Monday 8 September 2014

ဆရာတော်ဦးဥတ္တမ၏ နောက်ဆုံးခရီး

ဆရာတော်ဦးဥတ္တမ၏ နောက်ဆုံးခရီး
==========================
ဆရာတော်ပျံလွန်တော်မူသည့်အခါ မပျံလွန်မီကပင် အနီးကပ်ရှိနေခဲ့ကြသော…
*ရမ်းဗြဲနယ်မှသံဃာတော်များ
*သူရိယသတင်းစာတိုက်ပိုင်ရှင် ဦးဗကလေးနှင့် သတင်းစာတိုက်အဖွဲ့သားများ
*မင်းတိုင်ပင်အမတ် ဦးသင်းမောင်
*ဝတ်လုံတော်ရ ဦးကျော်မြင့်
*လူငယ်များဖြစ်ကြသည့် ကိုထွန်းလှိုင် ကိုဘစံ ကိုဦးစောလှ ကိုမြ(သံမဏိ) ကိုမြတ်စော(ကျောက်ဖြူ) ကိုဖော်သင် ကိုကောင်းစံရှီ ပွဲစားကြီးမောင်သာလှတို့က ဆရာတော်၏အလောင်းကို လှပကောင်းမွန်စွာ ပြင်ဆင်ပေးကြသည်။ညောင်တုန်းကျောင်းတိုက် စံကျောင်းမှာပင် ဆရာတော်အလောင်းကို ထားရှိသည်။

သူရိယသတင်းစာမှ ဆရာတော်ပျံလွန်တော်မူကြောင်း သတင်းဖော်ပြသဖြင့် ပြည်သူတစ်ရပ်လုံး သိရှိသွားကြပြီး အဖွဲ့ပေါင်းစုံ ရောက်ရှိလာကြသည်။စစ်တွေမှ ဆရာတော်ဦးပညာ ဦးဉာဏ ဦးစန္ဒ တင်းထရံဆရာတော်တို့ ခေါင်းဆောင်သည့် အဖွဲ့ဝင်၃၀၀ခန့်ပါသော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယရှိ ဆင်ဒီယားကုမ္ပဏီ၏ အကူအညီကြောင့် ပင်လယ်ကူးသင်္ဘောကြီးဖြင့် ရန်ကုန်သို့ ရောက်ရှိလာခဲ့သည်။အလောင်းထားရှိရာ ညောင်တုန်းကျောင်းတိုက်၌ ညစဉ်ညတိုင်း နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားရေး လွတ်လပ်ရေး နှိင်ငံရေး စသည့်အကြောင်းများကို ဟောပြောသည့် တရားပွဲများဖြင့် အထူးစည်ကားသည်။

ဈပနအခမ်းအနားကို ၁၉၄၀မတ်လ၂၀ရက် ညနေ၃နာရီအချိန်တွင် ပုဇွန်တောင်ရှိ ညောင်တုန်းကျောင်းတိုက်မှ ရွှေတိဂုံဘုရား ခြေတော်ရင်းသို့ ပင့်ဆောင်ကြပြီး မီသဂြိုလ်ခဲ့ကြပါသည်။ရုပ်ကလပ်တော်ကို နဂါးနှစ်ကောင်လိမ်နေသောပုံပါသည့် အခေါင်းတွင်းတွင်ထည့်၍ ကရဝိတ်ဖေါင်ပေါ်သို့တင်ကာ လွတ်လပ်ရေးအမျိုးသမီးအဖွဲ့က ကြိုးဖြင့်ဆွဲငင် ပင့်ဆောင်ပါသည်။ကရဝိတ်ဖောင်ပေါ်၌လည်း အမျိုးသမီးအဖွဲ့များက အလှည့်ကျ ဧယင်ကျူးလျှက် ရှိကြပါသည်။

((ဆရာတော်သည် မြန်မာနှိင်ငံ၌ အမျိုးသမီးအဖွဲ့များ ပေါ်ပေါက်လာစေရန် ဦးဘဘေနှင့်သခင်ကိုယ်တော်မှိုင်းတို့ကို ခေါ်ဆောင်၍ ယခင်က မော်တင်လမ်း… ယခုလှည်းတန်းလမ်းဟုခေါ်သည့် ဒေါ်စောခင်၏နေအိမ်တွင် နည်းပေးလမ်းညွှန် စတင်ဆောင်ရွက်ခဲ့သူဖြစ်သဖြင့် ဆရာတော်၏နောက်ဆုံးခရီးသို့ ရန်ကုန်ရှိအမျိုးသမီးအဖွဲ့များက ဤကဲ့သို့ ဆောင်ရွက်လုပ်ဆောင်ခွင့်ကို တောင်းဆိုလုပ်ခွင့် ရရှိခဲ့ခြင်း ဖြစ်ပါမည်။တင်နှိင်တိုး၏ ကိုလိုနီခေတ်မှ ထင်ပေါ်ကျော်ကြား မြန်မာ့အမျိုးသမီးများ စာအုပ်ပါ အချက်အလက်များမှ…))

လမ်းဘေးဝဲယာ၌ ဆရာတော်အား နောက်ဆုံးဖူးမျှော်ရန် စောင့်ဆိုင်းနေကြသည့် ပြည်သူများ ကရဝိတ်ဖောင်နှင့်အတူ တရွေ့ရွေ့လိုက်ပါနေကြသူများဖြင့် တိုးမပေါက်အောင် စည်းကာနေပါသည်။အလောင်းတော် ပင့်ဆောင်ရာ၌ ရှေ့ဆုံးမှ သံဃာတော်များ။ ထို့နောက် အောင်ဇေယျတုဦးဘိုးဘ ကိုယ်တိုင်ရေးဆွဲသော ဆရာတော်ပုံကို လှပစွာပြင်ဆင်ထားသည့် မော်တော်ယဉ်။ ၎င်းနောက်တွင်မှ ဆရာတော်အလောင်းတင် ကရဝိတ်ဖောင်တော်။ထို့နောက် အဖွဲ့အစည်းများစွာနှင့် ပြည်သူပြည်သားများက လိုက်ပါပို့ဆောင်ကြပါသည်။

လိုက်ပါပို့ဆောင်ကြသည့် အဖွဲ့အစည်းများမှာ ၂၄ဖွဲ့ဖြစ်ပါသည်။၎င်းတို့မှာ…………

(1)ရခိုင်သံဃာတော်များအဖွဲ့

(2)သာသနာ့ဝေပုလ္လ ရဟန်းပျိုအဖွဲ့

(3)စစ်တွေကိုယ်စားလှယ် ရဟန်းအဖွဲ့

(4)မြန်မာတရုတ် ဗုဒ္ဓဘာသာအစည်းအရုံး

(5)သက်ပန်ဂဠန် ဂျီစီဘီအေ

(6)သခင်ကိုယ်တော်မှိုင်းကြီးမှုးသည့် တို့ဗမာအစည်းအရုံးအဖွဲ့

(7)ကျောက်မြောင်း တို့ဗမာအစည်းအရုံး

(8)ကျောက်မြောင်း လက်ရုံးတပ်

(9)ရန်ကုန်လွတ်လပ်ရေး အမျိုးသမီးအသင်း

(10)ရန်ကုန်လွတ်လပ်ရေးအမျိုးသားအသင်း

(11)ပုညကုသလအသင်း

(12)ရခိုင်လူငယ်များအဖွဲ့

(13)ဗိုလ်တစ်ထောင် ဘတ်(စ်)ကားအသင်း

(14)ရန်ကုန်မြင်းလှည်းအသင်း

(15)သူရိယသတင်းစာတိုက်နှင့် သတင်းစာတိုက်အသီးသီးမှ မျိုးချစ်ပုဂ္ဂိုလ်များ

(16)တရုတ်-မြန်မာ သမဂ္ဂအသင်း

(17)တရုတ်လူငယ် သမဂ္ဂအသင်း

(18)တရုတ်-မြန်မာ ပေါင်းသင်းဆက်ဆံရေးအသင်း

(19)ကြည့်မြင်တိုက် အခွန်ထမ်းအသင်း

(20)ဗဟိုအခွန်ထမ်းအသင်း

(21)တာမွေလုံးဆိုင်ရာ အခွန်အဖွဲ့

(22)ဟိန္ဒူဘော်လံတီယာအသင်း

(23)ရခိုင်လူကြီးများနှင့်အမျိုးသမီးကြီးများ

(24)မျိုးချစ်ပုဂ္ဂိုလ်များနှင့် နှိင်ငံခြားတိုင်းပြည်များမှ ပုဂ္ဂိုလ်များ ဖြစ်ပါသည်။

ဆရာတော်သည် မြန်မာနှိင်ငံနှင့် မြန်မာလူမျိုးတို့အတွက် လွတ်လပ်ရေး ဖိနှိပ်ခံရမှုမှလွတ်မြောက်ရေး အကြောက်တရားပပျောက်ရေး ဝံသာနုမျိုးချစ်စိတ်ထက်သန်ရေးတို့ကို စတင်ပြုလုပ် မျိုးစေ့ချခဲ့သူဖြစ်ပါသည်။ ရခိုင်လူမျိုးဖြစ်သော်လည်း ရခိုင် ဗမာ မွန် ချင်း စသဖြင့် ခွဲခြားမနေဘဲ အားလုံးပေါင်းစုလာနှိင်မှ နယ်ချဲ့အင်္ဂလိပ်တို့ကို တွန်းလှန်မှာကို စတင်သိရှိသူဖြစ်သလို သိရှိခဲ့သလိုလည်း လက်တွေ့ကျင့်ကြံ လုပ်ဆောင်ခဲ့သူ ဖြစ်ပါသည်။မြန်မာနှိင်ငံရှိ တိုင်းရင်းသားများကို တစ်မျိုးစီအလိုက် ဘယ်လိုဘယ်ပုံဆက်ဆံရမည်၊ မည်သို့ဖိနှိပ်ထားသင့်သည်ဟု ပြောဆိုခဲ့ခြင်း စိုးစဉ်မျှမရှိဘဲ။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့၏ ပေါ်ပေါက်ရာနေရာသည် တို့ဗမာအစည်းအရုံးဖြစ်ပြီး… တို့ဗမာအစည်းအရုံးသည် ဂျီစီဘီအေအဖွဲ့၏ မျိုးဆက်သစ် အရိပ်သစ်တစ်ခုဖြစ်ပါသည်။ ဂျီစီဘီအေအဖွဲ့သည် ဘာသာရေးကို အခြေတည်ထားသည့် ဝိုင်အမ်ဘီအေမှ အသွင်းပြောင်းလာသည့် (ခွဲထွက်တာမဟုတ်) အဖွဲ့တစ်ခုဖြစ်ပါသည်။ဂျီစီဘီအေသည် နှိင်ငံရေးလိုင်းဖြစ်သဖြင့် ဝံသာနုစိတ်ဓာတ်များ နှိုးကြားလာစေရန် ပြင်းပြင်းထန်ထန် ဆောင်ရွက်ခဲ့သောကြောင့် ဂျီစီဘီအေဝံသာနုအသင်းဟုပင် ထိုခေတ်ကာလများက ခေါ်တွင်ခဲ့လေသည်။

ဆရာတော်ဦးဥတ္တမမှာ ၁၉၂၀တွင်တည်ထောင်သည့် မြန်မာနှိင်ငံ၏ ပထမဆုံး နှိင်ငံရေးအစည်းအရုံးဖြစ်သည့် `ဂျီစီဘီအေ´မပေါ်ပေါက်မှီကပင် အင်္ဂလိပ်တို့အား တစ်ကိုယ်တော်ဆန္ဒပြ ဝံသာနုတရားများဟောကြားနေပြီဖြစ်ရာ ဂျီစီဘီအေအသင်းကြီးသည် ဆရာတော်အား (ယခုကာလများ၌ NLDပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်သဖွယ်) ဘုရားတစ်ဆူမျှ အားထားယုံကြည် ဆွဲဆောင်ဆည်းပူးခဲ့ရပါသည်။

၎င်းကို မောင်ဇနိယရေးသားသည့် သုတပဒေသာစာအုပ် စာမျက်နှာ၁၈၈၌ တစ်စွန်းတစ်စမျှတွေ့ရှိရပါသည်။ရေးထားပုံမှာ…… ``၁၉၂၄ခုနှစ်တွင် မန္တလေး၌ ဆရာတော်ဦးဥတ္တမကြိုဆိုပွဲကို ဝံသာနုများ ကျင်းပသည်။စီတန်းလှည့်လည်သည်။ထိုအချိန်တွင် ၂၁ဦးနှင့် အခြားညီညွတ်ရေးအစည်းအဝေး ကျင်းပခိုက်ဖြစ်ရာ ပဋိပက္ခမဖြစ်စေရန် ပုလိပ်က ခပ်ကြမ်းကြမ်းတားသည်မှ ရိုက်ပွဲဖြစ်ပွားရာ ရဟန်းတော်တစ်ပါး ပျံလွန်တော်မူသည်။ ဦးဥတ္တမသည် ဝံသာနုရဟန်းတော်ဖြစ်၍ ဘုရားတစ်ဆူမျှ တန်ခိုးကြီးခဲ့သည်။ ပုဒ်မ၁၂၄(က)ဖြင့် တရားစွဲ ခံခဲ့ရသည်။ရန်ကုန် ဗန္တုလပန်းခြံတွင် အရေးပိုင်အမိန့်ကိုဖီဆန်၍ လူထုစည်းဝေးပွဲကိင်းပသဖြင့် ဂေါ်ရာပုလိပ်တို့က ဒုတ်နှင့်ရိုက်ကာ လူစုခွဲခဲ့သည်´´ဟု တိုတိုတုတ်တုတ် ရေးသားထားပါသည်။

သို့သော် ဤလိုပုဂ္ဂိုလ်မျိုးအတွက် ကျွန်တော်တို့မြန်မာနှိင်ငံသည် လွတ်လွပ်ရေးရပြီးချိန်တွင်ကား ရန်ကုန်မြို့တွင် ဆရာတော်အား ဂုဏ်ပြုထားရှိခဲ့သည့် ပန်းခြံနှင့်ရုပ်ထုများကို ဖြိုဖျက်အမည်ပြောင်းခြင်းများဖြင့်သာ သမိုင်းမှေးမှိန်အောင် ပြုလုပ်ခဲ့လေတော့သည်။

ဆရာတော် ရခိုင်လူမျိုး ဖြစ်ခဲ့တာဟာ ဘာများအမှားပါနေလို့လဲ အစိုးရလူကြီးမင်းများရေ……။

((ပိုစ့်ပါစာအများစုသည် ဂေါယာမြေစောဝင်း၏ ဆရာတော်ဦးဥတ္တမ၏ နောက်ဆုံးခရီးဈာပနာ ဆောင်းပါးမှဖြစ်ပါသည်။))

____ HA DA YA

No comments:

Post a Comment