အင်္ဂလိပ်ကိုလိုနီလက်အောက်ခံနိုင်ငံတွေက ဂျော့ဘုရင်နေတနှုန်းဆိုပြီး ဘင်္ဂလိပ်ဘုရင်ကို ဘုန်းတော်ဘွဲ့တွေ သီကျူးရေးသားနေကြရချိန်မှာ ဆရာတော်ဦးဥတ္တမက ``ကရက် ဒေါက် ဂက်ဒေါက်´´ဆိုပြီး ဘုရင်ခံကို ပြောခဲ့တာဗျ။ အဲဒီအချိန်တုန်းက အဲဒီလို ပြောနိုင်တဲ့အစွမ်းသတ္တိဆိုတာ ဘယ်နိုင်ငံရေးသမားမှ မပြောနိုင်တဲ့အရှိန်အ၀ါမျိုးပေါ့။ အဲဒီအချိန်မှာ ဦးဥတ္တမက တစ်ခါတည်း ရှေ့တန်းထွက်ပြီးတော့ကို ပြောခဲ့တာ။ အဲဒီလိုပြောခဲ့တဲ့ ဦးဥတ္တမဟာ သူ့အသက် (၃၁) နှစ်က အိန္ဒိယနိုင်ငံကို သွားပြီး ဂန္ဒီတို့ နေရူးတို့ အိန္ဒိယနိုင်ငံရေးခေါင်းဆောင်တွေ နိုင်ငံရေးကို ဘယ်လို လုပ်ကြသလဲဆိုတာကို လေ့လာတယ်။
အဲဒီအကြောင်းတွေကို ရာဟုလာသံကိစ္စည်းတို့နဲ့ အပြိုင်ပေါ်ထွန်းခဲ့တဲ့ ဘိက္ခုအာနန္ဒာကောသလ္လယနဆိုတဲ့ ဟိန္ဒီစာပေပညာရှင်က မဟာမိဂဒါဝုန်က ဟိန္ဒီဘာသာနဲ့ထုတ်တဲ့ ဓမ္မဒူတဆိုတဲ့ မဂ္ဂဇင်းထဲမှာ ဘိက္ခုဥတ္တမဆိုပြီး ဆောင်းပါးရေးခဲ့ဖူးတယ်။ အဲဒီဆောင်းပါးထဲမှာ ဘယ်လိုရေးထားသလဲ ဆိုတော့ အိန္ဒိကို ဦးဥတ္တမ ရောက်လာစမှာ သူက ဟိန္ဒူဘုန်းကြီး။ ဒါပေမယ့် ဟိန္ဒူဘုန်းကြီးဖြစ်တဲ့သူက ဗုဒ္ဓဘာသာထဲဝင် ရဟန်းခံပြီးတော့ သီဟိုဠ်ကို သွားဖို့ စိတ်ကူးတယ်။ အဲဒီလိုမသွားခင် ဦးဥတ္တမနဲ့တွေ့တော့ ဦးဥတ္တမက `လာ…ငါ့နောက် လိုက်ခဲ့´ဆိုပြီး ခေါ်သွားတယ်။ သူက ဦးဥတ္တမရဲ့ ကိုယ်ရေးအရာရှိလိုနေခဲ့တယ်။ ဦးဥတ္တမ အိန္ဒိယကို ရောက်စချိန်မှာ ဟိန္ဒူမဟာစပါနဲ့ ကွန်ဂရက်ပါလီမန်ဆိုပြီး အသင်းအဖွဲ့ကြီးနှစ်ခုရှိတယ်။ ဘယ်သူတွေနဲ့ ပြိုင်အရွေးခံရသလဲဆိုတော့ နေရူးတို့ရဲ့အဖေ မိုတီပါလာလနေရူးတို့နဲ့ အပြိုင်အရွေးခံခဲ့ရတာ။ အဲဒီပုဂ္ဂိုလ်ကြီးတွေ မရဘဲနဲ့ ဦးဥတ္တမ ရသွားတယ်။
နောက် ဦးဥတ္တမက ဟိန္ဒူမဟာစပါအသင်းရဲ့ဥက္ကဋ္ဌအပြင် ကွန်ဂရက်ပါလီမန်ရဲ့ အမှုဆောင်လည်းဖြစ်သွားတယ်။ အဲဒီလိုကို သူက ထွန်းထွန်းပေါက်ပေါက် ဖြစ်သွားတယ်။ အဲဒီလိုသူ ဥက္ကဋ္ဌဖြစ်ပြီးချိန်မှာ ဘာပြဿနာပေါ်လာသလဲဆိုတော့ အဲဒီအချိန်တုန်းက ဗုဒ္ဓဂါယာကို မဟန့်ဆိုတဲ့ ဟိန္ဒူဘုန်းကြီးတွေရဲ့ အကြီးအမှူးတွေက ထိန်းချုပ်ထားတယ်။ အဲဒီမှာ ဗုဒ္ဓဘာသာဝင်တွေက အဲဒီနယ်မြေကို ပြန်ရအောင် ကြိုးစားနေတဲ့ကိစ္စက ဟိန္ဒူမဟာစပါအသင်းဆီကို ရောက်လာတယ်။ ရောက်လာတော့ ဥက္ကဋ္ဌဖြစ်နေတဲ့ ဦးဥတ္တမက ဘာပြောသလဲဆိုတော့ ခြင်္သေ့မင်းနဲ့ ယုန်မင်းပုံပြင်လေးကို ပြန်ပြောပြပြီး ငါလည်း ဒီကိစ္စမှာ နှာစေးနေတယ်ကွာဆိုပြီး အစည်းအဝေးခန်းမထဲက ထွက်သွားတော့ မိုတီပါလာလနေရူးတို့လူကြီးတွေ အံ့သြပြီး ကျန်ခဲ့ကြတယ်။ အဲဒီအကြောင်းလေးတွေလည်း ထည့်ရေးထားတာတွေ့ရတယ်။
နောက်တစ်ခုက ဒေလီမှာ သူဌေးကြီးတွေရှိတယ်။ သူဌေးကြီးတွေက ဦးဥတ္တမကို ဆွမ်းပင့်ကျွေးတယ်။ ကျွေးတော့ သူတို့က ဦးဥတ္တမ အားရကျေနပ်အောင်ဆိုပြီး သူတို့ချိတ်ထားတဲ့ ကရီသျှနတို့ ရာမတို့ ဗုဒ္ဓတို့ ပုံတွေပြပြီး ``ဒီမှာ ဆရာတော် ဒီပုံတွေ ရှိပါတယ်ဆိုပြီး ပြောတော့ ဦးဥတ္တမက ဘာပြောသလဲဆိုတော့ ဒီကရီသျှနတို့ ရာမတို့ဆိုတာက ကာမဘောဂီ (ကာမဂုဏ်ကို ခံစားနေတဲ့) လူတွ။ အဲဒီလိုလူတွေကြားထဲမှာ ဗုဒ္ဓကို မင်း အတူတူထားရသလား´´ဆိုပြီး အပြစ်ပြောတော့ ဆွမ်းပင့်ကျွေးတဲ့ သူဌေးတွေ ပါးစပ်အဟောင်းသားဖြစ်သွားတယ်။
ကျွန်တော့်အနေနဲ့ အိန္ဒိယမှာနေတုန်း အဲဒါတွေကို ဖတ်လာပြီးတော့ မြန်မာပြည်ပြန်ရောက်လာပြီးချိန်မှာ ဆရာတော်ဦးဥတ္တမကို နဂိုကလည်း ကြည်ညိုရင်းစွဲရှိနေတော့ သူ့အကြောင်းကို အများကြီးလေ့လာတယ်။ လေ့လာတော့ အင်္ဂလိပ်လက်ထက်ပြီးစက ရန်ကုန်မြူနီစပါယ်ဥက္ကဋ္ဌ ဦးမင်းအိုဆိုသူလက်ထက်မှာ ရွှေတိဂုံဘုရားတောင်ဘက်မှာ ဦးဥတ္တမပန်းခြံဆိုပြီး လုပ်ခဲ့တယ်။ ရုပ်တုကြီးလည်း တည်ထားခဲ့တယ်။ အဲဒီနောက် တော်လှန်းရေးကောင်စီတက်လာတော့ အဲဒီပန်းခြံကို ကန်တော်မင်ပန်းခြံလို့ အမည်ပြောင်းလိုက်တယ်။ အဲဒီနောက်မှာ ဦးဥတ္တမရဲ့ ရုပ်တုကြီးကို ပန်းခြံနဲ့မနီးမဝေးက ခြံတစ်ခုရဲ့ ခြုံပုတ်ထဲရောက်နေတာ တွေ့ရတယ်တဲ့။ အဲဒီရုပ်တုကြီးကို ပန်းပုဆရာတော်တစ်ယောက် ထိန်းသိမ်းထားသေးတယ်လို့ သိရတယ်။
ဦးဥတ္တမအကြောင်းတွေ ကျွန်တော် အတော်များများ ရေးခဲ့ပါတယ်။ နောက် ရှစ်လေးလုံးဖြစ်လာတော့ အဲဒီထဲမှာ ဘုန်းကြီးတွေ ပါလာတော့ အဲဒီနောက်ပိုင်းမှာ ဘုန်းကြီးနဲ့နိုင်ငံရေး မပတ်သက်ရဘူး၊ ဘုန်းကြီးတွေ နိုင်ငံရေးမလုပ်ရဘူး၊ ဘုန်းကြီးတွေ နိုင်ငံရေးလုပ်တဲ့အကြောင်းတွေလည်း မရေးရဘူးဆိုပြီး ပေါ်လစီချမှတ်လိုက်တော့ ဦးဥတ္တမအကြောင်းတွေ ရေးလို့မရဘူးဖြစ်သွားတယ်။ ဒီအစိုးရက အခြေအနေပေါ် မူတည်ပြီး ပေါ်လစီ ချမှတ်တာမျိုးကိုး။
နောက် ကျွန်တော် စစ်တွေကိုရောက်တော့ ဦးဥတ္တမအကြောင်း ဟောပြောမယ်လို့ ကြေညာလိုက်တော့ ဘုန်းကြီးတွေ အများကြီး လာနားထောင်ကြတယ်။ လူတွေကလည်း ပြည့်ကြပ်သွားတာပဲ။ အဲဒီမှာ ဦးဥတ္တမအကြောင်း ကျွန်တော်သိတာတွေ ပြန်ပြီးပြောတယ်။ ဦးဥတ္တမက ဇာတ်သိမ်းသိပ်မကောင်းဘူးတဲ့။ နောက်ပိုင်းကျတော့ ဦးနှောက် နည်းနည်းထိခိုက်သွားတယ်။ ဦးဥတ္တမကို အပုပ်ချချင်တဲ့သူတွေက ဦးဥတ္တမဟာ ဦးနှောက်ပျက်တယ်လို့ ပြောကြတယ်။ ဦးဥတ္တမ အဲဒီလိုဖြစ်တာ ဘာကြောင့်လဲဆိုတော့ ဦးဥတ္တမက သိပ်မျှော်လင့်တာ၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ဆိုတဲ့ ဦးတည်ချက်တစ်ခုတည်းရှိတာ။ အဲဒီဦးတည်ချက်နဲ့ လုပ်နေချိန်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးခေါင်းတွေ ငါးပွင့်ဆိုင်တို့ ဦးချစ်လှိုင်တို့ အဖွဲ့တွေက သူမျှော်လင့်သလို လွတ်လပ်ရေးအတွက် စောက်ချမလုပ်ဘဲနဲ့ ငါးထောင်စားရာထူးတွေ ယူသွားတော့ သူအရမ်းစိတ်ထိခိုက်သွားတယ်။ အဲဒါကြောင့် အဲဒီလိုဖြစ်တာပဲဆိုပြီး ပြောပြတော့ စစ်တွေလူထုက သိပ်သဘောကျကြတာပဲ။
နောက် စစ်တွေလူထုကို ဘာပြောခဲ့သလဲဆိုတော့ ဦးဥတ္တမရဲ့ ထေရုပတ္တိ ခိုင်ခိုင်ခန့်ခန့် မရှိသေးဘူး။ ဘုန်းကြီးတွေက ကြီးမှူးပြီး ပြုစုကြရင် ကောင်းမယ်လို့ ပြောတော့ သူတို့က ဆရာပဲ ရေးပေးပါဆိုပြီး တာဝန်ပြန်ပေးတယ်။ ပြန်ပေးသော်လည်းပဲ ဒီရောက်လာတော့ ရေးလို့မဖြစ်ပြန်ဘူး။ ရေးပြီးရင် ထုတ်ဝေဖို့ ကိစ္စတွေက ရှိလာဦးမှာကိုး။ အဲဒီလို အကြောင်းတွေကြောင့် မရေးဖြစ်ပေမယ့် အချက်အလက် စုဆောင်းထားတာတွေရှိတယ်။ အဲဒါတွေကို ရခိုင်သံဃာတော်တစ်ပါး အိန္ဒိယမှာ ပညာသင်ပြီး သူကျမ်းပြုစုချင်လို့ ဦးဥတ္တမနဲ့ ပတ်သက်တာတွေ မျှဝေပါဆိုတော့ သူ့ကိုပေးလိုက်တယ်။ ရေးဖြစ်လား မရေးဖြစ်လားတော့ မသိဘူး။ စုဆောင်းထားတာတွေကိုတော့ အခုထိပြန်မပို့သေးဘူး။
မြန်မာစာပေပညာရှင်တစ်ဦး
No comments:
Post a Comment