိန်ချိန်မှာ ကုလားတွေရဲ့ လက်အောက်ခံ ဖြစ်လာ လိမ့်မယ်လို့ ဆရာတော်က ဟောပြောခဲ့ပါတယ်။ ဒီနေ့ ဆိုရင်လည်း မြန်မာနိုင်ငံသူ နိုင်ငံသား တွေဟာ ဒီလိုမျိုးပျင်းနေလို့ မရတော့ဘူး၊ ကြိုးစားရတော့မယ်၊ လုံ့လစိုက်ရတော့မယ်” ဟု သူမက ဟောပြောခဲ့သည်။

မူလတန်း အဆင့် ကဗျာရွတ်ပြိုင်ပွဲတွင် စာရေးဆရာ စစ်တွေ ညိုသန့် ရေးသားသည့် " ကျောင်းသားလူငယ် အတုယူဖွယ် ငယ်စဉ်ဘ၀ ဦးဥတ္တမ" ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြရသည်ဟု သိရသည်။

ဟောပြောပွဲပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို မွန်းတည့် ၁၂ ကျော်တွင်စတင်ပြီး၊ ၂ နာရီကျော်တွင် ပြီးဆုံးခဲ့သည်။ အခမ်းအနား သို့ ဆရာ ဆရာမ များနှင့် ကျောင်းသူကျောင်းသားများ ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
___Narinjara

0 comments:

Post a Comment